Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၂.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. အမေရိကန်၊ အီးယူနှင့် ကုလ ရွေးကောက်ပွဲ လေ့လာသူများကို မြန်မာဖိတ်ကြား

(EU Business မှ 21 March 2012 ရက်စွဲပါ Myanmar invites US, EU, UN election observers သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်း ရက်ချာဘူရီ ကုမ္ပဏီက ထားဝယ် ဓာတ်အားပေး စက်ရုံကိစ္စ နှစ်လသုံးလအတွင်း ဆုံးဖြတ်မည်

(Reuters မှ 21 March 2012 ရက်စွဲပါ Thai Ratchaburi to decide on Dewai plant in 2-3 months သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဂြိုလ်တုလွှတ်တင်ရန် ကြေညာအပြီး တရုတ်က မြောက်ကိုရီးယားနှင့် ပွင့်လင်းစွာ ဆွေးနွေး

(CNN မှ 19 March 2012 ရက်စွဲပါ Jaime A. FlorCruz ရေးသားသော China holds 'frank' talk with North Korea after satellite announcement သတင်းကို ဘာသာ ပြန်ဆိုသည်)

********************************************************

အမေရိကန်၊ အီးယူနှင့် ကုလ ရွေးကောက်ပွဲ လေ့လာသူများကို မြန်မာဖိတ်ကြား

(EU Business မှ 21 March 2012 ရက်စွဲပါ Myanmar invites US, EU, UN election observers သတင်းကို ဘာသာ ပြန်ဆိုသည်)

လာမည့်လ ကြားဖြတ်ရွေးကောက်ပွဲများအား အနီးကပ် ကြည့်ရှုနိုင်ရန် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကုလ သမဂ္ဂတို့မှ ရွေးကောက်ပွဲ လေ့လာသူများကို မြန်မာနိုင်ငံက ဖိတ်ကြားခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ယင်းတို့သည် အာဆီယံနိုင်ငံများမှ စေလွှတ်သော ရွေးကောက်ပွဲ လေ့လာသူ နှစ်ဆယ်ခန့်နှင့်အတူ ပူးပေါင်း လေ့လာနိုင်မည် ဖြစ်သည်။

"အာဆီယံ၊ အီးယူ၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ပူးပေါင်းအဖွဲ့နဲ့ အလားသဏ္ဌာန် တူသွားပါလိမ့်မယ်" ဟု အမည်မဖော်လိုသူ အဆိုပါ တာဝန်ရှိသူက AFP သို့ ပြောသည်။ "နိုင်ငံခြားက လူတွေ စေလွှတ်မှာလား။ ပြည်တွင်းက လူကိုပဲ ခိုင်းမှာလားဆိုတာကတော့ အဆိုပါ နိုင်ငံတွေအပေါ် မူတည်ပါတယ်" ဟု ယင်းက ပြောသည်။ သို့သော် လေ့လာသူ မည်မျှ ခွင့်ပြုမည် ဆိုသည်ကိုမူ ပြောကြားခြင်း မရှိပေ။

မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးကလည်း နိုင်ငံတကာ လေ့လာသူများ ခွင့်ပြုမှုကို ကြိုဆိုခဲ့သည်။ "သူတို့ရဲ့ ခြေလှမ်းက အားတက်ဖွယ် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဒီရွေးကောက်ပွဲဟာ အရေးကြီးတယ်လို့ ကျွန်တော် ခံစားမိပါတယ်" ဟု သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Mike Quinin က ပြောသည်။ သို့သော် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မူမမှန်မှုများနှင့် ပတ်သက်သော သတင်းပေးပို့မှုများ၊ ခြိမ်းခြောက်မှုများ စသည်တို့ကို ကိုင်တွယ်ရန်လိုအပ်သည်ဟု ယင်းက ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တပ်မဟာမိတ် နိုင်ငံရေးပါတီက အနိုင်ရရှိခဲ့ရာ ခြိမ်းခြောက်မှုများ၊ လိမ်ညာမှုများ ရှိကြောင်း တိုင်ကြားမှုများကြောင့် အကျည်းတန်ခဲ့ရသည်။ ထိုစဉ်က နိုင်ငံခြား ရွေးကောက်ပွဲ လေ့လာသူများနှင့် နိုင်ငံတကာ မီဒီယာများကို ခွင့်မပြုခဲ့ပေ။

***********************************************

ထိုင်း ရက်ချာဘူရီ ကုမ္ပဏီက ထားဝယ် ဓာတ်အားပေး စက်ရုံကိစ္စ နှစ်လသုံးလအတွင်း ဆုံးဖြတ်မည်

(Reuters မှ 21 March 2012 ရက်စွဲပါ Thai Ratchaburi to decide on Dewai plant in 2-3 months သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ ရက်ချာဘူရီ ကုမ္ပဏီ (Ratchaburi Electricity Generating Holding Pcl) သည် မြန်မာနိုင်ငံ ထားဝယ်တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းအား စွန့်လွှတ်လိမ့်မည် မဟုတ်ဘဲ လောင်စာဆီသုံး အမျိုးအစား စက်ရုံတည်ဆောက်ရေးကို နှစ်လ သုံးလအတွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အကြီးတန်း အမှုဆောင်တစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

"ထားဝယ်စီမံကိန်းကို ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်နေပါတယ်။ အခုတော့ ဘယ်လို ပုံစံမျိုး ရင်းနှီးမြှုပ်နှံရမယ် ဆိုတာ လေ့လာနေပါတယ်။ ဓာတ်အားပေး စက်ရုံအတွက် လောင်စာဆီသုံး စက်ရုံ တည်ဆောက်ဖို့ စဉ်းစားနေပါတယ်" ဟု အကောင်အထည်ဖော်ရေး အရာရှိချုပ် Peerawat Pumthong က သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ရက်ချာဘူရီသည် ထိုင်းနိုင်ငံတွင် အကြီးဆုံး ပုဂ္ဂလိက ဓာတ်အား ထုတ်လုပ်သူ ဖြစ်သည်။

မြန်မာအစိုးရသည် ဇန်နဝါရီလက ပတ်ဝန်းကျင်ဆိုင်ရာ ကန့်ကွက်မှုများကြောင့် မဂ္ဂါဝပ် လေးထောင် ထုတ်လုပ်နိုင်မည့် ထားဝယ် အထူး စက်မှုဇုန်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ရုတ်တရက် ရပ်နားခဲ့သည်။ မဂ္ဂါဝပ် လေးရာ ထုတ်လုပ်မည့် ကျောက်မီးသွေး မသုံးသည့် စက်ရုံမှာမူ ဆက်လက် ရှိနေဆဲ ဖြစ်သည်။

"ကျွန်တော်တို့ မဂ္ဂါဝပ် လေးရာကို ပြန်စဉ်းစားနေပါတယ်" ဟု Peerawat က ပြောသည်။ Peerawat သည် နိုဝင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ၏ အကြီးဆုံး အဆောက်အဦး ကန်ထရိုက်တာ အီတာလျှံ-ထိုင်း နှင့် သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ရာ စီမံကိန်း ဖွံ့ဖြိုးမှုအတွက် ကနဦး ခြေလှမ်းအဖြစ် ဖြစ်နိုင်ခြေ လေ့လာမှု တစ်ခု လုပ်ဆောင်ရန် ပါရှိသည်။

သို့သော် အီတာလျံ-ထိုင်းက မြန်မာနိုင်ငံ တောင်ပိုင်းတွင် ၂၅ဝ စတုရန်း ကီလိုမီတာကို အရှေ့တောင်အာရှ၏ အကြီးဆုံးစက်မှုဇုန်အဖြစ် ပြောင်းလဲရန် အစီအစဉ်ကို သံသယများ ရှိနေကြသည်။

အီတာလျံ-ထိုင်းသည် ပထမဆင့်အဖြစ် လမ်းများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ ဝန်ဆောင်မှုများနှင့် ဆိပ်ကမ်းအတွက် လိုအပ်သော ဒေါ်လာ ၈.၅ ဘီလျံ ငွေကြေးအတွက် သေချာမှု မရှိသေးပေ။ ရက်ချာဘူရီတွင် နိုင်ငံပိုင် ထိုင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT) က ၄၅% ပိုင်ဆိုင်ထားသည်။

Peerawat က သီးခြား ပြောကြားခဲ့ရာတွင် ရက်ချာဘူရီသည် ကမ္ဘောဒီးယားနိုင်ငံ၌ လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် လေ့လာလျက် ရှိရာ ၂ဝ၁၂ တတိယ လေးလပတ်ထက် နောက်မကျစေဘဲ ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ရသည်။

ရက်ချာဘူရီမှ ရှယ်ယာများသည် ဒေါ်လာ ၁.၉၆ ဘီလျံ တန်ဖိုးရှိပြီး ၄၁.၇၅ ဘတ်တွင် ဝ.၆% ဖြင့် ရပ်တန့်သွားသည်။ အဓိက ညွှန်းကိန်းမှာ ဝ.၉% ထိ တက်လာခဲ့သည်။

************************************************

ဂြိုလ်တုလွှတ်တင်ရန် ကြေညာအပြီး တရုတ်က မြောက်ကိုရီးယားနှင့် ပွင့်လင်းစွာ ဆွေးနွေး

(CNN မှ 19 March 2012 ရက်စွဲပါ Jaime A. FlorCruz ရေးသားသော China holds 'frank' talk with North Korea after satellite announcement သတင်းကို ဘာသာ ပြန်ဆိုသည်)

ပြုံယမ်းက ဂြိုလ်တုလွှတ်တင်ရန် အစီအစဉ်ကို ကြေညာအပြီးတွင် နိုင်ငံတကာမှ ကန့်ကွက်မှုများကို လှုပ်နှိုးခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်၏ အခြေအနေနှင့် ပတ်သက်၍ မြောက်ကိုရီးယားနှင့် ပွင့်လင်းစွာ လေးနက်စွာ ဆွေးနွေးခဲ့ကြောင်း တရုတ်က ပြောသည်။

ကိုရီးယားကျွန်းဆွယ်နှင့် ပတ်သက်သော တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Wu Dawei သည် မြောက်ကိုရီးယား အကြီးတန်း နျူကလီယာ စေ့စပ်ညှိနှိုင်းသူ Ri Yong Ho နှင့် တနင်္လာနေ့က ဘေဂျင်းတွင် တွေ့ဆုံခဲ့သည်။

Wu က တရုတ် CCTV သို့ ပြောကြားရာတွင် ယင်းနှင့် Ri တို့သည် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေး ထိန်းသိမ်းရန်နှင့် ပြုံယမ်း၏  ဂြိုလ်တုအစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့သည်ဟု ဆိုသည်။

တရုတ်သည် မြောက်ကိုရီးယားအပေါ် တာဝေးပစ် ဒုံးကျည် အစီအစဉ်အား ဖိအားပေးသည့် သဘော ရှိနေသည်။ ပြုံယမ်းကမူ ဒုံးကျည်တွင် ကမ္ဘာပတ်လမ်းထဲသို့ လွှတ်တင်မည့် ဂြိုလ်တု တင်ဆောင်ထားသည်ဟု ဆိုသည်။

တောင်ကိုရီးယားကမူ အဆိုပါ ကြေညာချက်သည် အလေးအနက်ထားရမည့် ရန်စမှုဟု ဆိုခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို သွေဖယ်နေသည်ဟု ပြောခဲ့သည်။

ဂျပန် ကာကွယ်ရေးဝန်ကြီး Naoki Tanaka က ယင်းအစီအစဉ်သည် ဂျပန်နိုင်ငံအတွက် အန္တရာယ်ရှိသည်ဟု ဆိုပါက အဆိုပါ ဒုံးပျံကို ဖျက်ဆီးပစ်ရေးကို အမိန့်ပေးရန် စဉ်းစားရလိမ့်မည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

တရုတ် အမှုဆောင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zhang Zhijun သည် သောကြာနေ့က မြောက်ကိုရီးယား သံအမတ် Ji Jae Ryong နှင့် တွေ့ဆုံ အပြီးတွင် စိုးရိမ်မှုကို ဖော်ထုတ်ခဲ့သည်ဟု Xinhua သတင်းဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ "ကျွန်တော်တို့အနေနဲ့ ရိုးရိုးသားသား မျှော်လင့်တာ ကတော့ သက်ဆိုင်တဲ့ နိုင်ငံတွေအနေနဲ့ အေးအေးဆေးဆေး ရှိနေကြစေပြီး ပိုမိုရှုတ်ထွေးလာမယ့် တင်းမာမှုတွေ မြင့်တက်လာမှကို ရှောင်ရှားဖို့ပါပဲ" ဟု Zhang က ပြောခဲ့သည်ကို ကိုးကား၍ ဆင်ဟွာက သတင်း ထုတ်ပြန်ခဲ့သည်။

တရုတ်သည် အိမ်နီးချင်းအပေါ် လူသိရှင်ကြား ဖိအားပေးခဲလှသော နိုင်ငံဖြစ်သည်။ မြောက်ကိုရီးယားသည် ဘေဂျင်း၏ နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန်ရေးအရ ထောက်ခံ ပံ့ပိုးမှုပေါ်တွင် တည်မှီနေရသည်။ ဒုံးပျံလွှတ်တင်မှုကို ဧပြီလ ၁၂ ရက်မှ ၁၆ ရက်အတွင်း လုပ်ဆောင်မည် ဖြစ်ပြီး မြောက်ကိုရီးယားသည် ပညာရှင်များနှင့် မီဒီယာများကို ကြည့်ရှုရန် ဖိတ်ကြားမည်ဟု စီစဉ်ထားသည်ဆိုသည်။ ပြုံယမ်းသည် IAEA ကိုလည်း ပြန်လာရန် ဖိတ်ကြားထားကြောင်း IAEA က တနင်္လာနေ့က ပြောကြားခဲ့သည်။

****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment