Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ထာဝရက အမှန်တရား လက်တွေ့က အရှိတရား

*****************************************

ဆောင်းပါးကဏ္ဍ 

ထာဝရက အမှန်တရား လက်တွေ့က အရှိတရား

အောင်မောင်း

အမှန်တရားဆိုတာ ဘာလဲလို့မေးကြရင် လူတော်တော်များများက အမှန်တရားဆိုတာ………. ဆိုပြီးတော့ မဆုံးတော့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပေးလေ့ရှိပါတယ်။ တကယ်တော့လည်း သူတို့ပြောနေတာတွေဟာ အမှန်တရားဆိုတာထက် အမှန်တရားရဲ့ အကြောင်းတွေသာ ဖြစ်ပါတယ်။  ဥပမာ ပြောရရင် တောထဲမှာ သစ်ပင်တွေ ရှိတယ်၊ လေထဲမှာ ငှက်တွေပျံတယ်ဆိုတာကအစ အမှန်တရားကို နတ်စောင့်တယ်၊ အမှန်တရားဆိုတာ တနေ့တော့ ပေါ်မှာပဲ စသည်ဖြင့် ပြောဆိုနေကြတာတွေဟာ Universal Truth လို့ခေါ်တဲ့  ထာဝရအမှန်တရားတွေဖြစ်တတ်ကြပါတယ်။ ကိုယ်တိုင်မကြုံ သေးသမျှ တော့ အမှန်တရားကို ခံစားနိုင်ကြမှာမဟုတ်ပါဘူး။ ကိုယ်တိုင်ကြုံခဲ့ရင်တောင်မှ ကိုယ့်ရဲ့ စိတ်အခံ (Emotion)က လွန်ကဲနေရင် တခါတရံမှာ အမှန်တရား ကို မမြင်နိုင်တော့ဘဲ ငါသာအမှန်ဆိုတဲ့ ကိစ္စတွေလည်းဖြစ်နိုင်ပါသေးတယ်။  ဒီတော့ အမှန်တရားဆိုတာ ဘာလဲလို့မေးရရင် မမြဲသော သဘာဝရှိတာကိုက အမှန်တရားလို့ပဲ အနီးစပ်ဆုံးဖြေရပါလိမ့် မယ်။ ဒါကလည်း ထာဝရအမှန်(Universal Truth) ပါပဲ။

ဆိုကြပါစို့။ မြန်မာအစက တကောင်းကလို့ ဆိုခဲ့တုန်းက သူသည် အမှန်တရားဖြစ်ခဲ့ပါတယ်။  အထောက်အထားတွေမှ ခိုင်ခိုင်လုံလုံ မရှိခဲ့တာကိုး။ နောက်တော့ ကျောက်ဆည်ဘက်မှာ အရိုးစုတွေ၊ အသုံးအဆောင်ပစ္စည်းတွေ တွေ့လာတဲ့နောက်တော့ မြန်မာအစ ကျောက်ဆည်ကလို့ ဖြစ်လာပြန်ပါ တယ်။ ဒီတော့ မြန်မာအစ တကောင်းက မဟုတ်တော့ပြန်ဘူးပေါ့။ နောက်တော့ မြန်မာအစ ပုံတောင်ပုံညာကလို့ ဖြစ်လာပြန်ပါတယ်။ ကျွန်တော်တို့ငယ် ငယ်က ဂြိုလ်ကြီးကိုးလုံးလို့ သင်ခဲ့ရတယ်။ ဒီဘက်ခေတ်မှာတော့ ပလူတိုဂြိုဟ်ဟာ ဂြိုဟ်အရွယ်အစားမပြည့်မီလို့ ဂြိုဟ်အဖြစ်ကနေ ပယ်ဖျက်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကလေးတွေလက်ထက်မှာ နေအဖွဲ့အစည်းမှာ ဂြိုဟ်ကြီးရှစ်လုံးရှိတယ်လို့ သင်ကြားရတော့မှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ် နှစ်ခုကိုကြည့်ရင် မြန်မာအစ တကောင်းကဆိုတာ အမှန်တရားဖြစ်ခဲ့သလို ဂြိုဟ်ကြီးကိုးလုံး ဆိုတာလည်း အမှန်တရားဖြစ်ခဲ့တာပါပဲ။ မှားတယ်လို့ ပြောလို့ မရပါဘူး။ သို့သော် ခေတ်ကာလတွေ ရွေ့လျားလာပြီး အများသဘောတူ သတ်မှတ်ချက်တွေ ပြောင်းလဲသွားတာနဲ့အမျှ အမှန်တရားဆိုတာလည်း ပုံစံပြောင်းလဲသွားတတ် ပါတယ်။ ဥပမာပြောရရင် အများသဘောတူရင် ဤကိုကျွဲဖတ်လို့ရတယ် ဆိုတဲ့ကိစ္စပါ။ အများကသဘောတူလို့ ဤကို ကျွဲဖတ်သော်ငြား ဤဟာဤပဲ ဖြစ်ပါလိမ့်မယ်။ ကျွဲဖြစ်မလာပါဘူး။ စာထဲမှာ ကျွဲဖြစ်ပေမယ့် အပြင်မှာတော့ ကျွဲဆိုတဲ့သတ္တဝါကြီးကို ဤလို့ခေါ်လို့မရသလို ဤဆိုတဲ့ အသုံးအနှုန်း နေရာမှာ ကျွဲလို့ အစားထိုးရရင်လည်း အတော့်ကို ကမောက်ကမဖြစ်ဦးမယ့် အခြေအနေရှိပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီဆိုတာ အမှားကြီး တစ်ခုကိုပဲ အမှန်လို့ အားလုံးက ယူဆလိုက်ကြရင် အဲ့ဒီအမှားကြီးက အမှန်ဖြစ်လာမလားလို့ တွေးဆချက်တွေလည်း ရှိနေပါတယ်။ မြန်မာပြည်တွင်းက ကမ္ဘာကျော် နိုင်ငံရေး သမားတစ်ဦး(အခုတော့ကွယ်လွန်ပါပြီ) ပြောတဲ့ စကားနဲ့ပြောရရင် ဘယ်သူ့ဘယ်သူမှ အမှားမရှိပါဘူး၊ ရှုထောင့်တွေကွာကုန်လို့ ကကြီးနဲ့ ယပက်လက် ငြင်းနေရတာပါလို့ပဲ ပြောရမှာပါပဲ။ နောက်ဆုံးတော့လည်း အားလုံးထဲမှာ အမှန်တရားရှိနေတဲ့အတွက် အများသဘောညီမယ့် အခြေ အနေတစ်ခုကိုပဲ အမှန်လို့ လက်ခံရတော့တဲ့ အဖြစ်ကို လက်ခံလိုက်ရတာပါ။

အမှန်တရားဆိုတာ အင်မတန်ကို နားထောင်လို့ ကောင်းပါတယ်။  နိုင်ငံရေးမှာ အမှန်တရားကိုပြောရရင် သိပ်ကောင်းတဲ့ စကားလုံးတွေကတော့ လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပြောရေးဆိုပိုင်ခွင့်၊ လွတ်လပ်စွာရှာဖွေ စားသောက်ပိုင်ခွင့် ၊ တရားဥပဒေစိုးမိုးရေး စသည်ဖြင့် အင်မတန် နား ထောင်လို့ကောင်းတဲ့ စကားတွေပါ။ ကွန်မြူနစ်တွေရဲ့ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှင်းနိုင်ရေး၊ လူတန်းစားညီမျှသော လူ့ဘောင် အဖွဲ့အစည်း ကြီး ဖြစ်ပေါ်လာရေး ဆိုတာတွေဟာ ပိုပြီးတော့တောင် နားထောင်လို့ကောင်းသလို စိတ်ကူးယဉ်လို့လဲ ကောင်းပါသေးတယ်။ သူတို့ပြောတာလည်း အမှန်တရားပါပဲ။ ဒါပေမယ့် အများလက်ခံနိုင်ရဲ့လားဆိုတာကို မတွေးမိခဲ့လို့ဖြစ်ပါတယ်။ အများလက်ခံနိုင်ခြင်း မရှိသလို လူ့အတ္တကြောင့် ကျင့်သုံးနိုင်ခြင်း လည်း မရှိခဲ့တဲ့အတွက် ဖရိုဖရဲဖြစ်ပြီး ကွန်မြူနစ်ဝါဒကြီးပြိုကျခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အမှန်တရားဆိုတာ အများလက်ခံနိုင်တဲ့ ဖြစ်ရပ်တခုထက် မပို ပါဘူးလို့ပဲ ဆိုရတော့မှာဖြစ်ပါတယ်။

ကျွန်တော့်ကို အဖေကပြောဖူးတယ်။ သူဟာ အတန်းပညာ ထိထိရောက်ရောက် မရှိခဲ့သော်ငြား စာတော့ အလွန်ဖတ်သူတဦး ဖြစ်ပါတယ်။ နိုင်ငံ ရေးဆိုတာကိုလည်း အတော်စိတ်ဝင်စားတဲ့သူပါ။ သူဟာ စစ်တပ်ထဲမှာ ကြီးပြင်းလာရတဲ့အတွက် စစ်တပ်ကို သဘောကျသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်  ၈၈ အရေးအခင်းအပြီးကနေ စပြီး စစ်တပ်ကို နှစ်သက်မှု လျော့ကျသွားခဲ့ပါတယ်။ သူတို့ခေတ်တုန်းက တပ်မတော်ဟာ တရုတ်ဖြူနဲ့ ဗကပကို အကြီးအကျယ် တိုက်ထုတ်နေရတာကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့တာပေါ့။ တပ်မတော်ဟာ ပျက်စီးသွားပြီလို့ သူမကြာခဏ ပြောလေ့ရှိပါ တယ်။ ဒါပေမယ့် စစ်အစိုးရကို မကြိုက်နှစ်သက်သော်ငြား စစ်တပ်ကို ချစ်စိတ်မပြယ်တဲ့သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အကောင်းဘက်က ရှုမြင်ပေး လေ့ရှိသလို ဗိုလ်ချုပ်ကြီးခင်ညွန့်တော်ကြောင်းကိုလည်း ချီးကျူးလေ့ရှိပါတယ်။ လူကြီးတွေက စိတ်ကောင်းရှိပေမယ့် ကိုယ်ကျိုးရှာချင်လို့ စစ်တပ်ထဲ ဝင်လာသူတွေ ကြောင့် အောက်ခြေမှာ ပြည်သူတွေ ဘာတွေဖြစ်နေတာလဲဆိုတာကို မသိလို့ ခေတ်ပျက်နေတာလို့ ပြောလေ့ရှိပါတယ်။ မင်းကပ်မင်းမြှောင် တွေကြောင့် ဗိုလ်ချုပ်ကြီးတွေခမျာ သူတို့ကိုသူတို့ ရေမြေသနင်း အရှင်သခင်တွေဆိုတဲ့ ဘဝင်တွေလည်း တက်ကုန်တာလို့ သုံးသပ်ချက်ပေးပါတယ်။ ဦးနေဝင်းကြီးလဲ ဒီလိုပဲ မင်းကပ်မင်းမြှောင်တွေ လိမ်တာခံခဲ့ရတာပဲ။ တိုင်းပြည်ကို ကယ်မရတော့တဲ့ အခြေအနေရောက်မှ သူ့ကိုဖုံးကွယ်ထားတဲ့ ကိစ္စ တွေ သိရတာလို့ ပြောပြပါသေးတယ်။

သူပြောလေ့ရှိတဲ့ကိစ္စကတော့ စစ်အစိုးရလက်ထက် ဒီမိုကရေစီ အရေးလုပ်ရှားမှုတွေဖြစ်ပါတယ်။ သူက စာဖတ်သလို ရုပ်ရှင်တွေ အကြည့်များ တော့ အမေရိကန် ရုပ်ရှင်တွေထဲက နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးကစားကွက်တွေ၊ ရွှေ့ကွက်တွေကို အင်မတန် နှစ်သက်လေ့ရှိသူပါ။ ဒါမှ တကယ့် နိုင်ငံရေးသမားလို့လည်း ဆိုပါတယ်။  လက်ရှိ စစ်အစိုးရလက်ထက်မှာ ဖြစ်နေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ စစ်အစိုးရဘက်ကလည်း ကိုင်တွယ်ပုံ ကြမ်းသလို ဒီမိုကရက်တွေရဲ့ လှုပ်ရှားမှုကလည်း ရိုင်းရိုင်းပြောရင် ဆင်ကို အပ်နဲ့ထိုးသလိုပဲ ဘာမှ အရာမရောက်တဲ့အပြင် ဆင်နင်းခံရတဲ့ အဖြစ်မျိုးပဲ ဖြစ် နေတယ်လို့ ပြောဆိုလေ့ရှိပါတယ်။ ပြီးတော့ အစိုးရဆိုသူတွေဟာ နိုင်ငံကို အုပ်ချုပ်နေတဲ့အတွက် ခပ်ပေါပေါတွေတော့ မဟုတ်ဘူးလို့ဆိုပါတယ်။ ဥပမာ ပြောရရင် အရှေ့အလယ်ပိုင်းမှာ အာဏာရှင်တွေက ပြည်သူတွေကို ဘာလို့များ အသည်းအသန် ဖိနှိပ်တာလဲ။ ရှင်းပါတယ် အာရပ်တွေဟာ သဲကန္တာရကြီး မှာနေရတဲ့အတွက် ရာသီဥတုဆိုးကြီးကြောင့် အမြဲတစေ ဒေါသထွက်နေရတယ်။ သမိုင်းကြောင်းတွေအရလည်း လက်တုံ့ပြန်တတ်တာတို့၊ ကြမ်းတမ်းတာ တို့ ဆိုတဲ့ စရိုက်တွေရှိတဲ့အတွက် သူတို့ခေါင်းဆောင်တွေဟာ ဒီအာရပ်တွေရဲ့ စိတ်ဓာတ်တွေ ဦးကျိုးသွားတဲ့အထိ ကိုင်တွယ်ရလေတော့ လူသားမဆန် ဘူးဆိုတာတွေ ဖြစ်ကုန်တယ်လို့ ဆိုပြန်ပါရော။ သူက ဆက်ဒမ်ဟူစိန်ကို  ရည်ညွှန်းပြောတာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ဦးနေဝင်းတို့လည်း ဒီလိုပဲနေ မှာပဲတဲ့။ ဘာလို့လည်းဆိုတော့ မြန်မာလူမျိုးဆိုတာ မဟုတ်မခံဆိုတဲ့ စိတ်ဓာတ်ကနေ ဟုတ်လည်းမခံဘူးဆိုတဲ့ ဗီဇလေးကလည်း ပါနေတာတကြောင်း၊ နောက်တစ်ချက်က နည်းနည်းလေး အခွင့်အရေးပေးရင် များများယူချင်တတ်တဲ့ ဥာဏ်လေးကလည်းရှိ၊ လောက်လေးခွတောင် ကိုင်ခွင့်မပြုတဲ့အထဲကနေ ဖြစ်လိုက်လူသတ်မှုဆိုတာလည်း တပုံတပင် အကယ်၍များ အမေရိကန်မှာလို သေနတ်တွေသာ ကိုင်ခွင့်ပေးလိုက်ရင် ထစ်ကနဲရှိ စိတ်တိုလွယ်တဲ့ဥာဏ် ကြောင့် အချင်းချင်း ပစ်သတ်ကြရင် လူမျိုးတောင် ပြုတ်သွားမလားဘဲတဲ့။ ဒါကြောင့် နိုင်ငံအုပ်ချုပ်နေတဲ့သူတွေဟာ ဘယ်လိုပုံစံနဲ့ အုပ်ချုပ်ပြီး ဘယ် လောက်ကိုင်တွယ်ရမယ်ဆိုတာကို သိနေတာဖြစ်မယ်လို့ ဆိုပါတယ်။

ကျွန်တော်ငယ်ငယ်တုန်းကတော့ အဖေပြောတာတွေကို သိပ်သဘောမကျခဲ့ပါဘူး။ နောက်တော့ တဖြေးဖြေး သိလာပါတယ်။ အဖေပြောနေတာ တွေက ဒီမိုကရေစီရချင်ရင် ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ကျင့်ဝတ်တွေကို တည်ဆောက်ယူဖို့လိုတယ်လို့ ဆိုချင်တာပါ။ တနည်းအားဖြင့်ပြောရရင် Capacity နဲ့ Rule and Law၊ Institution ဆိုတာတွေကို သူနားလည်သလို ပြောဆိုနေတာ ဖြစ်ပါတယ်။ လူတကိုယ် အကြိုက်တမျိုးဖြစ်တာကြောင့် လူတွေရဲ့စိတ် ဓာတ်တွေကိုလည်း သိဖို့ လိုအပ်ပါလိမ့်မယ်။ မြန်မာဆိုတာ ကိုယ့်ထမင်းအိုးကို လာမခွဲသေးသမျှ ဘယ်သူ့ကိုမှ ရန်ရှာတတ်တာ မဟုတ်ပါဘူး။ ဦးနေဝင်း ခေတ်မှာ လူထုအုံကြွတာ ပြည်သူလူထုရဲ့ ထမင်းအိုးကို ရိုက်ခွဲလို့ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်မှုတွေက သူတို့လူမျိုးတွေရဲ့ ဓလေ့ ထုံးတမ်းကို နားမလည်လို့ဖြစ်တယ်၊ ထို့အတူပဲ စစ်တပ်က အာဏာမလွှဲတော့တာ နုရင်ဘတ်ဆိုတဲ့ အသုံးအနှုန်းကြောင့်ဖြစ်တယ် ဆိုတာတွေကို သဘော ပေါက်လာပါတယ်။ ဒါဟာ အများက လက်မခံနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်နေတဲ့အတွက် အမှန်တရားမဟုတ်တော့တာ ဖြစ်တယ်။ အပြစ်ရှိသူကို အပြစ် ပေးရမှာဟာ အမှန်တရားဖြစ်သော်လည်း အာဏာလက်ဝယ်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို စစ်ခုံရုံးတင်ဖို့ဆိုတာကတော့ သူတို့အတွက် အမှန်တရားမဖြစ် နိုင်ပါဘူး။ ဒီမိုကရေစီမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ရှိပေမယ့် အကြောင်းမဲ့ဆဲဆိုတာကို ခွင့်ပြုမှာမဟုတ်ပါဘူး။ ကွမ်းတံတွေးကို စည်းမဲ့ကမ်းမဲ့ ထွေးတာ၊ မျဉ်းကျားကလမ်းကူးဖို့ ဝန်လေးတာတွေက ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဗိုလ်ချုပ်မကွယ်လွန်မီ လမ်းပေါ်တက် ဆေးရိုးလှမ်းချင် တဲ့စိတ်ကြောင့် ဖာနိုင်ငံဖြစ်လိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်နိုင်ပါတယ်။

မနေ့က သမ္မတကြီးဦးသိန်းစိန် ပြည်သူကို မိန့်ခွန်းတိုက်ရိုက်ပြောတယ်။ အားလုံးဟာ အများသဘောတူညီနိုင်မယ့် အခြေအနေလေးတွေ ဖြစ်တာ ကြောင့် လက်ရှိအချိန်မှာ အမှန်တရားမဟုတ်တောင် အရှိတရားလို့ ဆိုရမယ့်သဘော ဖြစ်ပါတယ်။ သမ္မတကြီးပြောသွားတဲ့အထဲမှာ လက်နက်တွေကနေ လက်ပ်တော့တွေဖြစ်ဖို့၊ အားလုံးပါဝင်သော နိုင်ငံရေးဖြစ်ဖို့၊ ဥပမာပြောရရင် ဖုန်းနဲ့ ကားကိစ္စတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်ဆိုတာ မဖြစ်မနေ လုပ်ပေးရမယ့် အချက်တွေဖြစ်သော်ငြား ထာဝရအမှန်တရားဖြစ်သော်ငြား လက်ရှိအခြေအနေမှာလည်း ခက်ခဲတာတွေ ရှိကောင်း ရှိနေနိုင်ပါတယ်။ ဒါပေ မယ့် ကျွန်တော်ကတော့ သမ္မတကြီးပြောသွားတဲ့အချက်တွေထဲက Rule of Law တွေ တည်ဆောက်ဖို့ လိုတယ်ဆိုတာတွေရယ်၊ မိဘပြည်သူတွေကလည်း ထိန်းကျောင်းတည့်မတ်ပေးကြပါဆိုတာ ဒီမိုကရေစီဆိုတာ အစိုးရတင် မဟုတ်ဘူး ပြည်သူမှာပါ ပြုပြင်စရာတွေကို ပြုပြင်ရမယ်၊ ဒီအတွက် Rule of Law တွေလိုတယ်ဆိုတာကို ဆိုလိုချင်ပုံရပါ တယ်။

ဒီမိုကရေစီရှိရင် လူ့အခွင့်အရေးတွေ အပြည့်ရှိတယ်ဆိုတာ မှန်သော်လည်း ဒါက ထာဝရအမှန် ဖြစ်ပါတယ်။ ဦးသန်းရွှေရဲ့ အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုတဲ့စကားလုံးတွေ၊ ဒီမိုကရေစီ အင်အားစုတွေရဲ့ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်စတဲ့ စကားလုံးတွေကလည်း ထာဝရအမှန်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ကတော့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်အခြေအနေ တွေကို ပြုပြင်ပြီး Rule of Law တွေတည်ဆောက်ဖို့နဲ့ ဒီမိုကရက်တစ် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ဖို့ကတော့ လက်တွေ့ အရှိတရားပဲ ဖြစ်နေပါတယ်လို့ ဆိုချင်ပါတော့တယ်။

**********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment