Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ခေါင်းစဉ်အမျိုးမျိုးအောက်က နိုင်ငံရေး

*****************************************

ဆောင်းပါးကဏ္ဍ

ခေါင်းစဉ်အမျိုးမျိုးအောက်ကနိုင်ငံရေး

ဝေမှူးတင်(သုတေသန)

(မတ် ၁ ထုတ် Popular News အတွဲ (၄) အမှတ် (၉) မှ ထုတ်ယူဖော်ပြသည်။)

၂ဝ၁၁ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ပိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖြစ် ပြောင်းလဲတဲ့အချိန်ကစလို့ တစ်နေ့တစ်မျိုး မရိုးနိုင်သော အသစ်အဆန်းသတင်းများနဲ့ ကျွန်တော်တို့ ရင်းနှီးထိတွေ့ခွင့် ရခဲ့ကြပါတယ်။ အဲဒီလို အစိုးရသစ်ကာလအတွင်း မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ အရေးပေါင်းများစွာဟာလည်း အမြန်ပြောင်းလဲတာတွေ ရှိသလို တအိအိနဲ့ ခေတ်ဟောင်း စနစ်ဟောင်းနဲ့ ပြောင်းပြန်ဖြစ်      သွားတာတွေလည်း ရှိနေတာ တွေ့ကြရပါတယ်။ အစိုးရသစ်တက်ခါစက ကျွန်တော် အပြောင်းအလဲနဲ့ ပတ်သက်လို့ ဆောင်းပါးသုံးပုဒ်လောက် ရေးဖူးပါတယ်။ ကြီးကြီးမားမား အပြောင်းအလဲတွေ မဖြစ်ခင်ကာလကပေါ့။ အဲဒီနောက်မှာ မြစ်ဆုံစီမံကိန်းရပ်တာ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသား တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ၊ နိုင်ငံတကာနဲ့ ဆက်ဆံမှု အပိုင်းမှာ ပွင့်လင်းထင်ရှားလာတာတွေဟာ မြင်သာတဲ့ အပြောင်းအလဲကြီး တွေ ဖြစ်ပါတယ်။

ယခု ကျွန်တော်ပြောချင်တာက အပြောင်းအလဲတွေနဲ့ ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်က နိုင်ငံရေးအကြောင်းပါ။ ဒီအကြောင်းကို မပြောခင် ကျွန်တော်တို့နိုင်ငံရဲ့ဖြတ်သန်းတဲ့ နိုင်ငံရေးအကြောင်းကို ပြန်ပြီးစဉ်းစား ဆင်ခြင်ကြရမှာက အဓိကအချက် ဖြစ်နေပါတယ်။ လူတကာ ပြောနေကြတဲ့ လွတ်လပ်ရေးရပြီးကတည်းက ဝါးအစည်းပြေသလို အချင်းချင်းသတ်ကြဖြတ်ကြ ဝါဒလွန်ဆွဲပွဲတွေနဲ့ မြန်မာနိုင်ငံ သမိုင်းကြောင်းဟာ ဥမကွဲသိုက်မပျက်ဆိုတဲ့ စကားလုံးနဲ့ မျိုးချစ်စိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ်ကို  ရေလောင်းခဲ့ကြတာ  ခေတ်အဆက်ဆက်လို့ ဆိုရမှာဖြစ်ပါတယ်။          ညီညွတ်မှုအတွက် သံသယတွေကို ချေဖျက်ကြဖို့ ညှိနှိုင်းတာတွေ ဆွေးနွေးတာတွေဟာလည်း မာနတွေ အာဃာတတွေကြောင့် နှောင့်နှေးခဲ့တာ သမိုင်း အထောက်အထားတွေက သက်သေပြနေခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲမှုမှာရှိတဲ့ အရှိန်နဲ့ပြောင်းလဲနှုန်းတွေဟာ ပြည်သူတွေရဲ့ ယုံကြည်ချက်နဲ့ ခံစားချက်၊ ခံယူချက်ပေါ်မှာ မူတည်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အလျဉ်းသင့်လို့ တင်ပြလိုတာကတော့ ပြည်သူတွေရဲ့ ခံစားချက်နဲ့ ခံယူချက်ပါ။ ယနေ့ကမ္ဘာပေါ်မှာ ခံယူချက် ခိုင်မာကြီးမားတဲ့ ပြည်သူအများစု နေထိုင်ရာ နိုင်ငံတွေဟာ စီးပွားရေးနဲ့ လူနေမှုအဆင့်အတန်းမှာ ထိပ်ဆုံးကရပ်တည်နေတာကို အားလုံးမြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

 ဒီနေရာမှာ ခံယူချက်ဆိုတာ တိုင်းပြည်နဲ့ နိုင်ငံသူနိုင်ငံသားတွေ အပြန်အလှန်ယုံကြည်ပြီး အစိုးရလုပ်တာကို ပြည်သူက အင်တိုက်အားတိုက်        ပူးပေါင်းပါဝင်လို့ ပြည်သူကိုလည်း အစိုးရက နားလည်မှုအပြည့်နဲ့  ဖြည့်ဆည်းပေးတဲ့ အပြန်အလှန်လေးစားခြင်းတွေပါ ပါဝင်နေတဲ့ ခံယူချက်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ခံစားချက်များတဲ့ ပြည်သူအများစု နေထိုင်ကြတဲ့ နိုင်ငံ၊ တိုင်းပြည်တွေမှာတော့ အစိုးရနဲ့ ပြည်သူညီညွတ် မျှတမှုမရှိ၊ ယုံကြည် လေးစားမှု မရှိတာကြောင့် နိုင်ငံမတည်မငြိမ်ဖြစ်တာ၊ လူသားမဆန်စွာ သတ်ဖြတ်မှုတွေ၊အကြမ်းဖက်မှုတွေနဲ့ ပြည်သူတွေရော အစိုးရပါ သောကတွေနဲ့ နေ့နေ့ညည ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ သာဓကတွေကတော့ လစ်ဗျား၊ဆီးရီးယား၊ အီဂျစ်၊ ဘာရိန်းစတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ အချင်းချင်း သတ်ဖြတ် အနိုင်ယူမှုတွေနဲ့ လူသားမဆန် မှုအခြေအနေတွေ ဖြစ်ပါတယ်။

ဒါကြောင့် အပြောင်းအလဲဆိုတဲ့ ဆန္ဒရဲ့နောက်ဆက်တွဲကိစ္စရပ်တွေမှာ မှန်ကန်တဲ့အမြင် အများအတွက် အကျိုးရှိစေမယ့် တောင်းဆိုမှုတွေနဲ့ လူသားဆန်မှုတွေ ပေါင်းစပ်လို့ တိုးတက်မှု၊ မျှတမှု၊ ညီညွတ်မှုတွေကို မြန်မြန်ဆန်ဆန် တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုတွေအတွက် ပြင်ဆင်ခြင်းအပိုင်းမှာ အစိုးရအပိုင်းနဲ့ ပြည်သူပြည်သားတွေ အပိုင်းဆိုပြီး အခြေအနေတွေ ဖြစ်တည်နေပါတယ်။ ဒီလိုပြင်ဆင်ကြရာမှာ တစ်ဖက်သတ် ဆန်ရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် မျှတတဲ့သဘောမဖြစ်တဲ့အတွက် အဲဒီဆန္ဒတွေဟာလည်း အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး။ ဖြစ်ချင်တဲ့ဆန္ဒတွေ ရုပ်လုံး ပေါ်မလာတဲ့အပြင် ညီညွတ်မှုပြိုကွဲပြီး အခြားရှိပြီးသား အကျိုးရလဒ်တွေပါ ပျောက်ကွယ်တတ်တဲ့သဘော ရှိတတ်ပါတယ်။ ဒီနေရာမှာ ပြည်သူကိုပဲ ဖြစ်ဖြစ် အစိုးရကိုပဲဖြစ်ဖြစ် နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးမျိုးကြိုးကိုင်မှုတွေ ခြယ်လှယ်မှုတွေ စိုးမိုးမှုတွေနဲ့ နေ့စဉ်စားနေတဲ့ ထမင်းထဲ အဆိပ်လေး နည်းနည်းနည်းနည်း မသိမသာ ထည့်ကျွေးနေသလို လုပ်ရပ်တွေကို မြင်တတ်ကြည့်တတ် ရှောင်ရှားတတ်ဖို့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ယနေ့နိုင်ငံ ရေး အခြေအနေမှာ အထူးသတိထားစရာအချက် ဖြစ်နေတယ်လို့ ဆိုချင်ပါတယ်။

ယနေ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးလှုပ်ရှားမှု၊ ဆောင်ရွက်မှုတွေမှာ ခေါင်းစဉ်အမျိုးမျိုးကို စိတ်ကြိုက်သုံးလို့ လက်တစ်လုံးခြား လှည့်စားမှုတွေနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို မသိမသာ ဖဲ့ခြွေနေတာလေးတွေ တချို့ကို မြင်နေကြားနေရတာ စိတ်မကောင်းစရာပါ။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲများမှာ ဖြစ်သင့်လို့ ဖြစ်ရတာများပါသလို အတင်းအဓမ္မ ဖိနပ်မတော်ရင် ဖနှောင့်ကိုဓားနဲ့လှီးလိုကြတဲ့ လုပ်ရပ်တွေနဲ့ အကျပ်ကိုင်မှု တွေကြောင့် မလိုအပ်ဘဲ ပြဿနာ တွေကို ဖြေရှင်းလို့ ထင်သလောက် ခရီးမပေါက်တာတွေကို အားလုံးသော ပြည်သူတွေ နိုင်ငံသားတွေက သတိမူကြရမယ့် အချိန်လို့ဆိုရမှာ   ဖြစ်ပါ တယ်။

ခေတ်ကြောင့်၊ စနစ်ကြောင့် ပုံစံအမျိုးမျိုးနဲ့ သွေးကွဲသွေးခွဲနေကြတဲ့ ခရီးဆုံးဟာ မတိုးတက်ခြင်းနဲ့ မမျှတခြင်းဆိုတာ မြင်တတ်ကြည့်တတ်ရမယ့် အချိန်လည်း ဖြစ်နေပါပြီ။ နိုင်ငံရေးဆိုတဲ့ စကားလုံးအောက်မှာ ခေါင်းစဉ်တွေ ဘယ်လိုပင် ကွဲပါစေလိုလားချက် ရည်မှန်းချက်က အတူတူဆိုတာ တိတိပပ ဂဃနဏ နားလည်လက်ခံရမယ့်အချိန်လည်း ရောက်နေပါပြီ။ အမျိုးသားနိုင်ငံရေးပဲ ပြောပြော ပါတီနိုင်ငံရေးပဲဆိုဆို၊ လွှတ်တော်အတွင်း ဝင်ရောက်ပြုပြင် ကြမယ်လို့ ဟစ်ကြွေးဟစ်ကြွေး တကယ့်လိုလားချက်ကတော့ ပြည်သူများအတွက် နိုင်ငံတော်တိုးတက်ရေး အဓိကဆိုတာ မမေ့ကြရမယ့် ကာလလည်း ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်းပြီး စီးပွားရေးအတွက်လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့ ပုဂ္ဂလိက လိုလားချက်နဲ့ နိုင်ငံတော်ရဲ့ အခြေအနေတစ်ရပ်အပေါ် အသုံးချပြောဆိုတာမျိုးကို ကြားရမြင်ရတော့ စိတ်မကောင်း ဖြစ်မိသလို ပြည်သူတွေဘက်က ခံစားချက်နဲ့ အစိုးရ ဘက်က အကျပ်အတည်းကိုလည်း ဒီလို ဆူးသေးသေးလေးတွေကြောင့် ကြီးမားတဲ့အနာတွေ မဖြစ်စေချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာလို့ ဒီ ဆောင်းပါးကို ရေးဖြစ်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ခေါင်းစဉ်အမျိုးမျိုး ကွဲပြားနေတဲ့ နိုင်ငံရေးဆိုတဲ့ စကားလုံးအောက်က လှုပ်ရှားမှုတိုင်းဟာ ပြည်သူတွေအတွက် အကျိုးရှိပါစေ၊ နိုင်ငံတော် အတွက် ကာလတာရှည် မြဲမြံခိုင်မာတဲ့ မူဝါဒဖြစ်ပါစေ။ ယောင်ပြနိုင်ငံရေး သီအိုရီမျိုး မဖြစ်စေဖို့ နိုင်ငံသားတိုင်း ပြည်သူတိုင်းက လက်တွဲပါဝင်နိုင်ကြပါစေ ကြောင်း ပြည်သူထဲက ပြည်သူတစ်ဦးအနေနဲ့ အလေး အနက်ထား တင်ပြလိုက်ရပါတယ်။

**********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment