Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးပါတီ နိုင်ငံရေးအဖွဲ့အစည်း

****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးပါတီ နိုင်ငံရေးအဖွဲ့အစည်း

ထက်မြက်

(မတ် ၁ ထုတ် Popular News အတွဲ (၄) အမှတ် (၁၁) မှ ထုတ်ယူဖော်ပြသည်။)

လွတ်လပ်မှုပင်ပြောပြော၊ ဒ်ီမိုကရေစီ အခွင့်အလမ်းများ ပွင့်လင်းလာသည်ဟုပင်ဆိုဆို ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အသင်းအဖွဲ့များ လွတ်လွတ်လပ်လပ်   ပေါ်ပေါက်လာသည်မှာ အချိန်နှစ်ချိန်သာ ရှိပါသည်။ တစ်ချိန်မှာ ၁၉၈၈၊ ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ရှစ်လေးလုံး တိုက်ပွဲများ အပြီး အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ရခြင်းပင် ဖြစ်သည်။ အုပ်ချုပ်ရေးယန္တရားမှာလည်း ယိုယွင်းပျက်ပြားနေပြီဖြစ်၍ ဒီမိုကရေစီအဟုန်ဖြင့် လူတန်းစား အသီးသီးသည် အလုပ်သမား၊ လယ်သမားအဖွဲ့၊ကျောင်းသားများကလည်း အဖွဲ့များဖွဲ့ခဲ့ကြသည်။   အာဏာသိမ်း စစ်ကောင်စီအောက်တွင် နိုင်ငံရေးပါတီ အများအပြား ပေါ်ပေါက်ခဲ့၏။ ထို့နောက် ထိုအဖွဲ့များမှာ ပြန်လည်အားနည်း သွားကြပြန်ပါသည်။ လူတန်းစားအဖွဲ့ အစည်းအသီးသီးမှာ ပျက်ပြား သွားသလို ကျောင်းသားအဖွဲ့ အစည်းများမှာလည်း တရားမဝင်အဖွဲ့အစည်းများ ဖြစ်သွားပါသည်။ NLDလို နိုင်ငံရေးပါတီသာ ကျန်ရှိခဲ့သည်။ သို့သော် နိုင်ငံရေး လှုပ်ရှားမှု မရှိသလောက် နည်းပါးခဲ့၏။ ယခု ၂ဝ၁ဝ အကုန်နှင့် ၂ဝ၁၁ ခုနှစ်တွင်ကား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေအရ ပါတီအသီးသီး၊ အဖွဲ့အစည်း အသီးသီး ပေါ်ပေါက်လာခဲ့သည်။ မိုးဦးကျ မိုးတစ်ဖြိုက်၊ နှစ်ဖြိုက်ရွာလိုက်သည်နှင့်   မြေပြင်ပေါ်သို့ မှိုများထွက်လာသည်။ ယခုလည်း နိုင်ငံရေး ပါတီများ ပေါ်ပေါက်လာ၏။ အသံများကိုလည်း တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ကြားလာရပါသည်။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသမိုင်းတွင် နိုင်ငံရေးအခွင့်အလမ်း ပွင့်လန်းလာသည်မှာ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ယခုအထိ နှစ်ကြိမ်သာရှိ၏။ ၁၉၈၈နှင့် ၂ဝ၁၁ ခုနှစ် ကာလများ ဖြစ်သည်။ ယနေ့ကာလတွင် ပွင့်လာသော ပါတီဖွဲ့စည်းခွင့်၊ အသင်း အဖွဲ့များ ဖွဲ့စည်းမှတ်ပုံတင်ခွင့် စသော ဥပဒေပြဋ္ဌာန်းချက်များကြောင့် NLD လို အင်အားကောင်းသော အဖွဲ့ကြီး (စဖွဲ့ခါစက နိုင်ငံရေးပါတီလား၊ ဖဆပလ လို တပ်ပေါင်းစုလား ဟု သဲသဲကွဲကွဲ မသိရသော   နိုင်ငံရေးအဖွဲ့အစည်း)မှာ ယခုမှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လာသည်။ နိုင်ငံရေးပါတီ တစ်ရပ် အဖြစ်လည်း စတင်ပီပြင်လာ၏။

လူငယ်များသည် မြန်မာ့နိုင်ငံရေး   ဖြစ်ပေါ်မှုတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်သူများချည်း ဖြစ်၏။ လွတ်လပ်ရေးတိုက်ပွဲကာလက  ဗိုလ်ချုပ်အောင် ဆန်းလို၊ ကိုဗဟိန်းလို၊ ဦးနုလို၊ သခင်စိုး၊ သခင်သန်းထွန်းလို၊ သခင်သိန်းဖေလို စသည့် ပညာတတ်အများအပြားမှာ နိုင်ငံရေးကို ဦးဆောင်ခဲ့သည်။ တို့ဗမာ အစည်းအရုံးလို တပ်ဦးကြီးကိုလည်း လူငယ်များက ပါဝင်ဖွဲ့စည်းခဲ့သည်။ ဖဆပလလို တပ်ပေါင်းစုကြီးကို လူငယ်များကပင် ဦးဆောင်၍ နယ်ချဲ့ ဆန့်ကျင် ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေးတွင် ပြတ်ပြတ်သားသား ပါဝင်တိုက်ပွဲဝင်ခဲ့ကြပါသည်။

ထိုအချိန်က လူငယ်များ၏ စိတ်ထဲတွင် နိုင်ငံရေးသည် အမိ၊ နိုင်ငံရေးသည် အဖ၊ လွတ်လပ်ရေးရဖို့ နိုင်ငံရေးလုပ်ရမည်ဟု အခိုင်အမာ ယုံကြည် ခဲ့သည်။ ထိုလူငယ် များကပင် နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးများအတွက် စွန့်လွှတ်ကာ အသက်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များသည် လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့သည့် အာဇာနည်များ ဖြစ်သည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။

ထိုကဲ့သို့ပင် လွတ်လပ်ရေးရ ပြီးနောက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့်  ဒီမိုကရေစီရေး တိုက်ပွဲများ၊ ဆိုရှယ်လစ်ရေးအတွက် တိုက်ပွဲများ၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးတိုက်ပွဲများတွင် လူငယ်များပင် ပါဝင်ခဲ့ကြလေသည်။ ယခုအချိန်လို အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် အခွင့်အလမ်းများ ထွက်ပြူ စတွင် လူငယ်များအဖို့ အသင်းအဖွဲ့များကို မှန်မှန် ကန်ကန် ဖွဲ့စည်းနိုင်ရန်နှင့် အကျိုးရှိရှိ အသုံးချဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါသည်။

ကျွန်တော့်အတွေ့အကြုံနှင့် ကျွန်တော်၏ အမြင်အရဆိုလျှင် မြန်မာနိုင်ငံ တွင် နိုင်ငံရေးအဆန်ဆုံးနှင့် စနစ်အကျဆုံး ဖွဲ့စည်းခဲ့သောပါတီမှာ နှစ်ခုသာ ရှိပါသည်။ တစ်ခုမှာ ‘ဗမာပြည်ကွန်မြူနစ် ပါတီ’ ဖြစ်သည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ဖွဲ့ စည်းပုံဥပဒေကို စနစ်တကျ ဖွဲ့စည်းပြီး ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန် ယူခဲ့သော ပါတီဖြစ်၏။ ထိုအချိန်က ဖွဲ့စည်းပုံစနစ်တကျ ရှိချင်မှရှိမည် ဖြစ်သော်လည်း နောင်အခါတွင် ဌာနအသီးသီး ထားရှိခဲ့သည့် သုတေသနဌာန၊   ပြန်ကြားရေးဌာန၊ စည်းရုံးရေးဌာန၊ ရန်ပုံငွေရှာဖွေရေး ဌာနစသည်စသည်ဖြင့် ပါတီတစ်ရပ်၏ ဖွဲ့စည်းပုံ အတိအကျဖြင့် ဖွဲ့စည်းထားသည်ကို နိုင်ငံရေး သမားများ (လက်ဝဲဖြစ်စေ၊ လက်ယာဖြစ်စေ) အတုယူသင့်သလို နမူနာယူဖွဲ့စည်းသင့်သော ဖွဲ့စည်းပုံဖြစ်သည်။ နောင် လက်နက်ကိုင်တိုက်ပွဲသို့ ကူးပြောင်း ပြီး ယခုပါတီ ပြိုကွဲသွားသည်အထိ ဗကပသည် စနစ် တကျ ဖွဲ့ထားသော နိုင်ငံရေးပါတီ ဖြစ်သည်ကိုကား ငြင်းကွယ်၍ မရနိုင်ပေ။

နောက်နိုင်ငံရေးပါတီ တစ်ခုမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖြစ်ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ကို စတင် ဖွဲ့စည်းခဲ့စဉ် ကတည်းက အမတေပါတီအဖြစ် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံဥပဒေကို စနစ်တကျရေးဖွဲ့ပြီးမှသာ ပါတီဝင်၊ အရန်မိတ်ဆွေ စသည်ဖြင့် ခွဲခြားသတ်မှတ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်၏။ အာဏာရစစ်အစိုးရက ဦးဆောင် ဖွဲ့စည်းသည်ဖြစ်၍ ရန်ပုံငွေနှင့် အဆောက်အအုံ အတွေ့အကြုံရှိသူများဖြင့် စနစ်တကျ ဖွဲ့စည်းခဲ့ပါ သည်။ ပါတီအောက်တွင် အလုပ်သမားဌာန၊ လယ်သမားဌာန၊ စည်းရုံးရေးဌာန၊ သုတေသနဌာန၊ နိုင်ငံခြား ဆက်ဆံရေး စသည့် ဌာနအဆင့်ဆင့် ခွဲခြားကာ တာဝန်ပေးခဲ့သည်။ ပါတီ၏ သဘောတရားနှင့် မူဝါဒကိုလည်း ရေးဆွဲခဲ့၏။ လူနှင့် ပတ်ဝန်းကျင်တို့၏ အပြန်အလှန် ဆက်ဆံရေး၏ အညမည သဘော တရားမှာ မဆလပါတီ၏ လမ်းညွန်သဘောတရား ဖြစ်ပါသည်။ ကွန်မြူနစ်ပါတီသည် လမ်းစဉ် သဘောတရားအနေဖြင့် မာ့က်စ်၊ လီနင်ဝါဒနှင့် မော်စီတုန်း အတွေး အခေါ်ကို ကိုင်စွဲထားသလို အလုပ်သမားလူတန်းစားကိုလည်း ပင်မအခြေခံအင်အားအဖြစ် သတ်မှတ်၏။ မဆလကမူ အညမည သဘောတရားကို လမ်းညွှန် သဘောတရားအဖြစ် သတ်မှတ်ပြီး လယ်သမားလူတန်းစားကို အခြေခံအင်အားအဖြစ် သတ်မှတ်ခဲ့၏။

                ဆိုလိုသည်မှာ ယခုကာလ   နိုင်ငံရေးလှုပ်ရှားမှုများ ပွင့်လင်းစအချိန်မျိုးတွင် လူငယ်များသည် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အဖွဲ့ အစည်းများ တည်ထောင်မည်ဆိုလျှင် မိမိနိုင်ငံနှင့် ကိုက်ညီသော လမ်းစဉ်သဘောတရားများနှင့် ဖွဲ့စည်းရန် လိုအပ်သည်။ ဒီမိုကရေစီဆိုသော ဝေါဟာရ တစ်ခုနှင့် နိုင်ငံ ရေးလုပ်၍ မရနိုင်ပေ။ ဒီမိုကရေစီ ဆိုသည်မှာ ဝါဒမဟုတ်။ လမ်းညွှန် သဘောတရားလည်း မဟုတ်ပေ။ ဒီမိုကရေစီကို အခြေခံသည်ဆိုတိုင်း  ပီပြင်သော နိုင်ငံရေးပါတီ တစ်ရပ်ကို ထူထောင်၍မရနိုင်။ လက်ဝဲ လက်ယာနိုင်ငံရေး အဖွဲ့အစည်းများတွင် ဒီမိုကရေစီကိုကား လက်ခံကြသည် ဖြစ်၏။ လက်ဝဲသမားများက ပြည်သူ့ဒီမိုကရေစီကို လက်ခံကြသလို လက်ယာသမားများက လစ်ဘရယ် ဒီမိုကရေစီကို လက် ခံကြသည်။ တစ်ခုနှင့်တစ်ခု ခြားနားမှု ရှိ၏။ သို့သော် ဒီမိုကရေစီကတော့ အတူတူပင်ဖြစ်၏။ လွတ်လပ်စွာ ရေးသားခွင့်၊   ပြောဆိုခွင့်များ ဖြစ်သည်။ နိုင်ငံရေး အဖွဲ့အစည်းတစ်ရပ်၊ လူမှုရေး အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံရေးပါတီတစ်ရပ် ထူထောင်မည်ဆိုလျှင် ထို့ထက်စနစ်ကျသော ဖွဲ့စည်းပုံရှိရန် လိုအပ်သည်။ အခြေခံအတွေးအခေါ်၊ သဘော ထားရှိရန် လိုအပ်သည်။ အခြေခံလူတန်းစား ရှိရန် လိုအပ်ပေသည်။

မြန်မာနိုင်ငံတွင် ယခုအချိန်၌ အင်အားအကောင်းဆုံးသော နိုင်ငံရေး ပါတီကြီး နှစ်ရပ်ရှိလာသည်။ ပါတီတစ်ခုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး နောက်တစ်ခုမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဖြစ်လေသည်။ ထိုပါတီများသည် ဘယ်လူတန်းစားကိုအခြေခံပြီး ပြည်သူများကို ဘယ်လိုစည်းရုံး နိုင်မည်။ ပြည်သူလူထု၏ အကျိုးစီးပွားကို ဘယ်လောက် ထမ်းဆောင်နိုင်မည်။ ပြည်သူလူထုအတွက် ဘယ်လောက် အကျိုးစွန့် အနစ်နာ ခံနိုင်မည်ကို နောင်လာမည့် မြန်မာ့သမိုင်းတွင် လူငယ်များကရော၊ ကျွန်တော်တို့ကပါ စောင့်ကြည့် နေရပေမည်။ လူအင်အား မည်မျှပင်တောင့်တင်း၊ မည်မျှပင် ငွေအင်အားကြွယ်ဝ ကြွယ်ဝ ပြည်သူ့အကျိုးစီးပွားကို အထူးသဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမား၊ လယ်သမား များ၏ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်မပေးနိုင်လျှင် ထိုပါတီ သည် ကျဆုံးသွားပေမည်။ ကိုယ်ကျိုးအတွက် တည်ထောင်သော ဘယ်ပါတီမဆို ပြည်သူလူထုက ဖယ်ရှားပစ်မည်မှာ သေချာပေသည်။ သမိုင်းတွင် ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်သော၊ ပြည်သူလူထု၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတိုက်ပွဲတွင် ရှေ့က တားဆီးသော မည် သည့်နိုင်ငံရေးပါတီကိုမဆို ပြည်သူလူထုက ဆွဲယူဖယ်ရှားပြီး မြောင်းထဲပစ်ချခဲ့သည်ကို သမိုင်းတွင် တွေ့ကြုံခဲ့ရပြီးပြီ။

ထို့ကြောင့် နိုင်ငံရေးလှုပ်ရှားမှုနှင့် လူထုလှုပ်ရှားမှုများကို ဆောင်ရွက်တော့မည့် လူငယ်များအဖို့ စိတ်ခံစားမှု သက်သက်ဖြင့် လုပ်ဆောင်၍ မရနိုင် ပေ။ အလေးအနက်ထားပြီး စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်၏။ လက်တွေ့ကျသော၊ ဘဝကပေးသော သင်ခန်းစာများ၊ အတွေ့အကြုံများဖြင့် မိမိတို့နှင့် လိုက်လျော ညီထွေသော အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများကို ဖွဲ့စည်း၍ လှုပ်ရှားသင့်ပါသည်။ သမိုင်း၏ ဖြစ်ရပ်မှန်များကိုလည်း အမှန်အတိုင်း ဂဃနဏ သိရှိနားလည်ရန် လိုပါသည်။ (ပန်းချီဆရာ မောင်ဒီကဲ့သို့ မြန်မာ့နိုင်ငံရေးအကြောင်းကိုလည်း မသိဘဲ ဦးနေဝင်းက ပါတီစုံဒီမိုကရေစီစနစ်သို့ ပြောင်းပေး တော့မည်ကို ဗကပများကြောင့် မပြောင်းခဲ့ဟု သူ့စိတ်ထဲမှ ခံစားချက်၊ ဗကပအပေါ် တစ်ဖက်သတ် အမြင်စောင်းမှု၊ မမှန်ကန်သောသတင်း ယုံကြည်မှု တို့ဖြင့် အမနာပရေးခြင်းမျိုး မဖြစ်သင့်ပေ။ မောင်ဒီအဖို့ သင်ခန်းစာယူရန် သင့်၏။ မိမိမကျွမ်းသော ဘာသာရပ်ကို အခြေမခိုင်ဘဲ မရေးသင့်ပေ။ ကျား ကျားမီးယပ်လုပ်ပြီး ရေးသားလိုက်ခြင်းမျိုးက ကိုယ့်အထုပ်ကိုယ်   ဖြည်ပြသလို ဖြစ်တတ်ပေသည်။ လူငယ်များအတွက် သင်ခန်းစာယူပြီး ထိုသို့ အမြင်စောင်း အစွဲ (Bias) ရှိသည့် အဖြစ်မျိုးကို ရှောင် ကြဉ်ကြကုန်။) လူငယ်များသည် ယခုအချိန်မှစပြီး ပေးလာသော နိုင်ငံရေးအခြေအနေ၊ ပေးလာသော စီးပွားရေး အခြေအနေ၊ ပေးလာသော ပွင့်လင်းမှုများကို အမိအရ ဆုပ်ကိုင်ကာ တိုင်းပြည်နှင့် လူမျိုးအတွက် ရှင်းရှင်းလင်းလင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ ဂိုဏ်းဂဏကင်း ကင်း၊ အာဃာတ ကင်းကင်းဖြင့် ရှေ့ခရီးကို ဆက်ကြရပေလိမ့်မည်။

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment