Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၆.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. စင်ကာပူက မြန်မာအား အမျိုးသားပြန်လည်ပေါင်းစည်းရေး တွန်းအားပေးရန် တိုက်တွန်း

(4 April 2012 ရက်စွဲပါ Channel News Asia မှ S.Ramesh ရေးသားသော Singapore urges Myanmar to push on with national reconciliation ကို ဘာသာ ပြန်ဆိုသည်)

  1. မူးယစ်ဆေး အကြမ်းဖက်ပြဿနာအသစ် ကြီးထွားလာခြင်းကို တားဆီးရုန်းကန်နေရသော ရွှေတြိဂံ

(VOA သတင်းဌာနမှ 25 Apr 2012 ရက်စွဲပါ “Southeast Asia’s Golden Triangle Struggles to prevent renewed drug violence” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

*****************************************

စင်ကာပူက မြန်မာအား အမျိုးသားပြန်လည်ပေါင်းစည်းရေး တွန်းအားပေးရန် တိုက်တွန်း

(4 April 2012 ရက်စွဲပါ Channel News Asia မှ S.Rameshရေုးသားသော Singapore urges Myanmar to push on with national reconciliation ကို ဘာသာပြန်ဆိုသည်)

မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများ (Stakeholders) သည် မြန်မာပြည်သူများ၏ ကောင်းကျိုးအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားခဲ့သည်။

ချောမွေ့ပြီး၊ ထင်သာမြင်သာရှိသော ကြားဖြတ်ရွေးကောက်ပွဲများ မကြာသေးမီက ကျင်းပပြီးနောက် ဒီမိုကရေစီသို့ တိုးတက်မှုများအတွက် ၎င်းက မြန်မာနိုင်ငံအပေါ် ချီးကျူးခဲ့သည်။

ထို့အတွက်ကြောင့် မြန်မာနိုင်ငံသည် အထီးကျန်ဘဝမှ လွတ်မြောက်ပြီး ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်လာမည် ဖြစ်ကြောင်း Mr. Lee က ဧပြီလ (4) ရက်နေ့တွင် ဖနွမ်းပင်ရှိ အာဆီယံခေါင်းဆောင်များ တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။ Mr. Lee က ပြောကြားရာတွင် စင်္ကာပူသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှ တိုးတက်မှုကို ကြိုဆိုကြောင်း၊ နှစ်နိုင်ငံအနေဖြင့် လည်းကောင်း၊ အာဆီယံတွင် လည်းကောင်း မြန်မာနိုင်ငံအပေါ် ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Mr. Lee က “မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်း အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီးနောက် အရေးကြီးတဲ့ တိုးတက်မှုကို လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အရွေ့တွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ စောင့်ကြည့်နေသူတွေ မျှော်လင့်တာထက် ပိုပြီး လုပ်နိုင်ခဲ့ပါတယ်။ မြန်မာရဲ့ ခြေလှမ်းတွေကို အာဆီယံက ဝမ်းသာပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းမွန်သလို အာဆီယံအတွက်လည်း ကောင်းပါတယ်” ဟု ဆိုသည်။

အာဆီယံသည် အနောက်နိုင်ငံများကဲ့သို့ အရေးယူမှုများ ချမှတ်ခြင်းမပြုပဲ မိသားစုအသွင်ဖြင့် မှန်ကန်သော ချဉ်းကပ်မှု ပြုလုပ်နိုင်ခဲ့သည်ဟု Mr. Lee က ယုံကြည်ထားသည်။ “အရေးယူပိတ်ဆို့မှုတွေဟာ တိုင်းပြည်အသွင် ပြောင်းအောင်နဲ့ လိုအပ်တဲ့ ခက်ခဲတဲ့ ပြောင်းလဲမှုတွေ ဖြစ်အောင် အကူအညီ မပေးနိုင်ပါဘူး” ဟု ယင်းက ပြောသည်။ ၎င်းက မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူမှုများ ရုပ်သိမ်းရန် မျှော်လင့်နေသည်။

Mr. Lee က ဆက်လက် ပြောကြားရာတွင် မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီး၊ ကမ္ဘာကြီး အထူးသဖြင့် ဖွံ့ဖြိုးပြီးကမ္ဘာနှင့် ဆက်သွယ်မှု ပိုမိုကောင်းမွန်ရန် အထောက်အကူ ဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Mr. Lee က ပြောကြားရာတွင် မကြာမီကစင်္ကာပူသည် မြန်မာနိုင်ငံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန် MoU ထိုးခဲ့ကြောင်း၊ စင်္ကာပူအနေဖြင့် ၎င်း၏ စီးပွားရေးဖွံ့ဖြိုးမှု လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုနှင့် လူထုအုပ်ချုပ်ရေးနှင့် ပတ်သက်၍ အတွေ့အကြုံများကို မျှဝေရသဖြင့် ဝမ်းသာကြောင်း ပြောခဲ့သည်။ စင်္ကာပူသည် မြန်မာနိုင်ငံအနေဖြင့် 2014 ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် အောင်မြင်နိုင်ရန် အနီးကပ်ပူးတွဲ လုပ်ဆောင်ပေး သွားမည်ဟုလည်း ဆိုခဲ့သည်။ Mr. Lee က ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရန် အရေးကြီးကြောင်းကိုလည်း အလေးအနက် ပြောကြားသွားခဲ့သည်။ ထိုကိစ္စတွင် တင်းမာနေသော တောင်တရုတ်ပင်လယ် အငြင်းပွားမှုလည်း ပါဝင်သည်။

စင်္ကာပူ၏ အခြေခံကျသောရည်မှန်းချက်မှာ နိုင်ငံတကာ ပင်လယ်လမ်းကြောင်းအတွင်း လွတ်လပ်စွာ သွားလာနိုင်ရေး ဖြစ်ပြီး၊ အငြင်းပွားမှုကို နိုင်ငံတကာ ဥပဒေနှင့် အညီ ငြိမ်းချမ်းစွာ အဖြေရှာရေးဖြစ်ကြောင်း ၎င်းက ပြောသည်။ တောင်တရုတ်ပင်လယ်တွင် ပါဝင်ပတ်သက်သူနိုင်ငံများ လိုက်နာရမည့် စည်းမျဉ်းများအတွက် ကြေညာစာတမ်းကို အကောင်အထည်ဖော်ရန် ကတိပြုပြီး ဖြစ်ကြောင်း၊ စည်းမျဉ်းများ( Code of conduct) အချိန်မဆွဲဘဲ ပြီးစီးရေးကို ထောက်ခံကူညီသွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောခဲ့သည်။

အာဆီယံသည် ထိုကိစ္စကို ကာလရှည်ကပင် ကြိုးပမ်းလျက်ရှိပြီး တရုတ်ကလည်း Code of conduct အတွက် ဆွေးနွေးရန် အသင့်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ Mr. Lee က အာဆီယံအနေဖြင့် ထိုကိစ္စအတွက် ညီညွတ်သင့်ကြောင်း တောင်းဆိုခဲ့ပြီး၊ ဤမျှ အရေးကြီးသော ကိစ္စအတွက် အချိန်ဆွဲ မထားသင့်ကြောင်း ပြောသည်။ အဆိုပါ အာဆီယံ၏ အကြိမ် (20) မြောက် ထိပ်သီးအစည်းအဝေးတွင် အာဆီယံ အသိုင်းအဝိုင်း၏ 2015 အမြင်ကို သဘောပေါက်၍ အရှိန်မြှင့် ကြိုးစားလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြသည်။

အရှေ့တောင်အာရှ တည်ငြိမ်၍ အလားအလာ ကောင်းနေခြင်းမှာ အာဆီယံအဖွဲ့ကြီး ရှိနေခြင်းက အဓိကအချက်တစ်ခု ဖြစ်ကြောင်း Mr. Lee က ပြောသည်။ “ကျွန်တော်တို့ အတူတကွ လုပ်ကိုင်နိုင်တာနဲ့အမျှ ကမ္ဘာကြီးရဲ့ မသေချာမှုတွေနဲ့ စိန်ခေါ်မှုတွေကို ထည့်စဉ်းစားရမယ့် အချိန် ရောက်လာရင် ဒါဟာ အင်အားတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

“ဒါကြောင့် ကျွန်တော်တို့ တွေ့တိုင်း ဒါကိုပဲဆွေးနွေးတာပါ။ ကျွန်တော်တို့ရဲ့ စုစည်းမှု၊ အာဆီယံစီးပွားရေး အသိုင်းအဝိုင်း ကျွန်တော်တို့ရဲ့ ပါတနာတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အကြောင်းကိုပဲ ပြောကြတာပါ” ဟု ၎င်းက ဆိုသည်။ “လက်တွေ့စကားနဲ့ ပြောရရင် ကျွန်တော်တို့ဟာ ပြည်သူတွေ ကူးသန်းရောင်းဝယ်ရေး ပိုမိုလွယ်ကူဖို့ တခြားတစ်ဦး အောင်မြင်မှုအတွက်ပါ ထည့်စဉ်းစားပြီး အတူတကွ လုပ်ကိုင်ဖို့ကို ကြိုးစားနေပါတယ်” ဟု Mr. Lee က ပြောသည်။

**********************************

မူးယစ်ဆေး အကြမ်းဖက်ပြဿနာအသစ် ကြီးထွားလာခြင်းကို တားဆီးရုန်းကန်နေရသော ရွှေတြိဂံ

(VOA သတင်းဌာနမှ 25 Apr 2012 ရက်စွဲပါ “Southeast Asia’s Golden Triangle Struggles to prevent renewed drug violence” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မဲခေါင်မြစ်ပေါ်တွင် မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံနယ်စပ်များ သုံးပွင့်ဆိုင်ကျသော ရွှေတြိဂံနယ်မြေသည် ဘိန်းမှောင်ခိုမှုနှင့် တရားဥပဒေမဲ့မှု သမိုင်းကြောင်းဖြင့် ကြာမြင့်စွာပင် လူသိများခဲ့သည့် ယင်းဒေသသည် ယခုအခါ ယခင် နာမည်ဆိုး၊ သာယာလှပသော အပန်းဖြေစခန်းများနှင့် ကာစီနိုအသစ်များ၏ ကျော်ကြားမှုဖြင့် ခရီးသွားတိုးရစ်များကို ဆွဲဆောင်လျက်ရှိသည်။

သို့သော်လည်း မနှစ်ကဒေါ်လာသန်းချီတန်းဖိုးရှိသော မိသိုင်းအင်ဖက်တာမင်း ဆေးပြားများ တင်ဆောင်လာသည့် ရေယာဉ် ၂ စင်းပေါ်မှ သွေးစွန်းသော လူသတ်မှုများကြောင့် မူးယစ်ဆေးအကြမ်းဖက် ပြဿနာများ ပြန်လည် ဖြစ်ပွားမှုအပေါ် စိုးရိမ်ပူပန်မှုများ ကြီးထွားလာစေသည်။

ယင်းလူသတ်မှုများနှင့် ပတ်သက်နေသော မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့မှ ထိုင်းစစ်သားကိုးဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့သည်။ ယခုအခါ တရုတ်နိုင်ငံက မဲခေါင်ဖြစ်ပေါ်တွင် ပူးပေါင်းကင်းလှည့်ရန်အတွက် လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့နှင့် အတူ ညှိနှိုင်းလုပ်ဆောင်နေပြီ ဖြစ်သည်။

“ဒီဇင်ဘာလ နောက်ပိုင်း ၄ နိုင်ငံပူးပေါင်း ကင်းလှည့်ခြင်းရဲ့ ရလဒ်အဖြစ် လုံခြုံရေး တိုးတက်လာပါတယ်။ တရားမဝင် ရွှေ့ပြောင်းမှုတွေ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ပိုမြန်လာပါတယ်” ဟု ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူး ရဲချုပ် ဝီချင်းပိုဖေါ့ဆရီ က ပြောကြားသည်။

အသွားအလာ များသော မဲခေါင်မြစ်ကြောင်း တစ်လျှောက်မှ ကုန်တင်ရေယာဉ်ကြီးများ ပေါ်တွင်လည်း ကုန်စည် သယ်ဆောင်မှု ဘေးကင်း စိတ်ချရစေရန် အတွက် လက်နက်ကိုင် အစောင့်များကို ခွင့်ပြုပေးထားပြီ ဖြစ်သည်။ သို့သော် ရေယာဉ်ငယ်များမှာမူ ကိုယ့်အားကိုယ်ကိုး ရုန်းကန်နေရဆဲ ဖြစ်သည်။ ရေယာဉ်မှူး (လှေသူကြီး) များက မတော်တဆမှုများကို ကာကွယ်ရန်အတွက် ဒဏ္ဏာရီလာ မဲခေါင်မြစ် နဂါးကို ပူဇော်ပသသည့် ကြိုးထုံးသေးများကို အသုံးပြုကြသည်။ သို့သော် ရေကြောင်းဓါးပြများကို ဟန့်တားရာတွင် အဆောင်လက်ဖွဲ့များက မကူညီနိုင်ပါ ဟု လာအို ရေယာဉ်လုပ်သား ‘ပွန်’ က ပြောကြားသည်။

ပြီးခဲ့သောလကပင် တရုတ်နိုင်ငံသို့ ရေခဲရိုက် ကြက်သားများ ပို့ဆောင်ရင်း ရေယာဉ် ခေတ္တရပ်နားနေစဉ် M-16 သေနတ်ကိုင် ဓါးပြများက စပိဒ်ဘုတ်ဖြင့် ရောက်လာကာ လုယက်သွားခဲ့ကြသည်ဟု ပွန်က ဆိုသည်။ အန္တရာယ် ရှိသော်ငြားလည်း စားဝတ်နေရေးအတွက် တစ်လလျှင် အခေါက်ပေါင်း များစွာ စွန့်စားသွားလာနေရသည်ဟု ပွန်က ဆက်လက် ပြောကြားသည်။

တာဝန်ရှိသူများက အာမခံနေကြသော်လည်း မဲခေါင်မြစ်ကြောင်း လုံခြုံရေးမှာ ပိုမိုဆိုးဝါးလာနေသည်ဟု ဒေသခံများက မှတ်ချက်ပေးကြသည်။ စက်လှေသမားများက လာအိုနှင့် မြန်မာနိုင်ငံမှ ကာစီနိုများသို့ ခရီးသည်များကို ပို့ဆောင်ပေးနေသော်လည်း အဆိုပါ ကျွန်း၏ အထက်ဖက်သို့ ဆက်သွားမည့် ခရီးမှန်သမျှကို ငြင်းပယ်ကြသည်။

မဲခေါင်မြစ်တွင်း ၆ နှစ်ခန့် ငါးဖမ်း အသက်မွေးခဲ့သူ တာနတ်ချောင်းပါဒီက အေက်တိုဘာဖြစ်ရပ် နောက်ပိုင်း တံငါသည်များ မြစ်အထက်ပိုင်းသို့ မသွားကြတော့ဟု ပြောကြားသည်။ “မကြောက်တဲ့လူ တစ်ချို့တော့ သွားနေကြတုန်းပဲ၊ ဒါပေမယ့် ဗမာစစ်တပ်က တွေ့သွားရင် နောက်က လိုက်လာပါတယ်။ တကယ်လို့ ဆက်သွားမယ်ဆိုရင် လှမ်းပြီး ခေါ်ပါတယ်။ ပြန်မထူးဘူး ဆိုရင်တော့ အပစ်ခံရမှာပါ” ဟု တာနတ်ချောင်ပါဒီ က ရှင်းလင်း ပြောဆိုသည်။

ယခုအခါ ရွှေတြိဂံနယ်မြေ၏ သီးသန့်နေရာ တည်ရှိမှု လှပသောရှုခင်းများ နာမည်ဆိုး ကျော်ကြားမှုတို့ကြောင့် ခရီးသွားတိုးရစ်များ အုပ်စုလိုက် တဖွဲဖွဲ ရောက်လာနေကြဆဲပင် ဖြစ်သည်။ သို့သော် ဆိုးဝါးသော ယခင် သမိုင်းကြောင်းကို ထားခဲ့ရန် ရုန်းကန်ကြိုးစားနေရဆဲ ဖြစ်ကြောင်းကိုမူ အများစုက သိရှိကြပုံ မရပေ။

**********************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment