Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၇.၅.၂၀၁၂

ပြည်တွင်းသတင်း

  1. လှုမှုရေးအသင်းမှတ်ပုံတင်ခ ကြီးမြင့်သည့်အတွက် မှတ်ပုံတင်သူနည်းပါး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာခရီးစဉ်စတင်
  1. စကားလုံးများဖြင့် ရင့်သီးစွာဆက်ဆံခံရခြင်း မကျေနပ်၍ ကရင်ဒီမိုကရက်တစ်ပါတီ တိုင်ကြားမည်

သတင်းနှင့် ဆောင်ပါးများမှ ကောက်နုတ်ချက်များ

****************************************

ပြည်တွင်းသတင်းများ

လှုမှုရေးအသင်းမှတ်ပုံတင်ခ ကြီးမြင့်သည့်အတွက် မှတ်ပုံတင်သူနည်းပါး

ပြည်တွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့များ မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ခမှာ ကြီးမြင့်နေသည့်အတွက် လူမှုကူညီရေးလုပ်ငန်းများ တရားဝင် လုပ်ကိုင်ရန် မှတ်ပုံတင်မှုများနည်းပါးလျက်ရှိကြောင်း NGO တစ်ခုမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

“လူမှုကူညီရေး အသင်းအဖွဲ့တွေဆိုတာ သူများကလှူတဲ့ငွေတွေနဲ့ လုပ်ကိုင်နေရတာ။ လူမှုကူညီရေးအသင်းတွေ တရားဝင်ရပ်တည်ဖို့အတွက် မှတ်ပုံတင်မယ်ဆိုရင် မှတ်ပုံတင်ခက ၅ သိန်းဆိုတော့ ဘယ်အသင်းက ဘယ်တတ်နိုင်တော့မှာလဲ။ ဒါကြောင့် မှတ်ပုံတင်ဖို့ထက် အသင်း ဆက်လက် ရပ်တည်နိုင်ဖို့ကိုပဲ အာရုံစိုက်ကြတော့တယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထိုသို့ လူမှုကူညီမှုအသင်းမှတ်ပုံတင်ခများ  ကြီးမြင့်နေသည့်အတွက် အချို့လူမှုကူညီရေး အသင်းအဖွဲ့များမှာ အသင်းဖျက်သိမ်းရတော့မည့် အနေအထားတစ်ခုထိသို့တိုင် ရောက်ရှိလျက်ရှိနေသည့်အတွက် နိုင်ငံတော်အနေဖြင့် လူမှုကူညီရေး အသင်းအဖွဲ့များ မှတ်ပုံတင်ရာတွင် ဈေးလျော့ ကောက်ခံရန် (သို့မဟုတ်) နှစ်အလိုက်ခွဲ၍ ကောက်ခံခြင်းမျိုး ပြုလုပ်ဆောင်ရွက်နိုင်ရန် အဆိုပါအသင်းများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။

“လူမှုကူညီရေးအသင်းအဖွဲ့တွေ မှတ်ပုံတင်ကြေးက ငါးသိန်းဆိုပြီးသတ်မှတ်တယ်။ ဒီငါးသိန်းကိုလည်း တစ်လအတွင်း အကြေပေးသွင်း ရမယ်လို့ ဆိုတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း။ ဒီတော့ နိုင်ငံတော်အနေနဲ့ မှတ်ပုံတင်ကြေးတွေကို ဈေးလျော့တာပဲဖြစ်ဖြစ် နှစ်အလိုက်ခွဲကောက်တာမျိုးပဲဖြစ်ဖြစ် လုပ်စေချင်တယ်”ပာု စေတနာသုခ လူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ပြည်တွင်းရှိလူမှုကူညီရေးအသင်းအဖွဲ့များသည် အလှူရှင်များ၏ ငွေကြေးဖြင့်သာ လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေရသည့်အပြင် တရားဝင် မှတ်ပုံတင်ကြေးများမှာလည်း ကြီးမြင့်နေသည့်အတွက် အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိကြောင်းသိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာခရီးစဉ်စတင်

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် မေလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်း သတင်းရ ရှိသည်။

အဆိုပါ အိန္ဒိယ၀န်ကြီးချုပ်၏ ခရီးစဉ်သည် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်ဖြစ်ပြီး မေလ (၂ရ) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက် ကြာမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ၀န်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် အခြေခံအဆောက်အဦး ဆိုင်ရာ ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်ရေးအတွက် မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း မေလ ၂၉ရက်နေ့တွင် တွေ့ဆုံမည်ဟု သိရသည်။

၁၉၈၇ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီပြီးလျှင် မန်မိုဟန်ဆင်းသည် ပထမဆုံးလာရောက်သည့် ဝန်ကြီးချုပ်ဖြစ်ကြောင်းလည်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

စကားလုံးများဖြင့် ရင့်သီးစွာဆက်ဆံခံရခြင်း မကျေနပ်၍ ကရင်ဒီမိုကရက်တစ်ပါတီ တိုင်ကြားမည်

ကရင်ဒီမိုကရက်တစ်ပါတီ (KDP)  မှ မြေယာကိစ္စတခုပေါ်တွင် ဆွေးနွေးညိုနိုင်းရာတွင် ကရင်ပြည်နယ် မြေစာရင်းဌာန ဒုပြည်နယ်မှူးမှ ရင့်သီးစွာ ဆက်ဆံလိုက်ခြင်းအပေါ်တွင် မကျေနပ်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရွေးကောက်ပွဲ ကော်မရှင်ရုံးများသို့ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

အခြေခံမြေယာကော်မတီမှ ချမှတ်ပေးထားသောမြေပေါ်တွင် စာချုပ်စာတန်းများသာရရှိပြီး မြေပိုင်ဆိုင်မူ မရှိသေးခြင်းကြောင့် ပိုင်ရှင်ဖြစ်သူ ဦးစောစိန်အောင်မင်းမှ စာရွက်စာတန်းများဖြင့် ကရင်ဒီမိုကရက်တစ်ပါတီသို့ တိုင်ကြားခဲ့ခြင်းကြောင့် သွားရောက်တွေ့ဆုံ ဆွေးနွေးညိုနိုင်းခဲ့ရာ ကရင် ပြည်နယ် မြေစာရင်းဌာန ဒုတိယပြည်နယ်မှူးမှ စကားလုံးများဖြင့် ရင့်သီးစွာစော်ကားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"မေလ၁၇ရက်နေ့ကပေါ့ ကျွန်တော်ရယ်၊ (မြဝတီခရိုင် KDP ဒုဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောရှားထွဋ်ခေါင်ရယ်၊ ဗဟိုလ်ဌာန ချုပ် အတွင်းရေးမှူး ဦးစောရဲဝင်းနိုင်ရယ် သွားပြီး အကျိုးအကြောင်း မေးရုံပဲရှိသေးတယ် ခင်ဗျားတို့ပါတီက ပွဲစားတွေလားလို့မေးပြီး ဒုပြည်နယ်မှူးက စော်ကားလွှတ်လိုက်တယ်ဗျာ" ဟု မြဝတီခရိုင် KDPပြည်နယ်ဥက္ကဋ္ဌမှ ပြောကြားသည်။

"ကျွန်တော်တို့ပါတီလို အခြားသောပါတီများ အထက်ကဖြစ်စဉ်အတိုင်း နှိမ့်ချစော်ကားခြင်း မခံရဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားသွားမှာ ဖြစ်တယ်"ဟု  ၎င်းက ထပ်မံပြောဆိုသည်။

ကရင်ဒီမိုကရက်တစ်ပါတီသို့ တိုင်ကြားထားသော မြေယာမှုများမှာ ၁၇မှုခန့်ရှိပြီး အရေးဆောင်ရွတ်သွားရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရ သည်။

ကရင်အမျိုးသားပါတီ(KDP) ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ(၂) ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်မှတ်ပုံတင် ၅၁အရ ထူထောင်ခဲ့ပြီး မြဝတီခရိုင်ကိုယ်စားပြု ခရိုင်ပါတီရုံးကို ဧပြီလ၃၀ရက်နေ့တွင် မြဝတီမြို့ အမှတ် ၄ရက်ကွက် မြေနီကုန်းတိုးချဲ့ရက်ကွက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PL

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီမိုကရေစီကို အခုဖော်ဆောင်တဲ့နေရာမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမက နိုင်ငံရေးပိုင်းပါ။ နိုင်ငံရေးပိုင်းမှာ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေက အများကြီး ကြုံခဲ့ရတယ်။ အခုတစ်နှစ်တာ အတောအတွင်းမှာ တွေးမထားတာတွေ အထိပြောင်းလဲလာတာ အများကြီးပဲ။ မြန်လည်းမြန်တယ်။ ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ (NLD) ပါတီကိုရွေးကောက်ပွဲ ဝင်ပြိုင်လို့ရအောင် ရွေးကောက်ပွဲ ဥပဒေ ကို ပြောင်းလဲပေးလိုက်တယ်။ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာခဲ့တယ်။ အရင်ကဆိုရင် အနောက်အုပ်စုနဲ့ တရင်းတနှီး မဆက်ဆံရဘူး။ အခုကျတော့ ဆက်ဆံလို့ရပြီ။ ပြုပြင်ပြောင်းလဲဖို့ တချို့ ကိစ္စတွေကို တိုက်တွန်းတဲ့အခါမှာ အဲဒီအဆိုပြုချက် တွေကိုလိုက်နာပြီး ဖြေလျော့ပေးတယ်။ ဒီလောက်အထိ နိုင်ငံရေး ပြောင်းလဲသွားမယ်လို့ ထင်မထားဘူး။ နိုင်ငံရေးကတော့ ပြောင်းလဲ သွားရုံတင်မကဘူး။ စီးပွားရေးအခြေခံအုတ်မြစ်ကိုပါ ပြောင်းလဲပေးရမယ်။ စီးပွားရေးနဲ့ နိုင်ငံရေးက အပြန် အလှန် ဆက်စပ်နေတယ်။ နောက်အခြခံစီးပွားရေးမှာက ၇၀ ရာခိုင်နှုန်းက တစ်နှစ်တာအတွင်းမှာ တရှိန်ရှိန်နဲ့ ခိုးကိုးရာမဲ့နေတယ်။ အကျိုးအမြတ်က သူတို့မှ မရရှိတော့ စီးပွားရေးအနေနဲ့ နာလန် မထူ တော့ဘူး။ အဲဒီကိစ္စကို ပြောင်းလဲပေးဖို့အတွက် အစိုးရအနေနဲ့ မဖော်ဆောင်သေးဘူး”

မေ ၂၁ ထုတ် The Street View News Journal အတွဲ (၁) အမှတ် (၁၉)တွင်ပါသည့် “နိုင်ငံရေးစနစ်သစ်၊ ဒီမိုကရေစီ အလေ့အကျင့်နှင့် နိုင်ငံသားတို့ အံဝင်ခွင်ကျရှိပြီလား…..” သတင်းမှ ဦးဝင်ကြိုင် အထွေထွေအတွင်းရေး မှူး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“တစ်လကို တစ်ရက်ပဲ အချိန်ပိုင်းနဲ့ ထွက်ခွင့်ပေးတာပါ။ ဒါတောင်မှ ရောက်ရောက်ချင်းကနေ ခြောက်လအထိ ကတော့ ရောက်ခါစမို့လို့က တစ်ကြောင်း၊ လစာထဲကနေ တစ်လလေးရာနှုန်းနဲ့ ခြောက်လဖြတ်နေတော့ ငွေလွှဲ စရာ မလိုတော့တာကြောင့် တစ်ကြောင်း မထွက်ရပါဘူး”

မေ ၂၁ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၂၂) တွင်ပါသည့် “စင်ကာပူသို့ တရားမဝင် အိမ်အကူများ ဆက်လက် စေလွှတ်” သတင်းမှ စင်ကာပူနိုင်ငံတွင် သုံးနှစ်ကြာ အိမ်အကူ အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဒေါ်မြင့်မြင့်ရီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခရီးစဉ်တွင် လောင်းလုံမြို့နယ် မင်းရပ်ကျေးရွာနှင့် လောင်းလုံးမြို့ တို့တွင် ဆိုင်းဘုတ်များဖြင့် ကြိုဆိုခွင့်ကိုပိတ်ပင်ခြင်း၊ ကံပေါက်တွင် ဘောလုံးကွင်း အသုံးပြုခွင့်ကို ပိတ်ပင်ခြင်း စသည်များသည် အောက်ခြေဌာနဆိုင်ရာ များက မိမိသဘောဖြင့် မိမိလုပ်နေခြင်းဖြစ်ကြောင်း ကိုကိုကြီးက ဆိုသည်။ “နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရက တားမြစ်ရင် ကျွန်တော်တို့ ထားဝယ် ကို ရောက်လာမှာ မဟုတ်ပါဘူး” ဟု ယင်းက ဆက်လက်ပြောကြားသည်။

မေ ၂၁ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၂၂) တွင်ပါသည့် “အောက်ခြေဝန်ထမ်းများလုပ်ရပ် အစိုးရကို အကြည်ညိုပျက်စေမှုဖြင့် တရားစွဲနိုင်ဟု ကိုကိုကြီးကဆို” သတင်းမှ ကောက်နှုတ်ချက်

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment