Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၂.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်အားထုတ်ရမည်

**************************************

ဆောင်းပါးကဏ္ဍ

ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်အားထုတ်ရမည်

မိုးမြင့်ငြိမ်း

ယခုတလောစာရေးသူမှာ မီဒီယာအပေါ် တရားစွဲဆိုမှုများ ဖြစ်ပေါ်နေရသည့် သတင်းများကို ဖတ်ရှုရင်း တရားဥပဒေစိုးမိုးရေးအတွက် မီဒီယာ ထိန်းကျောင်းမှုအရေးပါပုံကိုယခင်ကထက် ပိုမိုသိမြင်နားလည်ခဲ့သည်။ မီဒီယာဆိုသည်မှာလည်းအရပ်ဖက်လူ့အဖွဲ့တွင်ပါဝင်သည့် ဒီမိုကရေစီနိုင်ငံရေးတွင် အရေးပါသည့် အင်စတီကျူးရှင်းတစ်ခု ဖြစ်သည်။ မီဒီယာဆိုသည်မှာအာဏာကိုစောင့်ကြည့်ထိန်းကျောင်းသည့် အလုပ်ဖြစ်သောကြောင့် လူ့အဖွဲ့အစည်း အတွင်း လွဲချော်နေသည့် အဂတိတရားများကို ပြည်သူများသိရှိစေဖို့ agenda setting တာဝန်ကိုပါ ယူရသည့်အတွက် power professional လည်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဥပဒေအထက်တွင် မည်သူမျှမရှိ၊ ဥပဒေပြင်ပတွင် မည်သူမှမရှိ”ဟုဆိုကာတရားဥပဒေစိုးမိုးမှု အရေးကြီးကြောင်း ဖော်ကျူးခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း “မီဒီယာလွတ်လပ်ခွင့်ရှိမှ ဥပဒေစိုးမိုးရေး ဖေးမပေးနိုင်မှာဖြစ်သလို မီဒီယာကိုကန့်သတ်တယ်ဆိုတာ ဒီနိုင်ငံရဲ့တိုးတက်ရေးကို ကန့်သတ်တာနဲ့ အတူတူပဲ”ဟု ဆိုသွားခဲ့ပါသည်။ နိုင်ငံတော် အကြီးအကဲပိုင်းကလည်း တရားဥပဒေစိုးမိုးရေးကို အလေးထားသလို အတိုက်အခံခေါင်းဆောင်များကလည်း တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် မီဒီယာလွတ်လပ်ခွင့်မှာ အရေးကြီးကြောင်း သဘောထားထုတ်ဖော်ခဲ့ပါသည်။ ဝါရင့်သတင်းစာဆရာကြီး တစ်ဦးဖြစ်သူ မောင်ဝံသမှလည်း စီးပွားရေးသမား တစ်ဦး လူသိရှင်ကြား မီဒီယာအပေါ် အသုံးချခံအဖြစ် သဘောထားကာ တိုက်ခိုက်ဝေဖန်ခဲ့ခြင်းကို “စတုတ္ထုမဏ္ဍိုင်ကို မထိပါးနဲ့” ဟူ သောဆောင်းပါးဖြင့် ပြန်လည်ရေးသားခဲ့သည်မှာလည်း အတော်ဂယက်ရိုက်ခဲ့ပါသည်။

ဒီမိုကရေစီနိုင်ငံရေးတွင် အချုပ်အခြာအာဏာသုံးရပ် ခွဲခြားပြီး အပြန်အလှန်ထိန်းကျောင်းမှုများ ဆောင်ရွက်သည့်စနစ် ဖြစ်သော်လည်း လူမှု လူတန်းစာအလွှာအသီးသီးသို့ ထိုးဖောက်ဝင်ရောက်ပြီး ဖြစ်ပျက်သမျှကိစ္စအလုံးစုံကို အသေးစိတ် မေးမြန်းထောက်လှမ်း၍ ပြည်သူများထံတင်ပြသည့် မီဒီယာ၏ အခန်းကဏ္ဍ၌ မပါဝင်ခဲ့လျှင် အပြန်အလှန်ထိန်းကျောင်းမှုကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ထိုကြောင့် သတင်း မီဒီယာမှုာ မဏ္ဍိုင်ကြီးတစ်ရပ်အဖြစ် ရပ်တည်ကာ အပြန်အလှန်ထိန်းကျောင်းမှုရှိသည့် ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်၏ အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လာရမြဲ ဖြစ်ပါသည်။ မီဒီယာမှာတရားဥပဒေစိုးမိုးရေးအတွက် အရေးကြီးကြောင်းကို အိန္ဒိယနိုင်ငံတွင် ဖြစ်သွားခဲ့သည့် တကယ့်ဖြစ်ရပ်မှန် ရုပ်ရှင်ကားတစ်ကားကို ကြည့်ခဲ့ ရပါသည်။ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အကျင့်ပျက်လာဘ်စားမှုများ ပေါများနေသေးသည့် နိုင်ငံဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကလည်းအန်နာဟဇဲဆိုသည့် လာဘ်ပေးလာဘ်ယူ ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူမှာ အစာငတ်ခံ ဆန္ဒပြခဲ့သည်။ ၎င်းကို အာဏာပိုင်များက ထိန်းသိမ်းရာ ထောင်ပါးများစွာသော ပြည်သူများကမကျေနပ်၍ အုတ်နှင့်ကျင်းနှင့် ချီတက်ဆန္ဒပြခဲ့ကြသည့်အတွက် မူဝါဒချမှတ်သူများ ကြားတွင် လာဘ်ပေးလာဘ်ယူပြဿနာကိုအလေးထားကိုင်တွယ်လာခဲ့သည်။ စာရေးသူ ကြည့်ခဲ့သည့် ရုပ်ရှင်မှာလည်း အဂတိတရားကြောင့် တရားဥပဒေ စိုးမိုးမှု မရှိခဲ့သည်ကို သတင်းထောက်တစ်ဦး၏ စူးစမ်းထောက်လှမ်းမှု သတင်းအတတ်ပညာဖြင့် (Investigative Journalism) ပြည်သူများနှင့် အိန္ဒိယ ဗဟိုအစိုးရ  တာဝန်ရှိသူများပါသိအောင် တင်ပြဖော်ထုတ်သည့် ဖြစ်ရပ်မှန်ဇတ်လမ်း ဖြစ်သည်။

ဇတ်ကားနာမည်မှာ “No one killed Jassica” ဖြစ်ပါသည်။ ဇတ်၏အစဤလို……..။ Jassicaမှာ အိန္ဒိယ လူလတ်တန်းစား အောက်လွှာမှ ကြီးပြင်းလာခဲ့သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။ သူမဟာ အရပ်ဘားဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ရင်း တက္ကသိုလ်တက်ဖို့ အတွက် ကြိုးစားနေသူပါ။ သူ့မှာမိဘနှစ်ဦးနှင့် အမတစ်ဦးရှိပြီး အန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် မွန်ဘိုင်းမြို့မှာ နေထိုင်ကြပါသည်။ တစ်နေ့ အရပ်ဘားဆိုင်မှာ အမူးလွန်နေသည့် လူငယ်သုံးဦးမှ အရပ်ထပ်ထည့်ပေးဖို့ အရက်တောင်းရာ သူမက အမူးလွန်နေသည့်သူများကို ဆိုင်၏ လုံခြုံရေးအရ မထည့်ပေးခြင်းအပေါ် ထိုလူငယ်သုံးဦးထဲမှ တစ်ဦးက သေနတ်ဖြင့်ချိန်ကာ ပစ်လိုက်လေသည်။ သူမသေဆုံးမှုအပေါ် မကျေမချမ်းဖြစ်ခဲ့သည့် မိသားစုမှာ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် လူငယ်အား တရားစွဲဆွဲခဲ့သည်။ ဇတ်လမ်းမှာ ဤအထိစိတ်ဝင်စားဖို့ မကောင်းသေးပါ။ စိတ်ဝင်စားဖို့ ကောင်းသည်မှာ သတ်ခဲ့သည့် လူငယ်၏အဖေမှာ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်နေသည့်အချက်ပင် ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် အဂတိတရားထူပေါခြင်းမှာ ဤနေရာတွင် ပိုမိုပေါ်လွင်ခဲ့သည်။ Jassica ၏ အမက သက်သေအတွက် အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့သော မျက်မြင်သက်သေများကို အကူအညီ တောင်းရာ သက်သေအများစုမှာ လာဘ်ယူမှုရှိထားသူများ၊ ခြိမ်းခြောက်ခံရမှုများ ဖြစ်နေသည့်အတွက် အနည်းငယ်မှလွဲ၍ မည်သူမျှ အမှန်အတိုင်း မပြောခဲ့ဘဲ တရားရုံးတွင် ရှောင်၍ဖြေခဲ့သည်။ ဤလိုနှင့် ၁၉၉၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သောအမှုမှာ ၂၀၀၆ ခုနှစ်အထိ ဆက်လက်ကြာရှည်ခဲ့ရပြီး တရားသူကြီး ဆုံးဖြတ်ချက်မှာလည်း တရားခံအား ကွင်းလွတ်ကျွတ်လွှတ်ပေးခဲ့သည်။ ဤအချိန်တွင် အန္ဒိယ၏ သြဇာရှိ သတင်းဌာနကြီးတစ်ခုမှ သတင်းထောက် တစ်ဦးက ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းအပေါ် အလွန်အံ့သြခဲ့သည်။ ယင်းသတင်းထောက် မှာ ၁၉၉၉ ခုနှစ်ကတည်းက ၎င်းအမှုကို တရားခံကျိန်းသေပေါက် အပြစ်ပေးခံရမှာဘဲဟု ထင်ခဲ့ခြင်းကြောင့် စိတ်မဝင်စားဘဲနေရာမှ ယခုတရားရုံးက ဆုံးဖြတ်လိုက်ခြင်းအပေါ် သူ၏ စိတ်နှလုံးသို့ တိုး၍ စောင့်သွားခဲ့သည်။ ထိုကြောင့် Jassicaအတွက် အမှန်တရားကိုသူ၏ သတင်းထောက်အတတ်ပညာဖြင့်  ဖော်ထုတ်ခဲ့ရာ ပြည်သူများစွာပါဝင်သည့် Jassicaအတွက် ဖယောင်တိုင် မီးထွန်းသည့် လှုပ်ရှားမှု ဒီရေတက်လာသလို နောက်ဆုံး သမ္မတ အဗူဒူကလမ်ကပါ ပြည်သူများအား တရားနည်းလမ်းကျရပါစေမည်ဟု အလေးထား ပြောကြားခဲ့ရသည့်အဖြစ်အထိ ဆိုက်ရောက်ခဲ့ပါသည်။ ဤလိုနှင့် အောက်ရုံးက ဆုံးဖြတ်ခဲ့သည့်အမှုကို အထက်ရုံးက ပြန်လည် သုံးသပ်ရာ အပြစ်ရှိကြောင်း တွေ့ရသည် ဖြစ်သောကြောင့် တရားခံအား တစ်သက် တစ်ကျွန်းထောင်ဒဏ်ကျ ခံစေခဲ့သည်။

အထက်ပါ အန္ဒိယတွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မျိုးမဟုတ်ဘဲ စူးစမ်းထောက်လှမ်းရေး သတင်းစာအတတ်ဖြင့်ပင် အမေရိကန်သမ္မတတစ်ဦး ရာထူးမှ နှုတ်ထွက်ခဲ့ရခြင်းမျိုးလည်း ရှိပါသည်။ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ၏ ရုံးခန်းထဲသို့ ဖောက်ထွင်းဝင်ရောက်ခဲ့မှုအပေါ် Washington Post မှ သတင်း ထောက်နှစ်ဦးဖြစ်သည့် Bob Woodward နှင့် Carl Bernstein တို့မှ ပြည်သူများအား ထုတ်ဖော်တင်ပြခဲ့သည့် Watergate scandal မှာလည်း ကမ္ဘာကျော် သွားခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ယခုရက်ပိုင်းအတွင်း The Voice Weekly မှ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တွေ့ရှိခဲ့သည့် ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိမှုကို ဖော်ထုတ်ရေးသားခဲ့သည့်အပြင် မော်ဒန်ဂျာနယ်မှလည်းလမ်းများ မကောင်းသည့် အကြောင်းရေးသားတင်ပြခဲ့သည်။ ထိုအတွက်ကြောင့် မီဒီယာများအပေါ် အစိုးရဌာနမှလည်း တရားစွဲ ဆိုမှုများပြုလုပ်လာနေပြီဖြစ်သည်။

ဒီမိုကရေစီနိုင်ငံရေးတွင် မီဒီယာ၏ လွတ်လပ်မှုကိုထိန်းချုပ်ထားခြင်းမှာ ဒီမိုကရေစီထွန်းကားရေးကို အခြေမှ လှိုက်စားသလို ဖြစ်နေတော့မည်။ တရားစွဲဆိုမည်ဆိုလျှင်လည်း မီဒီယာဥပဒေ ခိုင်ခိုင်မာမာ ရှိသေးသည်မဟုတ်ပါ။ မကျေနပ်၍ တရားစွဲမည်ဆိုလျှင်တောင် အသေရေဖျက်မှု ဥပဒေဖြင့်သာ တရားစွဲဆိုနိုင်သည့် အဆင့်ပင်ရှိပါသေးသည်။ မီဒီယာသမားများမှာလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ရှေ့ဆုံးမှာနေ၍ ပြဿနာကို မီးမောင်းထိုး တင်ပြကာ တရားနည်းလမ်းကျအောင် ထိန်းကျောင်းပေးဖို့ အထူးလိုအပ်ပါသည်။ သို့ဆိုလျှင် မီဒီယာသမားများမှာလည်း Professional အရည်အသွေးများ ပြည့်ဝနေဖို့ လိုလာလေပြီ။ သတင်းမီဒီယာ ယခုမှအရှိန်ရကာစ မြန်မာနိုင်ငံအဖို့ မီဒီယာသမားများ အရည်အသွေးအပြည့်အဝကြီး ရှိနေမည်တော့ မဟုတ်ပါ။ သို့သော် ရှိသည့်အရည်အသွေးဖြင့်ပင် ဒီမိုကရေစီ ခိုင်မာအားကောင်းအောင်၊ တရားဥပဒေ စိုးမိုးရေးရှိလာအောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် အားထုတ်ရမည်ပင် ဖြစ်ပါကြောင်း။

****************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment