Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၇.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း မြန်မာ ရေးဆွဲ

(Reuters News မှ 16 Mar 2012  ရက်စွဲပါ “Myanmar drafts new foreign investment rules” ကို ဘာသာ ပြန်ဆိုသည်)

  1. ပေါင်းကူးတံတားထိုးနေသည့် မြန်မာ

(Foreign Policy မှ 14 March 2012 ရက်စွဲပါ Myanmar’s Bridge to somewhere ကို ဘာသာ ပြန်ဆိုသည်)

  1. ပြုပြင်ပြောင်းလဲမှု စစ်မှန်ပါ၏လော

(The Japan Times မှ 16 March 2012 ရက်စွဲပါ Is Burma's reintegration with the west for real? ကို ဘာသာ ပြန်ဆိုသည်)

**********************************************************

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း မြန်မာ ရေးဆွဲ

(Reuters News မှ 16 Mar 2012  ရက်စွဲပါ “Myanmar drafts new foreign investment rules” ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံခြားသားများ အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းထူထောင်ရန်အတွက် ဒေသခံစီးပွားဖက် လိုအပ်တော့မည် မဟုတ်သည့်အပြင် လုပ်ငန်း စတင်သည့်နေ့မှစ၍ ၅ နှစ် အခွန်သက်သာခွင့်ကိုပါ ရရှိလိမ့်မည်ဟု Reuters မှ ရရှိထားသောမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေမူကြမ်းအရ သိရှိရသည်။

ဧပြီလတွင် စတင်မည့် ကျပ်ငွေနှုန်းရှင်ထားသည့် အစီအစဉ်နှင့်အတူ ဝိုင်းဝန်းစောင့်မျှော်ခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ စည်းကမ်းသစ်များသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးစီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း ထင်ဟပ်ပြသနေသည်။ ယခင် အစိုးရ၏ နာတာရှည် စီမံခန့်ခွဲမှု အလွဲများနှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ချွတ်ခြုံကျ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အမေရိကန်နှင့် ဥရောပနိုင်ငံများက မြန်မာအစိုးရအပေါ် ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းရန် အလားအလာရှိနေပြီ ဖြစ်၍ ယခုလပိုင်းများအတွင်း စီးပွားရေး အချက်အချာ ရန်ကုန်မြို့တော်သို့ အုပ်စုလိုက် တစ်ဖွဲဖွဲ ရောက်လာလျက်ရှိသော အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများကို မြန်မာအစိုးရက စတင် ဆွဲဆောင် စည်းရုံးနေပြီ ဖြစ်သည်။ အဆိုပါ ဥပဒေသစ်သည် ကြာမြင့်စွာအပယ်ခံ၊ အထီးကျန်၊ တံခါးပိတ်ထားခဲ့သော မြန်မာနိုင်ငံမှ သိသာထင်ရှားသော စီးပွားရေး ဖြေလျှော့ လိုက်လျောမှုလက္ခဏာများကိုပါ ထင်ဟပ်နေသည်။ အဆိုပါဥပဒေတွင် နိုင်ငံခြားသားများသည် ယခုအခါ ၁၀၀ ရာခိုင်နှုန်း ကိုယ်ပိုင် ကုမ္ပဏီ ထူထောင်ခြင်း (သို့) မြန်မာနိုင်ငံသားများ၊ အစိုးရဌာနများနှင့် ဖက်စပ်ကုမ္ပဏီများ ထူထောင်ခြင်းတို့ကို ပြုလုပ်နိုင်ပြီဟု ဆိုထားသည်။ ဖက်စပ် ကုမ္ပဏီများတွင်မူ နိုင်ငံခြားဖက်မှ အနည်းဆုံး ၃၅ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးရမည်ဟု ဆိုသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အစိုးရထံမှ (သို့) မြေပိုင်ဆိုင်သော ပုဂ္ဂလိကနိုင်ငံသားများထံမှ မြေငှားရမ်း သုံးစွဲနိုင်ပြီ ဖြစ်သည်။ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် အမျိုးအစားပေါ်မူတည်ပြီး ကနဦး နှစ် ၃၀ ငှားရမ်းမည်ဖြစ်၍ တစ်ကြိမ်လျှင် ၁၅ နှစ်စီဖြင့် နှစ်ကြိမ်သက်တမ်း တိုးနိုင်သည်ဟု သိရှိရသည်။

နိုင်ငံခြားကုမ္ပဏီများသည် ကျွမ်းကျင်အဆင့်နှိမ့် ပြည်ပလုပ်သားများကို အလုပ်ပေးခွင့်မရှိကြောင်း ၅ နှစ်သက်တမ်း အပြီးတွင် ကျွမ်းကျင်လုပ်သား ၂၅ ရာခိုင်နှုန်းသည် မြန်မာလုပ်သားများ ဖြစ်နေရမည် ဖြစ်ကြောင်း၊ ထို့အတွက် ကုမ္ပဏီများက လေ့ကျင့်သင်တန်းပေးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။ မြန်မာကျွမ်းကျင်လုပ်သား ပါဝင်မှုအချိုးသည် ၁၀ နှစ်သက်တမ်း အပြီးတွင် ၅၀ ရာခိုင်နှုန်း၊ ၁၅ နှစ် သက်တမ်းအပြီးတွင် ၇၅ ရာခိုင်နှုန်း အသီးသီး ရှိနေရမည်ဟုလည်း စည်းကမ်း သတ်မှတ်ထားသည်။

ပြုပြင်ပြောင်လဲမှုများ နောက်ပြန်လှည့်နိုင်ခြင်း၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရနိုင်ခြင်းတို့ကို စိုးရိမ်ပူပန်နေကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ယခု ဥပဒေသစ်က အာမခံချက် ပေးနိုင်ပါလိမ့်မည်။ ကန်ထရိုက်သက်တမ်း ကာလအတွင်း ခွင့်ပြုထားသော စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင် သိမ်းမည်မဟုတ် ဟုလည်း အစိုးရက အာမခံချက်ပေးထားသည်။

မတ်လကုန်တွင် ပြီးဆုံးတော့မည်ဟု မျှော်လင့်ရသော လက်ရှိလွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကို အတည်ပြုမည့် အလားအလာ ရှိနေသည်။ သမ္မတအနေဖြင့် ဥပဒေကြမ်းကို လက်မှတ်ထိုးရန် (သို့) လွှတ်တော်သို့ ပြန်ပို့ရန် အတွက် ၁၄ ရက် အချိန်ယူမည်ဟု လက်ရှိ အခြေခံဥပဒေက ဆိုထားသည်။ ယခုနောက်ဆုံး ပြုပြင် ပြောင်းလဲမှုများက မြန်မာ့စီးပွားရေး အလားအလာနှင့် ပတ်သက်သော ဆွေးနွေးငြင်းခုံမှုများကို ပိုမို အရှိန် မြင့်လာစေမည် ဖြစ်သည်။

ဗြိတိန်နှင့် ပြင်သစ် နှစ်နိုင်ငံစာလောက် ကျယ်ဝန်းပြီး သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်၊ အရှေ့တောင်အာရှ တို့အကြား မဟာဗျူဟာမြောက် တည်ရှိကာအင်ဒါမန်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာ ရေနက်ဆိပ်ကမ်းများ ရှိနေသောကြောင့် ပေကျင်း၏ အနောက်ဖက် ကုန်းတွင်းပိတ် ဒေသများအတွက် စွမ်းအင် စုဆောင်းရန် မက်လောက်စရာ နယ်မြေဒေသ ဖြစ်လာခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတ အိုဘားမားသည် အီရတ်နှင့် အာဖဂန် စစ်ပွဲများဆီမှ အာရှပစိဖိတ်ဒေသ စီးပွားရေးနှင့် လုံခြုံရေးကိစ္စများဆီသို့ အာရုံပြောင်းလာပြီဖြစ်ရာ နိုင်ငံပေါင်း ၅ နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံသည် အာရှလမ်းကြောင်းများ ဆုံဆည်းရာ လမ်းဝတစ်ခု ဖြစ်လာနေသည်။

                ဗြိတိသျှကိုလိုနီဟောင်း မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ခန့် တံခါးပိတ်ထားခဲ့ခြင်း၏ ရလဒ်ဖြစ်သော ဖွံ့ဖြိုးမှု အတားအဆီးများမှာ ကြောက်မက်ဖွယ်ရာပင် များပြားလွန်းပေသည်။ သိသာသော အဟန့်အတားများမှာ အနောက်နိုင်ငံတို့၏ အရေးယူပိတ်ဆို့မှုများ၊ ဆိုးဝါးလွန်းသော အခြေခံ အဆောက်အဦးများ၊ အားမကိုးရသော ဘဏ်လုပ်ငန်းများ၊ ကျွမ်းကျင်လုပ်သားရှားပါးမှု၊ ချို့ယွင်းချက်များလွန်းသော ရင်းနှီးမြှုပ်နှံမှုဥပဒေများပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မည့် လာမည့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမည် ဆိုပါက ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်း ပေးတော့မည်ဟု အချို့က မျှော်လင့်နေကြသည်။ ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲများမှာမူ အလွန်အကျွံ မရိုးသားမှုများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့သဖြင့် အတုအယောင်ဟု ပြည်တွင်းပြည်ပ အသိုင်းအဝိုင်းက ဝိုင်းဝန်းပြစ်တင် ရှုတ်ချခဲ့ကြသည်။

************************************************************************

ပေါင်းကူးတံတားထိုးနေသည့် မြန်မာ

(Foreign Policy မှ 14 March 2012 ရက်စွဲပါ Myanmar’s Bridge to somewhere ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုက လတ်တလော ကာလများအတွင်း မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရန် အစမ်းသဘောမျိုးဖြင့် ကြိုးစားအားထုတ်မှု ပြုလုပ်ခဲ့စဉ် အိန္ဒိယနိုင်ငံမှာမူ မြန်မာအစိုးရနှင့် သင့်တင့်လျောက်ပတ်သည့် ဆက်ဆံရေးမျိုး အခါအားလျော်စွာ ရရှိခဲ့သည်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သောကြောင့် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းမှာ လူ့အခွင့်အရေးအဖွဲ့များ၏ ပြစ်တင် ဝေဖန်ခြင်း ခံခဲ့ရသည်။ "မြန်မာစစ်အာဏာရှင်ကို ဖိတ်မဏ္ဍကပြုမိသည့်အတွက် အိန္ဒိယပြည် ဒီမိုကရေစီမှာ ဆိတ်သုန်းစ ပြုလာပြီဖြစ်သည်" ဟုပင် ပြောဆိုခဲ့ကြသည်။

မြန်မာနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးပြန်လည်ထူထောင်လာချိန်တွင် ၁၀၁၉ မိုင်ရှည်လျားသည့် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ တစ်လျှောက် လတ်တလောလှုပ်ရှားမှုများ ပြန်လည်ဖြစ်ပေါ်လာသည်။ ယခုကာလသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ ပြည်နယ် ၇ ခုအတွက် ဆယ်စုနှစ် တစ်ခုအတွင်း ပုန်ကန်ထကြွမှု အနည်းဆုံး ဖြစ်ပေါ်သည့်ကာလဖြစ်သည်။ နယ်စပ်ဒေသတစ်လျှောက်မှ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး အပြောင်းအလဲက အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှဒေသအတွက် လူမှုစီးပွားရေး ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာဆောက်လုပ်ရေးဝန်ကြီးတို့ နယူးဒေလီတွင် တွေ့ဆုံကာ နှစ်နိုင်ငံ အကြား လေကြောင်းဆက်သွယ်ရေးနှင့် အမြန်လမ်းဆက်သွယ်ရေး တိုးချဲ့နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ မဏိပူရပြည်နယ် Tamenglong ခရိုင်မှ တောင်ပေါ်ဒေသတွင် နေထိုင်သူ နာဂတိုင်းရင်းသားတို့၏ နာဂဒေသနှင့် ပေါင်းကူးတံတားထိုးရန်လည်း ဆွေးနွေးခဲ့ကြသည်။ ညီညွတ်သော နာဂကောင်စီ (UNC) သည် အဆိုပါဒေသဖွံ့ဖြိုးတိုးတက်ရန် ဆောင်ကြဉ်းပေးမှုများကို လအတန်ကြာ ခုခံခဲ့ကြသည်။

နယူးယောက်တိုင်းမ် သတင်းစာအဆိုအရ အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဒေသကို ဖြတ်သန်းသွားသည့် လမ်းဟောင်းကြီး အချို့ ရှိနေကြောင်းသိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ဗိုလ်ချုပ် Joseph Stilwell ၏အုပ်ချုပ်မှုဖြင့် ဖောက်လုပ်ခဲ့သော စတီးဝဲလ် လမ်းမကဲ့သို့သော လမ်းဟောင်းကြီးများရှိသည်။ ထို စတီးဝဲလ်လမ်းမမှာ ယခုအခါ တစ္ဆေလမ်း(Ghost Road) ဟုလူသိများလာကြပြီး နာဂနှင့် ကချင်လက်နက်ကိုင် သူပုန်များက လက်နက်နှင့် မူးယစ်ဆေးဝါး၊ အထူးသဖြင့် ဘိန်းမှောင်ခိုကူးရာတွင် အသုံးပြုလေ့ ရှိကြသည်။ သို့တိုင်အောင် အဆိုပါ လမ်းမမှာ ယခုအခါ တဖြည်းဖြည်းချင်း ဥပဒေ အလင်းရောင်အောက်သို့ ပြန်လည် ဝင်ရောက်လာပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ မြန်မာအစိုးရက အိန္ဒိယနိုင်ငံတွင်းသို့ လက်နက်နှင့် မူးယစ်ဆေးမှောင်ခို တင်သွင်းနေမှုများ လျော့ကျသွားအောင် စိတ်ပါလက်ပါ လုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိဟု အိန္ဒိယ အာဏာပိုင်များက ပြောဆိုသည်။ အိန္ဒိယအစိုးရသည် ၁၉၉၁ ခုနှစ်တွင် “အရှေ့မျှော်မူဝါဒ” ကို စတင်ဖော်ထုတ်ကာ အရှေ့ဒေသမှ အိမ်နီးချင်းများနှင့် ဆက်ဆံရေး ကောင်းမွန်လာအောင် ကြိုးပမ်းခဲ့သည်။ ဝေဖန်ရေးသမားများကမူ အိန္ဒိယအနေဖြင့် အရှေ့မျှော်မူဝါဒ သက်ဝင်လာအောင် အနည်းငယ်မျှသာ ကြိုးပမ်းခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ယခုအခါ အိန္ဒိယအစိုးရက ၎င်း၏ မူဝါဒပိုမိုသက်ဝင်လာမည့် နည်းလမ်းရှာဖွေလျက် ရှိသည်မှာ ရှင်းလင်းနေပေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမိတ်ဖက် နိုင်ငံမှာ တရုတ်ပြည်သာဖြစ်ခဲ့ပေရာ ပေကျင်းအနေဖြင့် မဟာဗျူဟာအကျိုးအမြတ် အမြောက်အမြား ရရှိခဲ့သည် မဟုတ်ပါလော။

*********************************************************************

ပြုပြင်ပြောင်းလဲမှု စစ်မှန်ပါ၏လော

(The Japan Times မှ 16 March 2012 ရက်စွဲပါ Is Burma's reintegration with the west for real? ကို ဘာသာ ပြန်ဆိုသည်)

လူမျိုးရေး ပဋိပက္ခများ၊ လူသားချင်း စာနာထောက်ထားစရာ ကပ်ဘေးဒုက္ခများက ရောမွှေ နှိပ်စက်နေသော ကမ္ဘာကြီးတွင် သံတမန်များအနေဖြင့် ထူးခြား ပြောင်မြောက်စွာ ဆောင်ရွက် လုပ်ဆောင်နေကြသည်ဟု ဆိုနိုင်သော နေရာအချို့ ရှိနေသည်။ ယင်းတို့အနက် တစ်နေရာမှာ မြန်မာနိုင်ငံပင် ဖြစ်သည်။

အကြောင်းရင်းမှာ မြန်မာနိုင်ငံသည် မကြာသေးမီ အချိန်ထိအောင် ညှာတာမှု ကင်းသော တပ်မတော်အစိုးရ၏ ညှင်းပန်းနှိပ်စက်မှုများ၊ တိုင်းရင်းသား ပဋိပက္ခများ၊ သဘာဝကပ်ဘေးဒုက္ခမှ ပြန်လည်ထူထောင်ရခြင်းတို့ကို ကြုံတွေ့ခဲ့ရသော အထီးကျန်၊ အပယ်ခံ နိုင်ငံတစ်ခု ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်သည်။ မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်ပြီး ပြန်ရောက်လာကာစ ဖြစ်သော ကုလ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီယာက မြန်မာနိုင်ငံတွင် သိသိသာသာ အကောင်းဖက် ရောက်လာသော ပြောင်းလဲမှုများ ရှိနေပြီဟု မှတ်ချက် ပေးသည်။ "အရပ်ဖက်အစိုးရ တက်လာပြီး တစ်နှစ်လောက် ကြာတဲ့အချိန်မှာ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အဓိကကျတဲ့ ပြောင်းလဲမှု အစိတ်အပိုင်းတွေပါပဲ။ ဒါပေမဲ့ မြန်မာဟာ အသွင်ကူးပြောင်းမှုကို စတင်ကာစပဲ ရှိပါသေးတယ်" ဟု ယင်းက သတိပေး ပြောကြားသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ယခုကဲ့သို့ အမွှန်းတင်သော သတင်းစာရှင်းလင်းပွဲမျိုး လုပ်လေ့လုပ်ထ နည်းပါးသော်လည်း မြန်မာနိုင်ငံ၏ တံခါးဖွင့် ကြိုဆိုမှုကို အားလုံး လည်ပင်းရှည်အောင် စောင့်မျှော်ခဲ့ကြရသောကြောင့် ထိုကဲ့သို့ အားရ ကျေနပ်နေကြခြင်း ဖြစ်ဖွယ်ရှိသည်။ ဆိုရှယ်လစ်ဝါဒ၊ အမျိုးသားရေး အစွန်းရောက်ဝါဒ၊ ဖုံးကွယ်သိုဝှက်ခြင်းတို့ ပေါင်းစည်းထားသော ခေတ်နောက်ပြန်ဆွဲဝါဒီ တပ်မတော်အစိုးရက ၁၉၆၂ မှ ၂ဝ၁ဝ ထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်။ အမည်အမျိုးမျိုး ပြောင်းလဲ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရ၏ ဒီမိုကရေစီ နှိမ်နင်းဖြိုခွဲမှု၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများက အမေရိကန်နှင့် အီးယူတို့၏ ပစ်ပယ်မှု၊ အရေးယူ ပိတ်ဆို့မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။

မြောက်ဖက်တွင် တရုတ်၊ အနောက်ဖက်တွင် အိန္ဒိယ၊ အရှေ့တွင် ထိုင်း၊ တောင်ဖက်တွင် ဘင်္ဂလား ပင်လယ်အော်တို့နှင့် ထိစပ်နေသော မြန်မာနိုင်ငံသည် ဒေသတွင်း အပြိုင်အဆိုင် အင်အားပါဝါများအကြား ပထဝီ နိုင်ငံရေး အချက်အချာအဖြစ် မဟာဗျူဟာမြောက် တည်ရှိလျက် ရှိသည်။ သမိုင်းနောက်ခံ အရလည်း မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ဗြိတိသျှ ကိုလိုနီ အိန္ဒိယနှင့် တရုတ်တို့အကြားတွင် ဟန်ချက် ထိန်း၍ ရပ်တည်ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းကလည်း Burma Road သည် တရုတ်ဖြူ အမျိုးသားတပ်များ၏ ထောက်ပံ့ ဆက်သွယ်ရေး အသက်ကယ် နောက်ဖေးတံခါးပေါက် ဖြစ်ခဲ့ဖူးကာ ယခုအချိန်တွင်မူ တရုတ်တို့ နယ်ပယ်ချဲ့ထွင်ရာ ဆက်ကြောင်းသစ်တစ်ခု ဖြစ်လာပြီ ဖြစ်သည်။

သယံဇာတ ကြွယ်ဝ၍ လူဦးရေ သန်း၆ဝ နေထိုင်သော မြန်မာနိုင်ငံကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အထောက်အကူ ပေးကာ အပိုင် ကပ်ပေါင်းထားသော တရုတ်တို့သည် မြန်မာအစိုးရအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် လူ့အခွင့်အရေးဆိုင်ရာ အရေးယူ ဆုံးဖြတ်မှုများမှ ကာကွယ်ပေးခဲ့သည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံမှ ကျွန်းနှင့် သစ်မာ၊ ကျောက်မျက်ရတနာ၊ ရေနံ၊ ဓာတ်ငွေ့များကို အပြောင်ရှင်း ထုတ်ယူလျက် ရှိသော တရုတ်နိုင်ငံသည် မြန်မာ့ အနောက်ကမ်းရိုးတန်းကို အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်အဖြစ် အသုံးချရန် အပူတပြင်း လုပ်ဆောင်နေသည်။

သို့သော်လည်း ဧရာဝတီမြစ်ဖျားတွင် အငြင်းပွားဖွယ် အကြီးစား ရေလှောင်တမံ ဆောက်လုပ်မည့် တရုတ်တို့၏ ကြိုးပမ်းမှုမှာမူ အလှမ်း ဝေးသွားခဲ့ပြီ ဖြစ်သည်။ ထိုသို့ မြန်မာတို့၏ အရပ်သားတစ်ပိုင်း တပ်မတော်အစိုးရသစ်က မြစ်ဆုံတမံကို ရပ်ဆိုင်းလိုက်ခြင်းသည် ပေကျင်း၏ "အစ်ကိုကြီး ဓလေ့ထုံးစံ"၊ အနောက်နိုင်ငံများကို သတိနှင့် ပြန်လည် ပေါင်းသင်းလိုသော အစိုးရသစ်၏ ဆန္ဒတို့ကြောင့် ဖြစ်သည်ဟု အကဲခတ်လေ့လာသူများက ဆိုကြသည်။

လူသူ ခေါင်းပါးသည့် မြို့တော် နေပြည်တော်မှ မြန်မာတစ်နိုင်ငံလုံးကို အာဏာ ဖြန့်ကျက်နေသော အစိုးရသစ်သည် ယခုအခါ ဂျပန်အပါအဝင် အနောက် အင်အာကြီး နိုင်ငံများကို သိမ်းသွင်း စည်းရုံးလျက် ရှိသည်။ ရလဒ်အနေဖြင့် ပြီးခဲ့သော ဒီဇင်ဘာတွင် မြန်မာအစိုးရတာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အင်အားစုများကို တွေ့ဆုံဆွေးနွေးရန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဦးဆောင်သော အမေရိကန် သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ယင်းမှာ ၁၉၅၅ ခုနှစ်က နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာ ဒူးလက်စ်၏ ခရီးစဉ်နောက်ပိုင်း အဆင့်မြင့်ဆုံး အမေရိကန်တာဝန်ရှိသူတစ်ဦး လာရောက်ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နောက်ဆုံးအကြိမ် ထိန်းသိမ်းခံဂသော ၂ဝဝ၃ ခုနှစ် မတိုင်မီ အဓိက အလှူရှင်ဖြစ်သူ ဂျပန်နိုင်ငံသည် ဖွံ့ဖြိုးရေး ချေးငွေနှင့် ကယ်ဆယ် ထောက်ပံ့ရေး ရံပုံငွေကိစ္စများကို ပြန်လည် စတင်၍ ဆွေးနွေးနေပြီလည်း ဖြစ်သည်။ အာဆီယံအဖွဲ့မှာမူ သဘာဝအလျှောက်ပင် နိုင်ငံရေး၊ စီးပွားရေးအရ ဩဇာရှိသော ကဏ္ဍမှ ပါဝင်နေပြီးဖြစ်ပေသည်။ လက်ရှိအနေအထား၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ကြားဖြတ်ရွေးကောက်ပွဲအပေါ်တွင် အရာများစွာ မူတည်လျက် ရှိသည်။

ကုလကိုယ်စားလှယ် နမ်ဘီယာက လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် ဒီမိုကရေစီ ကူးပြောင်းမှု လုပ်ငန်းစဉ်အပေါ် အစိုးရသစ်၏ အားပေးနိုင်စွမ်းကို အကဲစမ်းလိမ့်မည်ဟု အလေးအနက် ထုတ်ဖော် ပြောဆိုထားသည်။ မြန်မာနိုင်ငံဆက်လက် ပြောင်းလဲရေးအတွက် အခွင့်အလမ်းများကို ဖမ်းဆုပ် ကြရမည်လည်း ဖြစ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို ဖယ်ရှားပေးခြင်းအားဖြင့် မြေဇာပင် ပြည်သူတို့၏ လိုအပ်ချက်များကို အင်တိုက်အားတိုက် တုံ့ပြန်ဖြည့်ဆည်း ပေးကြရမည်ဟု နမ်ဘီယာက ဆက်လက်ဆိုသည်။

မြန်မာပြည်သူများက နိုင်ငံတကာ အသိုင်းအဝိုင်း၏ အရှိန်မြှင့် ကူညီမှုကို မျှော်လင့်နေကြမည် ဖြစ်သော်လည်း တင်းမာသော မြန်မာ စစ်ခေါင်းဆောင်များကလည်း လောင်းရိပ်အောက်မှ ထွက်ကာ ရည်ရွယ်ချက်များကို ပွင့်ပွင့်လင်းလင်း ပြသကြရမည် ဖြစ်သည်။ အကယ်၍ မြန်မာခေါင်းဆောင်များ အနေဖြင့် နိုင်ငံ၏အထီးကျန် စုတ်ပြတ်မှုကို အမှန်တကယ် အဆုံးသတ်လိုပါက ကတိစကားများကို ယုံကြည်ရလောက်အောင် လက်တွေ့ သက်သေပြခြင်းဖြင့် စတင်ကြရမည် ဖြစ်သည်။

"ဒီကိစ္စက လတ်တလော နားထောင်ကောင်းတဲ့ စကားတွေ ပြောနေရုံနဲ့ မလုံလောက်သေးပါဘူး။ သူတို့ကိုယ် သူတို့ ဥပဒေရဲ့ အထက်မှာ ရှိနေတယ်လို့ သတ်မှတ်နေကြသေးတဲ့ တပ်မတော် လူ့မလိုင်လွှာကို ဇတ်ကြိုးသတ်ဖို့ လုပ်ရဦးမှာပါ" ဟု ဒီမိုကရေစီသတင်း ဝက်ဘ်ဆိုက်တစ်ခုက သုံးသပ် ရေးသားထားသည်။ ယခုအခါ ဗြိတိန်နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ ရုတ်သိမ်းပေးရန် ပြင်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံကို ချောက်ကမ်းပါးစွမ်းမှ ပြန်လည် ဆွဲခေါ်ရေးအတွက် ထိရောက်သော အကူအညီများ ကမ်းလှမ်းနေကြပြီ ဖြစ်၍ ဒေသတွင်း အာဆီယံနိုင်ငံ များကလည်း မြန်မာ၏ ပစ်ပယ်ခံ အနေအထားကို အဆုံးသတ်ပေးရန် အတွက် အရေးကြီးဆုံးကဏ္ဍမှ ပါဝင်ကြရန် အသင့်ရှိနေကြပြီ ဖြစ်သည်။

************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment