Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၄.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. စတုတ္ထအကြိမ်လာရောက်သည့် ဗုဒ္ဓမြတ်စွယ်တော် မှရရှိသောအလှူငွေတချို့ ပြန်လည်လှူဒါန်းမည်
  2. တရုတ်-မြန်မာ နယ်စပ်ရှိ လွယ်ကျယ်ကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. တိုင်းရင်းသားအရေး ညီညွတ်ရန် ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်အကြောင်း ဒေါ်စုပြောကြား
  1. ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မိန့်ခွန်း ပြန်ကြားရေး ဆင်ဆာဖြတ်
  2. တန်ဖိုးနည်း ဖုန်းရရှိရေး လွှတ်တော်သို့ ကြံ့ခိုင်ရေးပါတီတင်သွင်းမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

စတုတ္ထအကြိမ်လာရောက်သည့် ဗုဒ္ဓမြတ်စွယ်တော် မှရရှိသော အလှူငွေတချို့ ပြန်လည်လှူဒါန်းမည်

စတုတ္ထအကြိမ် ဗုဒ္ဓမြတ်စွယ်တော် လာရောက်အပူဇော်ခံစဉ် ရရှိခဲ့သည့် အလှူငွေတချို့ကို မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ပြန်လည်လှူဒါန်းသွားမည်ဟု တရုတ်နိုင်ငံမှ သာသနာရေးဗျူရို ဒုတိယဝန်ကြီး Mr. Zhang Lebin က ပြောကြားသည်။

“စာသင်ကျောင်းတွေ တည်ဆောက်ပေးသွားမယ်၊ အတွင်းတိမ် မျက်စိဝေဒနာရှင်တွေကို ဆေးကုပေးသွားမယ်” ဟု အထက်ပါ ဒုတိယဝန်ကြီးက ပြောကြားသည်။

အိမ်နီးချင်းကောင်းနိုင်ငံဖြစ်သည့် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးတွင် ဗုဒ္ဓဘာသာကိုအခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့် သွားမည်ဟု ၎င်းက ပြောကြားသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး ဘုရားကျောင်းကို မြန်မာနိုင်ငံတွင် ထူထောင်နိုင်ရေးအတွက်လည်း သဘောတူလက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် တရုတ်ပြည်ရှိ ဗုဒ္ဓမြတ်စွယ်တော်၌ ရင်ငွေ့လှုံထားသည့် ဗုဒ္ဓမြတ်စွယ်တော်ပုံတူ ၃ဆူကိုလည်း မြန်မာနိုင်ငံအ တွက် လှူဒါန်းခဲ့သည်။

ယခုကဲ့သို့ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို စတင်ကူညီပေးရန် စီစဉ်နေသော်လည်း  တိဗက်ဒေသ လာဆာတွင် ဖြစ်ပွားခဲ့သည့် တိ ဗက်ဘုန်းတော်ကြီးများ၏ ဆန္ဒပြပွဲကို တရုတ်အစိုးရက အင်အားသုံး နှိမ်နင်းဖြိုခွဲခဲ့ဖူးသည်။ ယင်းအကြမ်းဖက် နှိမ်နင်းမှုတွင် လူ (၁၀၀)ကျော် သေဆုံးခဲ့ သည်ဟု  ပြည်ပရောက် တိဗက်အစိုးရ စာရင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်အစိုးရ၏ တိဗက်ဘုန်းတော်ကြီးနှင့် ပြည်သူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့်အပေါ် နိုင်ငံတကာရှိ လူ့အခွင့်အရေး လှုပ်ရှားသူများက ကန့်ကွက် ရှုတ်ချကြသလို ပြည်ပရောက် သာသနာ့ဥသျှောင်အဖွဲ့ကလည်း ဆန့်ကျင် ရှုတ်ချကြောင်း သိရသည်။

စတုတ္ထအကြိမ်အပူဇော်ခံခဲ့ရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ စွယ်တော်တိုက်ဆရာတော်သို့ လွှဲပြောင်းပေးအပ်သည့် လှူဒါန်းမှု အစုစုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ သန်းကျော်နှင့် နိုင်ငံတကာသုံး  ငွေကြေးများ၊ လက်ဝတ်ရတနာမျိုးစုံနှင့် ကျောက်မျက်ရတနာမျိုးစုံ၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၂၂၉ သန်း လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ တရုတ်ပြည်ဗုဒ္ဓမြတ်စွယ်တော်သည် ပထမအကြိမ်ကို ၁၉၅၅ ခုနှစ်တွင် ပင့်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရှစ်လကြာ အပူဇော်ခံခဲ့ကြောင်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ပင့်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၄၅ ရက်ကြာ အပူဇော်ခံခဲ့ကြောင်း၊ တတိယအကြိမ်ကို ၁၉၉၆ ခုနှစ်တွင် ပင့်ဆောင်ခဲ့ပြီး ရက် ပေါင်း ၉၀ ကြာအပူဇော်ခံခဲ့ကြောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၁ခုနှစ် နိုဝင်ဘာလ တွင် ပင့်ဆောင်ခဲ့ပြီး ၄၈ရက်ကြာအပူဇော်ခံခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဗုဒ္ဓမြတ်စွယ်တော်နှစ်ဆူရှိသည့်အနက် တစ်ဆူသည် သီရိလင်္ကာနိုင်ငံတွင် စံပါယ်လျက်ရှိပြီး ကျန်တစ်ဆူမှာ တရုတ်နိုင်ငံ လင်ကွမ်းကျောင်းတော်၌ မူရင်းအတိုင်း စံပယ်လျက် ရှိသည်။ သီရိလင်္ကာရှိ စွယ်တော်သည် လက်ဝဲအောက်စွယ်တော် ဖြစ်ပြီး တရုတ်နိုင်ငံရှိ စွယ်တော်မှာ လက်ဝဲအထက် စွယ်တော် ဖြစ်ကြောင်းသိရသည်။                                 

Peace Press

-----------------------------------------------------------------------------------------------------------------------------------

တရုတ်-မြန်မာ နယ်စပ်ရှိ လွယ်ကျယ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

တရုတ်-မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် ကချင်ပြည်နယ် လွယ်ကျယ်လမ်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ဇွန်လတွင်း၌ ကချင်ပြည်နယ်အတွင်းရှိ မြန်မာ့တပ်မတော်နှင့် KIO တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း လွယ်ကျယ်အား ပိတ်ထားခဲ့ရသော်လည်း ယခု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် KIO တို့အကြား ပဏာမငြိမ်းချမ်းရေး သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည့်အတွက် ယခုကဲ့သို့ ကချင်ပြည်နယ်အတွင်းရှိ တရုတ်-မြန်မာ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းဖြစ်သည့် လွယ်ကျယ်လမ်းအား ပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခင် ၂၀၁၁ ခုနှစ်တွင် တပ်မတော်နှင့် KIO တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၎င်းလမ်းပိုင်းနှင့် ကုန်စည်ပို့ဆောင်ရေး သွားလာလျက်ရှိသည့် တံတားအချို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့်အတွက် နယ်မြေလုံခြုံရေးအရ လိုင်ဇာလမ်းနှင့် လွယ်ကျယ်လမ်းတို့တွင် ကားများ ဝင်ထွက် သွားလာမှု ပြုလုပ်နိုင်ခြင်းမရှိသည့်အတွက် ၎င်းဒေသရှိ အခြေခံကုန်ဈေးနှုန်းများမှာ တက်လာခဲ့ရကြောင်း ကချင်ပြည်နယ်ရှိ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ တရုတ်-မြန်မာ နယ်စပ်ရှိ လွယ်ကျယ် ကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ဗန်းမော်မြို့ခံတစ် ဦးက “အခုလို လွယ်ကျယ်လမ်းကို ဖွင့်ပေးလိုက်ပြီဆိုတော့ အဲ့ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအတွက် စားဝတ်နေရေး ပိုမိုအဆင်ပြေလာနိုင်တာပေါ့။ အခုတော့ မြို့ပေါ်ပိုင်းတွေမှာ အရောင်းအဝယ်လုပ်ငန်းတွေက ပုံမှန်လည်ပတ်နေပါပြီ။ ဒါပေမယ့် ရွာတွေဘက်မှာတော့ ခုချိန်ထိ မအေးချမ်းသေးဘူး” ပာု ပြောကြားခဲ့သည်။

ယခင် ၂၀၁၁ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIOတို့အကြား ပဋိပက္ခတိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံတိုင်းရင်း သားများမှာ စစ်ဘေးရှောင်ရန် နေရပ်စွန့်ခွာမှုများ၊ နီးစပ်ရာမြို့ပေါ်သို့ ပြောင်းရွှေ့မှုများ၊ တရုတ်နိုင်ငံနှင့် နီးစပ်သည့်မြို့နယ်များသို့ ပြောင်းရွှေ့မှုများ ပြု လုပ်ခဲ့ရကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တိုင်းရင်းသားအရေး ညီညွတ်ရန် ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်အကြောင်း ဒေါ်စုပြောကြား

NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၂၄ရက်နေ့ မနက်၈နာရီတွင် မြစ်ကြီးနားမြို့နယ် စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် မနက် ၉နာရီမှ ၁၀နာရီအထိ တစ်နာရီကြာ ဟောပြောပွဲပြုလုပ်ခဲ့ပြီး ပရိသတ်ပေါင်း သောင်းဂဏန်းခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

“ဒေါ်စုက ကချင်ရိုးရာဝတ်စုံဝတ်ပြီး ဟောပြောတာဖြစ်ပါတယ်။ သူမလာခင်တစ်ရက်အလိုကတည်းက ကချင်ရိုးရာ မနောကွင်းမှာ ဟောပြောပွဲ လုပ်ရန်အတွက် စင်မြင့်အား နမ္မတီးမှာရှိတဲ့ NLDလူငယ်တွေ ပြင်ဆင်ပြီး လုံခြုံရေးအတွက်လည်း စီစဉ်ကြတယ်။ ပြီးတော့ ဒီဟောပြောပွဲကို တက်ရောက် တဲ့ပရိသတ်က မနှစ်က မနောပွဲကို တက်ရောက်တဲ့လူထက် ပိုများတယ်”ဟု ဒေသခံတစ်ဦးမှ ပြောကြားသည်။

ယင်းဟောပြောပွဲတွင် ၎င်းမှ ပြည်တွင်းငြိမ်းချမ်းရေး၊ ပင်လုံစိတ်ဓါတ်နှင့် ပြည်ထောင်စုစိတ်ဓါတ်တို့အား အဓိကထား ပြောကြားသွားခဲ့ပြီး အလုပ် အကိုင်အခွင့်အလမ်းအား လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုရှိရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း ကချင်လူမျိုးများမှာ သူမထက် ပိုသိရှိမည်ဖြစ်ပြီး ငြိမ်ချမ်းမှုနှင့် လုံခြုံမှုရှိမှသာ ဒီမိုကရေစီ တည်ဆောက်ရာ၌ လွယ်ကူမည်ဖြစ်သည်ဟုလည်း ပြောကြားသွားခဲ့သည်ဟု သတင်းများအရ သိရသည်။

ထို့နောက် ပင်လုံစိတ်ဓါတ်နှင့်ပတ်သက်၍လည်း ဒုတိယအကြိမ် ပင်လုံညီလာခံခေါ်ဖို့ပြောခြင်းမဟုတ်ဘဲ တိုင်းရင်းသားအရေး ညီညွတ်ရန်ကိစ္စ ရပ်သည် ပင်လုံမှ စရင်လည်းရကြောင်းတို့ကိုလည်း ပြောကြားသွားခဲ့သည်ဟု သတင်းရရှိသည်။

ထို့ပြင် ၎င်းသည် မြစ်ကြီးနားမြို့မှ ဝန်းသိုကျောင်းတိုက်ဆရာတော်နှင့် တွေ့ဆုံခဲ့သည်ဟုလည်း NLDအဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။ ထို့နောက် ၎င်းသည် တစ်နာရီကြာ မနောပွဲကျင်းပသည့်ကွင်းတွင် ဟောပြောပွဲ ပြုလုပ်ပြီး နောက် ဆက်လက်၍ ဗန်းမော်မြို့သို့ လေယာဉ်ဖြင့် ခရီးဆက်ခဲ့ သည်ဟု သိရသည်။

၎င်းသည် မြစ်ကြီးနားမြို့နယ်တွင် ကချင်တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ညစာစားပွဲများကျင်းပခဲ့ပြီး သောကြာနေ့မနက် ၁၀နာရီ တွင် ကျင်းပပြုလုပ်သည့် “မြစ်ဆုံ၏ ကျေးဇူး ပဲ့တင်သံ”ဟု အမည်ပေးထားသော ဘာသာပေါင်းစုံ ဆုတောင်းပွဲအား သွားရောက်ခဲ့သည်ဟုလည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူလွတ်တော်ဥက္ကဋ္ဌ မိန့်ခွန်း ပြန်ကြားရေး ဆင်ဆာဖြတ်

မြန်မာနိုင်ငံ ပြန်ကြားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏မိန့်ခွန်းကိုပင် ဆင်ဆာဖြတ်ကာ မူရင်းအတိုင်း ပြည်သူများကို တင်ပြခွင့်မရကြောင်း ဦးရွှေမန်း၏ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းရှိ သတင်းအယ်ဒီတာတစ်ဦးက ပြောကြားသည်။

ဖေဖောဝါရီလ ၂၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များဆိုင်ရာ လေ့လာဆန်းစစ်ရေးကော်မရှင်နှင့် အရပ်ဖက်လူများ တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်များနှင့် တွေ့ဆုံရာတွင် “ပြည်သူများအတွက် ရဲရဲဝံ၀ံ သတ္တိရှိရှိ လုပ်ကြရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း ပြောကြား ခဲ့မှုကို ရဲရဲဝံဝံလုပ်ကြရန်သာ သတင်းစာနှင့် ရုပ်မြင်သံကြားတို့တွင် ဖော်ပြခဲ့ပြီး သတ္တိရှိရှိကို ချန်ထားခြင်းခံရကြောင်း ဦးရွှေမန်းက သတင်းထောက်များကို ဥပမာပေး ရှင်းပြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“သတ္တိမရှိခြင်းမှာ အဂတိတရား လိုက်စားခြင်းဖြစ်တယ်”ဟု သူရဦးရွှေမန်းက ဆိုသည်။

ပြည်သူခေတ်၏ အယ်ဒီတာ ဦးဖေမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမိန့်ခွန်းကို ယခုကဲ့သို့ အစိုးရဌာနတစ်ခုက ဆင်ဆာ ဖြတ်ခြင်းမှာ ဖြစ်သင့်မဖြစ် သင့် မေးခွန်းပြန်ထုတ်ခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးထံမှ သိရှိရသည်။

ယခင်ကလည်း ပြည်သူလွတ်တော်ကိုယ်စားလှယ်များ၏ လွတ်တော်တွင်းဆွေးနွေးမှုများကို တိုက်ရိုက်ထုတ်လုပ်လွှင့်ခြင်းမရှိဘဲ သတင်း ကြေငြာသူမှတဆင့် ပြန်ပြောင်းပြောဆိုခြင်းနှင့်ပတ်သက်ပြီး လွတ်တော်ကိုယ်စားလှယ်များ ဝေဖန်ခဲ့ဘူးသည်။

MP

----------------------------------------------------------------------------------------------------------------------------------

တန်ဖိုးနည်း ဖုန်းရရှိရေး လွှတ်တော်သို့ ကြံ့ခိုင်ရေးပါတီတင်သွင်းမည်

လက်ရှိအာဏာရပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီအနေဖြင့် ပြည်သူလွတ်တော် ပထမအကြိမ် တတိယအစည်းအဝေးသို့ တန်ဖိုးနည်း ဆင်းမ်ကဒ် ကျပ်ထောင်ကျော်သာ တန်ဖိုးရှိမည့် ဆင်းကဒ်များ ရောင်းချနိင်ရေး ဥပဒေပြုရန် အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်း အကြီးအကဲတစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်းက ပြောကြားသည်။

"ဦးအောင်သိန်းလင်းပြောတာ ငါးထောင်တန်ဖုန်း မဟုတ်ဘူး။ တန်ဖိုးနည်းဆင်းကဒ် ထောင်တန်ဆင်းကဒ်လို့ ပြောတာ" ဟု ဦးအောင်သိန်ုးလင်း နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း ပြည်သူ့လွှတ်တော်မှာ အဆိုတင်တာ ခွင့်ပြုသွားမယ်လို့ဖေဖော်ရီလ ၂၂ရက်နေ့ တရုတ်နိင်ငံသို့ ချစ်ကြည်ရေးခရီးမသွားခင် သတင်ထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဦးအောင်သိန်းလင်းသည် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလကလည်း ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် လမ်းများကို ကွန် ကရစ်လမ်းခင်းပေးခဲ့ကြောင်း သို့ရာတွင် လမ်းများခင်းရမည်မှာ များပြားလွန်းသဖြင့် အပြီးသတ်မခင်းနိုင်သဖြင့် လမ်းတခြမ်းခင်း အောင်သိန်းလင်းဘွဲ့ရရှိ ခဲ့ဖူးသူလည်း ဖြစ်သည်။

လက်ရှိတည်ဆဲဥပဒေတွင် မြန်မာဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိအနေဖြင့် တရာဝင်လုပ်ကိုင်ခွင့်မရှိသေးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ၏ အ ပိုဒ် ၉၆အရ ပြည်ထောင်စုလွတ်တော်တွင် ဥပဒေပြုခွင့်ရှိသည်။

မည်သည့်ပါတီက တင်သွင်းသည်ဖြစ်စေ မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ အိမ်နီးချင်းနိုင်ငံများကဲ့သို့ တန်ဖိုးနည်း ဖုန်းများ ပြည်သူများကိုင်ခွင့် ပိုင်ခွင့်သည် အခြေခံလူအခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း Transaction Costများ လျှောချမှသာ ပြည်သူများ စားဝတ်နေရေး အဆင်ပြေလာမည်သည်ဟု စိးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

MP

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ကျွန်တော်ကတော့ သတ္တိရှိရှိဆိုတာလည်း ပြောရဲတယ်။ ဒါပေမယ့် ကြောက်တဲ့သူတွေကတော့ ကြောက်နေကြပါသေးတယ်။ အခုက ခေတ်ပြောင်းနေပြီ လေ"

ဖေဖော်ဝါရီ ၂၄ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၅၈) တွင်ပါသည့် “ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ပြောဆိုကြရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပြည်သူ့အသံကို လွှတ်တော်ထဲကို ကြားနိုင်အောင် လွှတ်တော်ထဲမှာ ကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာ ပြည်သူတွေ သိအောင်လုပ်ဖို့ လိုပါတယ်။ အဲဒီ လိုလုပ်တဲ့နေရာမှာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးကတော့ သတင်းစာကနေကြေညာဖို့ပါပဲ။ သတင်းစာက တိုင်းဒေသကြီးနဲ ပြည်နယ်အားလုံးရဲ့ အရေးကိစ္စ တွေကို ဆောင်ရွက်နေတာ ဖြစ်လို့ဆောင်ရွက်ဖို့ ခက်ခဲ ပါတယ်။ ရန်ကုန်မှာ ရန်ကုန်မြို့တော် သတင်းစာရှိပါတယ်။ လွှတ်တော်မှာ မြို့တော်ဝန်ကြီးလည်း ရှိ နေတဲ့အတွက် ခွင့်ပြုမယ်ဆိုရင် လွယ်ကူပါတယ်။ လွှတ်တော်မှာ ဆွေးနွေးတဲ့ ဥပဒေကြမ်းတွေကို ပြည်သူတွေသိမှ ဝေဖန် အကြံပြုတာ တွေရနိုင်ပါမယ်။ ဒါမှ လွှတ်တော်က ပွင့်လင်းမှုပုံစံနဲ့ ဆောင်ရွက်တာတွေကို ပြည်သူတွေ လက်ခံလာနိုင်ပါမယ်။ ကျွန်တော် ဆိုလိုချင်တာက တားမြစ်ကန့်သတ်ချက်မှအပ ကျန်ဥပဒေကြမ်းများ လွှတ်တော်ကို တင်သွင်းတဲ့အခါ ပြည်သူတွေ ကြားသိနိုင်အောင် ဆောင်ရွက်ဖို့ လိုပါတယ်”

ဖေဖော်ဝါရီ ၂၃ ထုတ် Popular News အတွဲ (၄) အမှတ် (၈) တွင်ပါသည့် “ဘတ်ဂျက်မရှိ၍ ဥပဒေကြမ်းများ သတင်းစာ၌ ထည့်သွင်းရန် မ ဖြစ်နိုင်သေးဟုရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဆို” သတင်းမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

"အခု ကုန်သည်ကြီးများအဖွဲ့အစည်း၊ စက်ရှင်ကြီးများ အသင်းဖွဲ့ထားသလိုပဲ တောင်သူလယ်သမား အဖွဲ့အစည်းဆိုတာ တကယ်ကို လိုအပ်နေပါတယ်။ ကျွန်တော်တို့ ခံစားနေရတဲ့ ပြဿနာတွေ ကို ဖြေရှင်းနိုင်မယ့် ရှေ့ကနေရပ်တည် ပေးနိုင်မယ့် ကိုယ်စားပြု အဖွဲ့ဖြစ်လာဖို့ မျှော်လင့်တယ်"

ဖေဖော်ဝါရီ ၂၄ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၅၈) တွင်ပါသည့် “တောင်သူလယ်သမားများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဖွဲ့စည်းရန် ကြိုးပမ်းနေ” သတင်းမှ မော်ကျွန်းမြို့နယ်၊ သရက်ခေါင်းကျေးရွာမှ ဦးသန်းလှိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

 

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment