Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၄.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ၂၅ နှစ်ကြာပြီးနောက် ဂျပန်က မြန်မာကို ငွေပြန်ချေးတော့မည်

(Japan Today မှ 24 Feb 2011 ရက်စွဲပါ Japan to Resume Myanmar loans after 25 years သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ၂ဝ၁၂ စီးပွားရေးညီလာခံတွင် ပြည်ပစီးပွားရေး အသိုင်းအဝိုင်းနှင့် တွေ့ဆုံရန် မြန်မာကုမ္ပဏီများ စိတ်ဝင်စား

(Bernama News မှ 23 Feb 2012 ရက်စွဲပါ Myanmar firms to meet foreign delegates at Myanmar Business Conference 2012 ကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************************

၂၅ နှစ်ကြာပြီးနောက် ဂျပန်က မြန်မာကို ငွေပြန်ချေးတော့မည်

(Japan Today မှ 24 Feb 2011 ရက်စွဲပါ Japan to Resume Myanmar loans after 25 years သတင်းကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နိုင်ငံသည် ရာစုနှစ် တစ်စိတ်(သို့)၂၅နှစ်အကြာတွင် မြန်မာနိုင်ငံအား ငွေချေးခြင်းကို ပြန်လည် စတင်ရန် ဆောင်ရွက်နေပြီဟု ကြာသပတေးနေ့ သတင်းတစ်ရပ်တွင် ဖော်ပြထားရာ၊ အပယ်ခံစည်းဝိုင်းထဲမှ နိုင်ငံကို ပြန်လည် ဆွဲခေါ်နေသော နိုင်ငံတကာ အသိုင်းအဝိုင်း၏ နောက်ဆုံး လှုပ်ရှားမှု တစ်ခုဟု ဆိုနိုင်ပေသည်။

ဆိပ်ကမ်းများနှင့် ရထားလမ်းများကဲ့သို့သော အခြေခံအဆောက်အဦစီမံကိန်းများတွင် သုံးစွဲရမည့် ချေးငွေ အစီအစဉ် ပြန်လည် စတင်ရေးနှင့်ပတ်သက်၍ လာမည့်ဧပြီလကုန် ထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရရှိရန် တိုကျိုက မျှော်လင့်ထားသည်ဟု ဂျပန် Nikkei သတင်းစာက ဆိုသည်။

၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင် မြန်မာနိုင်ငံ၌ ပြန်မဆပ်ရသေးသော ကြွေးမြီများ တောင်လိုပုံလာခြင်းနှင့် ပတ်သက်၍ တိုကျိုက စိုးရိမ် ပူပန်နေချိန်တွင် ပေါ်ထွက်လာခဲ့သော ဒီမိုကရေစီလှုပ်ရှားမှုများကို မြန်မာ့တပ်မတော်က အကြမ်းဖက်နိုမ်နင်းကာ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံက မြန်မာ အစိုးရအား တရားဝင်ငွေချေးခြင်းမပြုတော့ပေ။

ဂျပန်နိုင်ငံသည် အနောက်အင်အားကြီးနိုင်ငံများကဲ့သို့ မဟုတ်ဘဲ မြန်မာအစိုးရနှင့် ကုန်သွယ်ခြင်းတို့ကို အမျှင်မပြတ်အောင် ထိန်းသိမ်းထားခဲ့ပြီး၊ အာဏာရ တပ်မတော်အစိုးရအပေါ် တင်းမာလွန်းပါက မြန်မာအစိုးရအား နိုင်ငံရေးအရ အားမြှောက်ပြုလုပ်နေသော ကုန်သွယ်ဖက် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ပိုမိုနီးစပ်သွားနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကဲ့သို့ပင် မြန်မာတို့၏ အိမ်နီးချင်း ထိုင်းနိုင်ငံသည်လည်း ဖွင့်ကာနီးတံခါးဝတွင် အသင့်ခြေချ နေရာ ယူထားပြီး ထိုင်းကုမ္ပဏီများသည် လက်ရှိမြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်၊ ရေနက်ဆိပ်ကမ်းနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင် ပါဝင်လုပ်ကိုင်နေကြသည်။

၂၀၀၃ ခုနှစ်တွင် ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်အစိုးရက နောက်ဆုံးအကြိမ် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းတွင် ဂျပန်နိုင်ငံက လူသားချင်းစာနာသော အရေးပေါ် အကူအညီများကို ဆက်လက် ပေးအပ်ခဲ့သော်လည်း ပုံမှန်စီးပွားရေးအထောက်အပံ့များကို ရပ်ဆိုင်းပစ်ခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ အရပ်ဖက်အစိုးရကို ရွေးကောက်တင်မြှောက်ပြီး နောက်ပိုင်း သိသာထင်ရှားသော အပြောင်းအလဲများကို စတင်ပြုလုပ်လာခဲ့သည်။ ထို့နောက်ပိုင်းတွင် မြန်မာအစိုးရသည် အကဲခတ်လေ့လာသူများ အံ့အားသင့်လောက်အောင် အပြောင်းအလဲများ တသီတတန်း ပြုလုပ်ပြခဲ့ပြီး၊ ယခင်အစိုးရ၏ ရန်ဘက်ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပင်မနိုင်ငံရေး ရေစီးကြောင်းထဲသို့ ပြန်လည်ခေါ်ယူခဲ့ကာ နိုငိငံရေးအကျဉ်းသားများကိုလည်း အရေအတွက် ရာနှင့်ချီကာ ပြန်လွှတ်ပေးခဲ့သည်။

ထိုကဲ့သို့ အစိုးရ၏ ဖြေလျော့ပြောင်းလဲမှုများကြောင့် NLD ပါတီသည်လည်း လာမည့် ဧပြီလကြားဖြတ် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မဲဆွယ်စည်းရုံးမှုခရီးစဉ်များ လှည့်လည်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကြွေးမြီပြဿနာဖြေရှင်းမှုနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲလွတ်လပ်မျှတမှုတို့အပေါ် မူတည်ပြီး ချေးငွေအစီအစဉ် စတင်မှုကို တိုကျိုက ပြုလုပ်လိမ့်မည်ဟု ဂျပန် Nikkei သတင်းစာက ရေးသားထား သည်။

******************************************************************************

၂ဝ၁၂ စီးပွားရေးညီလာခံတွင် ပြည်ပစီးပွားရေး အသိုင်းအဝိုင်းနှင့် တွေ့ဆုံရန် မြန်မာကုမ္ပဏီများ စိတ်ဝင်စား

(Bernama News မှ 23 Feb 2012 ရက်စွဲပါ Myanmar firms to meet foreign delegates at Myanmar Business Conference 2012 ကို ဘာသာ ပြန်ဆိုသည်)

ရန်ကုန်တွင် လာမည့်မေလ ၁၅ မှ ၁၉ ရက်ထိ ကျင်းပမည့် ၅ ကြိမ်မြောက် မြန်မာ့စီးပွားရေးညီလာခံတွင် နိုင်ငံခြား ကုမ္ပဏီများနှင့် တွေ့ဆုံကာ စီးပွားရေးအလားအလာများကို တီးခေါက်စူးစမ်းရန် မြန်မာကုမ္ပဏီများက စိတ်ဝင်တစား မျှော်လင့်နေကြသည်ဟု သိရသည်။

အဆိုပါညီလာခံကို ကမကထပြုစီစဉ်သော Foreign Recruitment Centre Pte Ltd.(FRC) မှ ဦးဆောင် ဒါရိုက်တာ Willian Tan က "ယင်းညီလာခံသည် နိုင်ငံခြားစီးပွားရေး အသိုင်းအဝိုင်းအတွက် အလွတ်ခံ၍ မရသော ပွဲတစ်ခုဖြစ်သည်" ဟု ဆိုသည်။ ယနေ့ပင် မြန်မာနိုင်ငံမှ ပြန်ရောက်လာသော Willian Tan က "ရန်ကုန်မြို့လမ်းတွေပေါ်မှာ ဘာတွေရှိသလဲ၊ မြို့တော်ရဲ့လှုပ်ရှားပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို ရင်းနှီးမြှုပ်နှံနိုင်မလဲ ဆိုတာတွေကို ကိုယ်တိုင်ရှာဖွေ ဆုံးဖြတ်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ အများကြီး ရှိနေပါလိမ့်မယ်" ဟု ပြောကြားလိုက်သည်။

"ဒီပွဲမှာ မိတ်ဆွေဖွဲ့တာ၊ အချိတ်အဆက်လုပ်တာ စတဲ့ ကိစ္စတွေအပြင် မြန်မာကုမ္ပဏီတွေအတွက်လည်း စီးပွားရေးအခွင့်အလမ်းရှာဖို့အတွက် အပြန်အလှန် လာရောက် လေ့လာကြဖို့ ရည်ညွှန်းစာ (သို့မဟုတ်) နားလည်မှု စာချွန်လွှာတွေ ရအောင် ဆောင်ရွက်ကြပါလို့ ကျွန်တော်တို့ နိုင်ငံခြား လုပ်ငန်းရှင်တွေကို တိုက်တွန်းပါတယ်" ဟု Tan က ဆိုသည်။

"ကျွန်တော်တို့ရဲ့ အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံအမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာနကလည်း စာတမ်းတွေ ဖြန့်ဝေဖို့၊ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့အတွက် တခြားဝန်ကြီးဌာန ၁၂ ခုနဲ့ ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်" ဟု Tan က အသိပေးပြောကြားသည်။ ပူးပေါင်း ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများထဲတွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စသည်တို့ ပါဝင်သည်ဟု သိရှိရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရာ၌ သိထားရမည့်အချက်များကို ရှင်းလင်းပြောဆိုမည့် ပုဂ္ဂလိက ကဏ္ဍမှ ဆွေးနွေး ဟောပြောသူများလည်း ပါဝင်လိမ့်မည်ဟု ဆိုသည်။ ယင်းအစီအစဉ်များတွင် တစ်ရက်ပြီးတစ်ရက် ဖြေရှင်းရမည့် စိန်ခေါ်မှုများ၊ ပြည်တွင်းစီးပွားရေးရပ်ဝန်း၊ စီးပွားရေးဆိုင်ရာ အလေ့အထ၊ ဒေသခံမန်နေဂျာနှင့် ဝန်ထမ်းများကို ကိုင်တွယ်ခြင်း၊ အလုပ်သမားစရိတ် တရားဝင် လုပ်ဆောင်ရန် ဝတ္တရားများ စသည်တို့ ပါဝင်သည်ဟု Tan က ရှင်းလင်း ပြောကြားသည်။

စိတ်ပါဝင်စားသော ပြည်ပကုမ္ပဏီများအနေဖြင့် စောစောစီးစီး ကြိုတင်မှတ်ပုံတင်ထားမှသာ လိုအပ်ချက်များ ပြည့်မီကာ ဆိုင်ရာဆိုင်ရာ မြန်မာ လုပ်ငန်းရှင်များနှင့် အဆက်အသွယ်ရနိုင်မည် ဖြစ်ပြီး ယင်းတို့၏ သတင်း အချက်အလက်ကိုလည်း မြန်မာစီးပွားရေး အသိုင်းအဝိုင်းတွင် ပြန့်နှံ့နိုင်လိမ့်မည် ဟုလည်း ဆက်လက်ပြောသည်။ "အဆိုပါညီလာခံတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်နိုင်စွမ်းရှိသော မြန်မာကုမ္ပဏီ အားလုံးကို တံခါးဖွင့် ပေးထားသည်။ မြန်မာနိုင်ငံဝန်ကြီးဌာနအချို့သည် နေ့စဉ် ကမ္ဘာတလွှားမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း လက်ခံတွေ့ဆုံနေရသည်။ မီးရထားလမ်းများမှသည် ပြည်တွင်းလေကြောင်းလိုင်းများ၊ ခရီးသွားလုပ်ငန်းမှသည် ဆက်သွယ်ရေးလုပ်ငန်းများ၊ သတ္တုတွင်းနှင့် စွမ်းအင်ကဏ္ဍများ စသည်ဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်များစွာတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ရှိနေသည်" စသည်အားဖြင့် Tan က အသေးစိတ် ပြောကြားသည်။

ဆက်လက်၍ ယင်းကပင် မြန်မာကုမ္ပဏီ FBC Services Co Ltd. နှင့်အတူ ပူးပေါင်း၍ အတိုင်ပင်ခံခြင်း၊ ကြိုတင်ဆန်းစစ် လေ့လာခြင်း၊ ကုမ္ပဏီ ထူထောင်ခြင်း၊ စက်ရုံဆောက်ရန် မြေရှာဖွေခြင်း၊ ခွင့်ပြုချက် ရယူခြင်း၊ သဘောတူစာချုပ် စီစဉ်ရေးသားခြင်း၊ မတည် ရံပုံငွေ ရှာဖွေခြင်း၊ စီမံကိန်းများ အာမခံချက် ပေးခြင်း တို့အပါအဝင် နောက်ဆက်တွဲ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးမည်ဟု ပြောကြားသည်။

ထို့အပြင် လေ့လာသင်ယူလိုစိတ် ပြင်းပြသော ပညာတတ် အလုပ်သမား အင်အားစုကြီး ရှိနေသော မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလားအလာ ကောင်းသော ကုန်ထုတ်လုပ်ရေး အခြေစိုက် ဒေသတစ်ခုအဖြစ် ဖွံ့ဖြိုး ကြီးထွားလာလိမ့်မည်ဟု Tan က ခန့်မှန်း ပြောဆိုသွားခဲ့သည်။

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment