Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၄.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာက ကုန်းတွင်းရေနံနှင့် ဓါတ်ငွေ့လုပ်ကွက် (၆) ခုအား တင်ဒါခေါ်မည်

(Reuters မှ 23 February 2012 ရက်စွဲပါ Myanmar to launch tender for six oil and gas blocks ကို ဘာသာ ပြန်ဆိုသည်)

  1. အင်ဒိုနီးရှားနှင့် မြန်မာတွင် သတ္တုရှာဖွေရေးလုပ်ကိုင်ရန် ဖိလစ်ပိုင်ကုမ္ပဏီပြင်ဆင်

(The Philippines မှ 23 Feb 2012 ရက်စွဲပါ Philex sets sights on Indonesia, Burma ကို ဘာသာပြန်ဆိုသည်)

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာ အဆင်သင့် ဖြစ်ပြီလော

(BBC New မှ 22 February 2012 ရက်စွဲပါ Is Burma ready for foreign investment? ကို ဘာသာပြန်ဆိုသည်)

******************************************************************************************************

မြန်မာက ကုန်းတွင်းရေနံနှင့် ဓါတ်ငွေ့လုပ်ကွက် (၆) ခုအား တင်ဒါခေါ်မည်

(Reuters မှ 23 February 2012 ရက်စွဲပါ Myanmar to launch tender for six oil and gas blocks ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသည် ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် (၆) ခုအား တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းနှစ်ခုက Reuters သို့ ပြောသည်။

ယခုနောက်ဆုံး တင်ဒါကို ဖေဖော်ဝါရီလနှောင်းပိုင်း သို့မဟုတ် မတ်လဆန်းတွင် ခေါ်ယူလိမ့်မည်ဖြစ်ကြောင်း အဆိုပါ သတင်းများက ဆိုသည်။ ယခု တင်ဒါမှာ ပြီးခဲ့သည့် ဩဂုတ်လက ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့တင်ဒါကြီး အပြီး ခေါ်ယူခြင်းဖြစ်ပြီး ဩဂုတ်လ တင်ဒါတွင် ကုန်းတွင်း လုပ်ကွက်(၁၈)ခု အနက် (၁၀) ချထားပေးခဲ့ရာ အာရှမှ ကုမ္ပဏီများက အများစု ရယူခဲ့ကြသည်။

မြန်မာနိုင်ငံသည် အရပ်သားအစိုးသစ်လက်ထက်တွင် ပြင်ပကမ္ဘာနှင့် တံခါးဖွင့်ပေးခဲ့ရာ အံ့အားဖွယ်မြန်နှုန်းဖြင့် ဖွင့်ပေးခဲ့သည်။ အနောက်နိုင်ငံ အရေးယူမှုများ ပြီးဆုံးမည့် အလားအလာများအကြောင့် ရင်နှီးမြှုပ်နှံမည့် သူများ၏ စိတ်ဝင်စားမှုရေချိန် ရုတ်တရက်မြင့်တက်လာခဲ့သည်။ ဗြိတိသျှ ကိုလိုနီဟောင်း မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲသည် အနောက်နိုင်ငံများမှ အရေးယူမှုများ ပိုမိုဖြေလျော့ရေးအတွက် အဓိက သော့ချက် ဖြစ်လာသည်။

တင်ဒါအသစ်အရ မြန်မာနိုင်ငံသည် လုပ်ကွက်နှစ်ခုအား ထုတ်လုပ်မှု မျှဝေခံစားခြင်း စာချုပ်ဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ကျန်လုပ်ကွက်များအား ရေနံ ပြန်လည်တူးဖော်ရေး တိုးတက်မှုစာချုပ် (improved petroleum recovery contract) ဖြင့် ချုပ်ဆိုမည်ဖြစ်ကြောင်း သတင်းတစ်ရပ်က ဆိုသည်။ “အစောပိုင်း တင်ဒါအောင်ထားသူတွေ ဖေဖော်ဝါရီလမှာ စာချုပ်ချုပ်ပြီးတာနဲ့ တင်ဒါအသစ်ခေါ်ယူရမှာပါ” ဟု အမည်မဖော်လိုသူ အဆိုပါသတင်းတစ်ခုက ဆိုသည်။ “မြန်မာနိုင်ငံက အာရှတိုင်းပြည်တွေက စိတ်ဝင်စားမယ်လို့ မျှော်လင့်နေပါတယ်။ အခုအချိန်မှာတော့ အနောက်နိုင်ငံတွေကပါ စိတ်ဝင်းစားမှု ရှိလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းသတင်းကပင် ဆိုသည်။

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ကုန်းတွင်းရေနံလုပ်ကွက်များအား မကြာမီ နိုင်ငံတကာ တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ သို့သော် အသေးစိတ် ပြောကြားခြင်း မရှိပေ။

ပြီးခဲ့သည့်လက Reuters နှင့် အင်တာဗျူးတွင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ အရန် (22.5) ထရီလီယံ ကုဗပေ ရှိကြောင်းဆိုခဲ့ရာ BP ၏ 2011 ခုနှစ်က ခန့်မှန်းကိန်းဂဏန်းဖြစ်သော 11.8 ထရီလီယံ ကုဗပေ၏ နှစ်ဆခန့် ရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ ဖြစ်သော တရုတ်နှင့် အိန္ဒိယ မှသည် ထိုင်းနှင့်ကမ္ဘောဒီးယား အထိ စွမ်းအင်လိုအပ်ချက် မြှင့်တက်လျက်ရှိရာ သဘာဝဓါတ်ငွေ့များကို ရယူရန် ကြိုးစားလျက် ရှိသည်။

ယခု တင်ဒါသစ်ကို စွမ်းအင်လိုအပ်ချက်ကြီးမားသော တရုတ်ပြည်က စိတ်ဝင်စားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသည် တရုတ်နှင့် အေးတိအေးစက် ဆက်ဆံရေးကြောင့် အခြား အာရှအိမ်နီးချင်းများအပေါ် အာရုံ ကျနိုင်ကြောင်း သတင်းများကဆိုသည်။ ပြီးခဲ့သည့် တင်ဒါတွင် မလေးရှား၏ Petronas နှင့် ထိုင်း၏ PTTEP တို့ ကဲ့သို့သော အရှေ့တောင်အာရှ ကုမ္ပဏီများသည် လုပ်ကွက်နှစ်ခုစီ ရရှိခဲ့ကြသည်။

                မထင်မရှား တရုတ်ကုမ္ပဏီနှစ်ခုကလည်း လုပ်ကွက်များ ရရှိခဲ့ကြသည်။ တရုတ်နိုင်ငံပိုင် ကုမ္ပဏီများမှ တရုတ်၏ မြစ်ဆုံ စီမံကိန်းကို အစိုးရက ရပ်ဆိုင်းပြီးနောက်ပိုင်း စိတ်ဝင်စားမှုမရှိသည်ကို တွေ့ရသည်။

                “မြန်မာနိုင်ငံက အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ပေးချင်တယ်။ ဘာလို့လဲဆိုတော့ တရုတ်က အများကြီး ရင်းနှီးမြှုပ်နှံပြီးပြီ ဆိုတော့ တခြားနိုင်ငံတွေလည်း အခွင့်အရေးရသင့်တယ်” ဟု သတင်းတစ်ခုက ဆိုသည်။

                “အခု တင်ဒါသစ်မှာ အနောက်နိုင်ငံတွေ ပါဝင်ဖို့ ပိုပြီးကြိုဆိုပါတယ်” ဟု ၎င်းက ပြောသည်။ Total SA ကဲ့သိုသော ကမ္ဘာ့အဓိက ကုမ္ပဏီများ ပါဝင်လာရန် မျှော်လင့်နေသည်။ Total သည် မြန်မာ့ကမ်းရိုးတန်းတွင် ဒေါ်လာ(1) ဘီလီယံ တန်ဖိုးရှိ ရတနာ ဓါတ်ငွေ့စီမံကိန်းကို ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်သည်။

                အနောက်နိုင်ငံအစိုးရများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်များကြောင့် ဆုလာဒ်များ စတင်ပေးလျက်ရှိသည်။

                အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် သံအမတ်ကြီး အပြည့်အဝ လဲလှယ်ရေး သဘောတူခဲ့ပြီး၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့သော အဖွဲ့များမှ မြန်မာနိုင်ငံသို့ နည်းပညာ အကူအညီများ ပေးရန် မီးစိမ်းပြခဲ့သည်။

                ဥရောသမဂ္ဂကလည်း အစိုးရထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်များအား ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ယခုလ ရုတ်သိမ်းပေးခဲ့ပြီး၊ ဧပြီလတွင် မြန်မာနိုင်ငံအပေါ် အရေးယူမှုကို ပြန်လည်သုံးသပ်ရန် စီစဉ်လျက်ရှိသည်။

**************************************************************************

အင်ဒိုနီးရှားနှင့် မြန်မာတွင် သတ္တုရှာဖွေရေးလုပ်ကိုင်ရန် ဖိလစ်ပိုင်ကုမ္ပဏီပြင်ဆင်

(The Philippines မှ 23 Feb 2012 ရက်စွဲပါ Philex sets sights on Indonesia, Burma ကို ဘာသာပြန်ဆိုသည်)

ဖိလစ်ပိုင်အခြေစိုက် သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သော Philex Mining Corp အနေဖြင့် အင်ဒိုနီးရှားနှင့် မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသတွင် ကမ်းလွန်တူးဖော်ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ထိပ်တန်း အရာရှိကြီးတစ်ဦးကဆိုသည်။

Philex ၏ ဒါရိုက်တာနှင့် အကြီးတန်းဒုတိယ ဥက္ကဋ္ဌဖြစ်သူ Mike Toledo က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ သတင်းထောက်များနှင့်တွေ့ဆုံရာတွင် "မိမိတို့ကုမ္ပဏီ၏ အကျိုးအမြတ်များသောလုပ်ငန်းတစ်ခုဖြစ်သည့် သတ္တုတူးဖော်ရေး လုပ်ငန်းကို ပြည်တွင်း၌သာမက ဒေသတွင်းနိုင်ငံများတွင်ပါ တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း" ပြောကြားသည်။ "အထူးသဖြင့် ရှာဖွေတူးဖော်မှုမပြုရသေးသော သတ္တုရိုင်းများကို အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများ၌ ရှာဖွေသွားမည်" ဟု ၎င်းကဆိုသည်။

အင်ဒိုနီးရှားသည် အမေရိကန်နှင့် ချီလီနိုင်ငံတို့ပြီးလျှင် သံဖြူဒြပ်စင်၊ ကျောက်မီးသွေး၊ ကြေးနီအများဆုံး ထုတ်လုပ်သည့်နိုင်ငံများစာရင်၌ပါရှိသည်။ ထို့ပြင် ရွှေနှင့် နီကယ်ဒြပ်စင် အမြောက်အမြားလည်း ထုတ်လုပ်သည်။

အင်ဒိုနီးရှားက တင်ပို့သော ပို့ကုန်များ၏ ၁၉ ရာခိုင်နှုန်းမှာ တွင်းထွက်သတ္တုနှင့် အခြားဆက်စပ်သောထုတ်ကုန်များ ဖြစ်ကြပြီး ရွှေသည် အင်ဒိုနီးရှားနိုင်ငံအတွက် အခွန်ဘဏ္ဍာအများဆုံးရှာဖွေပေးသည့် တွင်းထွက်ထုတ်ကုန်ပစ္စည်း ဖြစ်သည်။ ထို့ပြင် ဘောက်ဆိုက်သတ္တု၊ ဖော့စ်ဖရိတ် နှင့် သံတို့လည်းထုတ်လုပ်သည်။

အင်ဒိုနီးရှား၏ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဂျီဒီပီ၏ ၁၀ ဒဿမ ၉ ရာခိုင်နှုန်းခန့်ရှိသည်ဟု ခန့်မှန်းရပြီး ပို့ကုန်တင်ပို့မှုအားလုံး၏ ငါးပုံတစ်ပုံမှာ တွင်းထွက်ပစ္စည်းများနှင့် အခြား ဆက်စပ်ထုတ်ကုန်များဖြစ်ကြသည်။

မြန်မာနိုင်ငံတွင်လည်း  မိုးကုပ်တောင်ကြားဒေသသည် ကမ္ဘာ့အကောင်းဆုံး ပတ္တမြားနှင့် နီလာတို့ အဓိကထွက်ရှိရာ ရင်းမြစ်ဒေသတစ်ခုဖြစ်သည်။ ဖိလစ်ပိုင်အစိုးရ၏ အစီအစဉ်တစ်ရပ်ဖြစ်သော သတ္တုတူးဖော်ရေး လုပ်ငန်းများမှ အခွန်ဘဏ္ဍာတိုးမြှင့်ရှာဖွေမည့်ကိစ္စကို မိမိတို့ Philex ကုမ္ပဏီ၏ ငွေကြေးဆောင်ရွက်ချက်လုပ်ငန်းများ မထိခိုက်သေးသရွေ့ ထောက်ခံသွားမည်ဖြစ်ကြောင်း Mike Toledo ကပြောဆိုသည်။

Mike Toledo သည် ဖိလစ်ပိုင်သတ္တုတူဖော်ရေးဆိုင်ရာ ပေါ်လစီမူကြမ်းရေးဆွဲရန် မနီလာအစိုးရနှင့် စေ့စပ်ညှိနှိုင်းနိုင်မည့် နည်းလမ်းရှာဖွေလျက်ရှိသည်။ အဆိုပါ ပေါ်လစီကို ယခုလကုန်ပိုင်းတွင် ထုတ်ပြန်ဖွယ်ရှိသည်။

"Philex ဟာ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ အောင်မြင်မှုဖြစ်မယ့် အဖြေထွက်ဖို့အတွက် အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ကုမ္ပဏီတစ်ခုပါ။ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပလေယာတွေအနေနဲ့ အဆိုပါမူဝါဒကို လက်မှတ်ရေးထိုးမှုမပြုမီ အားလုံးရဲ့ အကျိုးစီးပွားအတွက် အလေးအနက် စဉ်းစားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

****************************************************************************

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာ အဆင်သင့် ဖြစ်ပြီလော

(BBC New မှ 22 February 2012 ရက်စွဲပါ Is Burma ready for foreign investment? ကို ဘာသာပြန်ဆိုသည်)

                မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် အနောက်နိုင်ငံအစိုးရများအား အရေးယူမှုများအချို့ကို ရုတ်သိမ်းရန် လုပ်ဆောင်လာကြသည်။ အီးယူသည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့သော နောက်ထပ်တိုးတက်မှုများ ရှိပါက တုန့်ပြန်မှုများပြုလုပ်သွားမည်ဟု ရှင်းရှင်းလင်းလင်း ပြောကြားထားသည်။ ပြောင်းလဲမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ အားလည်း စိတ်ဝင်စားလာစေသည်ဟု BBC မှ Rachel Harvey က ရန်ကုန်မြို့မှ သတင်းပေးပို့ခဲ့သည်။

                “အခု ကျွန်မတို့ ဂျပန်နဲ့ဥရောပက စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်လာနေတာတွေ့ရပါတယ်” ဟု Monsoon စားသောက်ဆိုင်ပိုင်ရှင် ညီအစ်မနှစ်ဦးအနက် တစ်ဦးဖြစ်သူ ဖြူဖြူက ပြောသည်။ “အရင်လို အမေရိကန်အုပ်စုတွေ လာတာ အရင်က မတွေ့ဖူးဘူး” ဟု အခြားညီမတစ်ဦးဖြစ်သူ စုစုက ပြောသည်။

                သူတို့မိသားစုသည် ကမ္ဘာလှည့်ခရီးသည်များကြားတွင် နာမည်ကြီးသော မန္တလေးနှင့် ပုဂံ တို့တွင်ပါ စားသောက်ဆိုင်များ ဖွင့်ရန်စဉ်းစားလျက်ရှိသည်ဟု ဆိုသည်။ သို့သော် ၎င်းတို့တွင် အခြားအစီအစဉ်များလည်း ရှိသည်ဟု ဆိုသည်။

                “ဝန်ဆောင်မှုအပြည့်ပါတဲ့ serviced apartment တွေငှားဖို့ လုံလောက်အောင် မရှိပါဘူး။ ဒါကြောင့် ဆောက်ဖို့လည်း စိတ်ကူးနေပါတယ်” ဟု ဖြူဖြူက ပြောသည်။ ရန်ကုန်တွင် အခန်းငှားရမ်းမှုများ ရုတ်တရက် မြင့်တက်လာခြင်းကြောင့် အခန်းလိုအပ်ချက်များရှိနေသည်ဟု စုစုက ဆိုသည်။

                နာမည်ရပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများသည် လိုအပ်ချက်တိုးတက်လာ၍ အဆောက်အဦးများ ထပ်မံ ဆောက်လုပ်ရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ ဟိုတယ်များသည်လည်း ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက် ရှာဖွေကြသော နိုင်ငံခြားစီးပွားရေးသမားများနှင့် ပြည့်နေသည်။ ရန်ကုန်မြို့ရှိ ဟိုတယ်ခန်းများကို ရက်သတ္တပတ်များစွာကြို၍ မှာယူကြရပြီ ဖြစ်သည်။

                Park Royal ဟိုတယ်မှ အထွေထွေမန်နေဂျာ Ram Nurani က ပြောကြားရာတွင် 2010 နိုဝင်ဘာရွေးကောက်ပွဲ ပြုလုပ်သည့် အချိန်တွင် ဟိုတယ်မှာ 65% သာ ဧည့်သည် ရှိသော်လည်း ယနေ့အချိန်အခါတွင် 90% ပြည့်ကြောင်း ဆိုသည်။

                “ကျွန်တော်တို့အခု နိုင်ငံတကာက ဧည့်သည်တွေကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ဖို့ ဝန်းထမ်းတွေကို စင်္ကာပူကို လွှတ်ပြီး အင်္ဂလိပ်စာနဲ့ လုပ်ငန်းရှင်တွေကို ဝန်ဆောင်မှုပေးနိုင်အောင် လေ့ကျင့်ပေးဖို့ စီစဉ်နေရပါပြီ” ဟု ၎င်းက ပြောသည်။ Park Royal ဟိုတယ်သည် စင်္ကာပူအခြေစိုက် Pan Pacific ဟိုတယ်အုပ်စု မှ တစ်ခု ဖြစ်သည်။ သေချာစွာ လေ့ကျင့်ပေးထားသော ဝန်ထမ်းများသည် တန်ဖိုးရှိကြောင်း Mr. Nurani က သိရှိထားသည်။ Park Royal သည် ယခုအခါ ဝန်ထမ်းလစာအား ၎င်းတို့၏ လုပ်ဆောင်မှုနှင့် ဆက်စပ်ပြီး အနည်းအများ သတ်မှတ်မည် ဖြစ်သည်။

                ရန်ကုန်တွင် ယခုတလော အပြောများသည့် ကိစ္စမှာ မြန်မာနိုင်ငံတွင် အောင်မြင်လာတော့မည်ဟု ခံစားလာကြရခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသည် စီးပွားရေးအောင်မြင်မှုရရန် အဆင်သင့် ဖြစ်ပြီလော။

                ရန်ကုန်မြို့ရှိလမ်းထောင့်များတွင် တွေ့ရလေ့ရှိသည်မှာ စားပွဲပေါ်တွင် တယ်လီဖုန်းလေးများ တင်ထားပြီး ယင်းမှ ဆက်သွယ်ထားသော ဝိုင်ယာကြိုးများမှာ နီးရာသစ်ပင် အကိုင်းပေါ်မှတစ်ဆင့် တွဲလောင်းချထားခြင်း ဖြစ်သည်။ မြန်မာအများစုသည် ထိုတယ်လီဖုန်းလေးဖြင့် အခကြေးငွေ ပေးလျက် ဆွေမျိုးများ မိတ်ဆွေများနှင့် ဆက်သွယ်ရပါသည်။

နောက်ဆုံးပေါ် လက်ကိုင်ဖုန်း အရောင်းဆိုင်များစွာ ရှိသော်လည်း လူတိုင်းဝယ်ရန် မတတ်နိုင်သေးပေ။ လိုင်း (Network) မှာလည်း နေရာတိုင်းမကောင်းပေ။

အင်တာနက်မြန်နှုန်းမှာလည်း နှေးကွေးလွန်းလှသည်။ လမ်းများမှာလည်း ထိန်းသိမ်းမှု မရှိပေ။ လျှပ်စစ်မီးလည်း မမှန်ပါ။ အဓိက မြို့ကြီးများတွင်မူ တိုးတက်မှုအချို့ ရှိသော်လည်း ခေတ်မီစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သော ဆက်သွယ်မှု အမျိုးအစားများမှာ များစွာ လိုအပ်နေဆဲဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ ဆွဲဆောင်မှုရှိသော အချက်တစ်ခုမှာ ခရီးသွားများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုများ မထိတွေ့ရသေးသော သဘာဝအချင်းအရာများကို တွေ့မြင်လိုမှု ဆန္ဒများ ပိုမိုတိုးလာခြင်း ဖြစ်သည်။

Delia Bethal သည် ဗြိတိန်နိုင်ငံဖွားဖြစ်ပြီး ထိုင်းနှင့်မြန်မာနယ်စပ်တွင် နေထိုင်သူဖြစ်သော်လည်း မြန်မာနိုင်ငံသို့ ယခုမှ ရောက်ဖူးခြင်း ဖြစ်သည်။ ယခင် စစ်အစိုးရလက်ထက်က နိုင်ငံခြားသား အတော်များများ လာရောက်ခြင်းကို တားမြစ်ခဲ့သည်။

"နိုင်ငံရေးအရ မသွားသင့်ဘူးလို့ ကျွန်မ အမြဲတမ်းစဉ်းစားခဲ့တယ်။ ဒါပေမဲ့ အခု အရာတိုင်း ပြောင်းလဲနေပြီ ဖြစ်လို့ သွားလို့ကောင်းမယ်လို့ ခံစားမိပါတယ်။ ပြောင်းလဲမှုရဲ့ ရနံ့တွေ လေထဲမှာ ရှုရှိုက်နေရပါတယ်။ ခရီးသွားတွေ အများကြီး မလာရောက်မီ ကျွန်မတို့ သွားကြည့်ချင်ပါတယ်။ ဘာမှ မပျက်စီးသေးတဲ့ မြန်မာနိုင်ငံကို ဘယ်လိုလဲဆိုတာ ကြည့်ချင်တာပါ"  ဟု သူမက ဆိုသည်။

မြန်မာအစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ သီးသန့်ဖြစ်သော လက္ခဏာလေးများ မပျက်စီးအောင် ရင်းနှီးမြှုပ်နှံသူများကို အားပေးနိုင်ရန်မှာ အဓိက ကျသော အချက် ဖြစ်သည်။

**************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment