Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တာဝန်ရှိခြင်း တာဝန်သိခြင်းနှင့် တာဝန်ယူမှု

*****************************************

ဆောင်းပါးကဏ္ဍ

တာဝန်ရှိခြင်း တာဝန်သိခြင်းနှင့် တာဝန်ယူမှု

ဘိုကြီး

(ဇွန် ၂၁ ထုတ် Popular News အတွဲ (၄) အမှတ် (၂၄) မှ ထုတ်ယူဖော်ပြသည်။)

လက်ရှိ အစိုးရသစ်၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံတော်သမ္မတကြီးသည် ပြီးခဲ့သော မေလဒုတိယပတ်က နေပြည်တော်တွင် ကျင်းပသော “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး”တွင် တိုင်းပြည်၏ အရေးတကြီး လိုအပ်ချက်များနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လိုအပ်ချက်များအတွက် လမ်းညွှန် မိန့်ကြားချက်များကို နိုင်ငံပိုင် မီဒီယာများနှင့် ဂျာနယ်များတွင် ဖတ်ရှုရပါသည်။

ယင်းလမ်းညွန် မိန့်ကြားချက်များတွင် ကျွန်တော့်အနေဖြင့် အထူးသတိထားမိသည့်အချက်မှာ သမ္မတကြီးက ‘အဆင်းရဲဆုံး LDC နိုင်ငံဘဝက ရုန်းထွက်နိုင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ဥပဒေနဲ့အညီ အလုပ်လုပ်ဖို့ပါပဲ။ သင့်တင့်မျှတတဲ့ မူတွေကိုလည်း ချမှတ်ထားပါတယ်။ မူတွေ မကောင်းရင် လူတွေမကောင်းနိုင်ပါဘူး။ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန်ဆွဲတဲ့ လူတွေကိုတော့ ချန်ထားခဲ့ရပါမယ်။ ခေတ် စနစ်တွေ ပြောင်းလဲနေပြီ ဖြစ်ပါတယ် နိုင်ငံရေးနဲ့ ဟန်ချက်ညီစီးပွားရေးကဏ္ဍကို တွန်းတင်ရပါမယ်။ တစ်နှစ်ကုန်သွားပြီဖြစ်လို့ Second Wave တွန်းတင် ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်” ဟူသောအချက်ကို ကျွန်တော် အထူးသတိထားမိပါသည်။ နိုင်ငံတော် သမ္မတကြီးက ရှင်းရှင်းလင်းလင်း တိတိ ကျကျပဲ မိန့်ကြားခဲ့ခြင်း ဖြစ်ပါသည်။ တစ်ဆက်တည်း ဒုတိယနေ့မှာကျင်းပတဲ့ အစည်းအဝေးမှာ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကလည်း “ဝန်ကြီး ဌာနများ ပြောင်းလဲရာတွင် ဦးစီးဌာနများ ဖောင်းပွနေမှု ရှိ၊မရှိ လေလွင့်မှု ရှိ၊မရှိ ပြန်ကြည့်ရန် လိုအပ်ပြီး ညွှန်ကြားရေးမှူးချုပ်အဆင့်မှ အောက်ခြေအထိ ဆက်ဆံပုံ၊ လုပ်ကိုင် ဆောင်ရွက်ပုံများကို ပြောင်းလဲ ရန်လိုအပ်ပါက ပြောင်းလဲရမည်” ဖြစ်ကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

ဒီအချက်တွေက ဘာပြလဲဆိုတော့ သန့်ရှင်းသော အစိုးရ (Clean Government) နှင့် ကောင်းမွန်သော အုပ်ချုပ် ရေးစနစ် (Good Government) ကို စတက်ခါစကပင် နိုင်ငံတော်သမ္မတကြီး ပြောကြားချက်များကို အကောင်အထည်ဖော်ရန် သမ္မတကြီးနှင့် ဒုတိယသမ္မတတို့က လုပ်ငန်းလမ်းညွှန်အဖြစ် တိတိကျကျနှင့် အလုပ်သဘောဆောင် ဖော်ပြချက်များ ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။ သမ္မတကြီးက ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန်ဆွဲတဲ့ လူ တွေကို နောက်မှာချန်ထားခဲ့မည်ဟု ဆိုခြင်းမှာ သမ္မတကြီးက သက်သက်သာသာ ပြောသွားခြင်းဟု ကျွန်တော် သဘောပေါက်ပါသည်။ လိုအပ်လျှင် လို အပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ကျွန်တော်သဘောပေါက်ပါသည်။

ဒါကြောင့် ကျွန်တော့်ဆောင်းပါးခေါင်းစဉ်ကဲ့သို့ တာဝန်ရှိမှု၊ တာဝန်သိမှုနှင့် တာဝန်ယူမှုများကို ဆက်စပ်၍ ကျွန်တော် တင်ပြမည်ဖြစ်ပါသည်။ တာဝန်ရှိမှုအပိုင်းတွင် ဟိုတစ်ချိန်ကလို တစ်ဦးတစ်ယောက်၊တစ်ဖွဲ့မှ ညွန်ကြားချက်အတိုင်း အကောင်အထည်ဖော်ရသည့်စနစ်မှ မိမိတို့ကိုယ်တိုင် တာဝန် ယူ အကောင်အထည်ဖော်ရမည့်စနစ်သို့ ရောက်ရှိလာသည်ဟု ကျွန်တော်သုံးသပ်ပါသည်။ ညွန်ကြားမှ လုပ်မည်၊ ခိုင်းမှလုပ်သည်ထက် မိမိတို့ကိုယ်တိုင် တာဝန်ယူ လုပ်ဆောင်မှုပြုရမည့် အချိန်ကျရောက်နေပြီဖြစ်သည်။ ပထမတာဝန်ရှိမှုအနေဖြင့် ပြည်သူက ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ် များကတဆင့် သမ္မတ၊ ဒုသမ္မတ၊ ပြည်ထောင်စု ဝန်ကြီး၊  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်သူ့ကိုယ်စားလှယ်များသာ ဖြစ်ပါ သည်။

ဒါကြောင့် စီမံခန့်ခွဲရေးတာဝန်ရှိမှုအပိုင်းတွင် နိုင်ငံတော်သမ္မတမှအစ အောက်ခြေရပ်ကွက် အုပ်ချုပ်ရေးမှူးအထိ လည်းကောင်း၊ ဌာနဆိုင်ရာ အပိုင်းတွင် ပြည်ထောင်စုဝန်ကြီးမှ အောက်ခြေရုံးလုလင်အထိလည်းကောင်း၊ တာဝန်ရှိပါသည်။ ပြည်သူကို အလုပ်အကျွေးပြုရမည် ဖြစ်ပါသည်။ ဒီလိုမှ မလုပ်ရင်သမ္မတမှအစ တာဝန်မကျေသလို၊ အောက်ခြေ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအထိ တာဝန်ကျေပွန်ရာရောက်မည် မဟုတ်ပါ။ ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စုဝန်ကြီး တာဝန်၊ ဒေသဆိုင်ရာအစိုးရဝန်ကြီးများ တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းပြီးဖြစ်ရာ မိမိတို့တာဝန်အား သဘောပေါက်ပြီး ဖြစ်ကြပါမည်။

ဒါက တာဝန်ရှိမှုအပိုင်းဖြစ်ပြီး ဒုတိယအဆင့် မိမိတာဝန်ဘာလဲဆိုတာ ပီပီပြင်ပြင် သဘောပေါက်သိရှိရမည် ဖြစ်ပါသည်။ တာဝန်ရှိမှ တာဝန် သိမည်ဖြစ်ပါသည်။ အပေါ်ကခိုင်းမှလုပ်မည်၊ မိမိကိုယ်တိုင် တာဝန်သိသိဖြင့် ဆောင်ရွက်မှုမပြုက ထိုတာဝန်နှင့် မထိုက်တန်တော့ပါ။ ယခုအခါ တာဝန်ရှိ တာကို တာဝန်မသိတာကြောင့်လား၊ သိပါလျက် မသိချင်ယောင်ဆောင်ပြီး မလုပ်၊မရှုပ် မပြုတ်နေပြီး အောက်ခြေက ပြောင်းလဲမှုမရှိဘဲ ခေါက်ရိုးကျိုး ပုံစံအတိုင်းသာ ဖြစ်ပျက်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ နောက်တစ်ဆင့်တက်လျှင် တာဝန်သိလျှင် တာဝန်ယူမှု ပြုရပါမည်။ တာဝန်လည်းမသိ၊ တာဝန်လည်း မယူသူဟာ သမ္မတကြီး မိန့်ကြားသလို နောက်ချန်ထားရမည့်သူများသာ ဖြစ်ပါသည်။

ကျွန်တော့်အနေဖြင့် တာဝန်ယူမှုအပိုင်းကို အလေးအနက်ထောက်ပြလိုပါသည်။ ကျွန်တော့်တို့နိုင်ငံသည် နှစ်ငါးဆယ်ကျော် တစ်ဦးတစ်ယောက်၊ တစ်ပါတီက အုပ်ချုပ်သောစနစ်တွင် ရှင်သန်ခဲ့ရာ တစ်ဦးတစ်ယောက်၏ အမိန့်အာဏာအောက်တွင် ရို့ကျိုးပြီး ဘာမျှ တာဝန်မယူသော ခေတ်စနစ်ကို ကျော်လွှားခဲ့ပြီး တိုင်းပြည်လည်း သမ္မတကြီးပြောသလို၊ LDC အဆင့်အဆင်းရဲဆုံးနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ ဒါက တစ်ဦးတစ်ယောက် အာဏာရှင် အောက်တွင် ရှိချိန်က ဖြစ်ပါသည်။ ယခုအခါလည်း အဲဒီစနစ်ဟာ မြေမြှုပ်ခဲ့ပြီး ယခုခေတ်စနစ်သစ်တွင် မိမိ၏ တာဝန်ယူမှုအပိုင်းကို ပီပီပြင်ပြင် လုပ်ရ မည့်အချိန် ကျရောက် ပြီဖြစ်ပါသည်။ ဟိုတစ်ချိန်က ဌာနဆိုင်ရာတစ်ခုခုတွင် ဘာဖြစ်ဖြစ်၊ လက်သည်မပေါ်ဘဲ ဒီလိုပဲ ပြီးစီးသွားပါသည်။ ကျွန်တော်တို့ ယခုအထိ ခံစားရဆဲဖြစ်ပါသည်။ ကြမ်းကျွံတာနုတ်လို့ရသည်။ စကားကျွံတာ နှုတ်မရပါ။ နှိုင်းနှိုင်းချိန်ချိန် ပြောရပါမည်။ ပြောလျှင်လည်း ပြောသည့်အတိုင်း လုပ်ရပါမည်။ မလုပ်နိုင်ဘဲပြောပါက ပြဿနာ ပိုကြီးမည်ဖြစ်ပါသည်။

ထို့ကြောင့် တာဝန်ယူမှု အပိုင်းတွင် မိမိတို့ တာဝန်ယူသလို၊ ပြောသလိုလုပ်နိုင်ရပါမည်။ ထိုသို့မလုပ်နိုင် က မိမိတာဝန် မိမိယူရမည် ဖြစ်ပါသည်။ ဟိုတလောက ဂျာနယ်တစ်စောင်တွင် မန္တလေးတိုင်းဒေသကြီးမှ လျှပ်စစ်ဝန်ကြီးက မိမိအနေဖြင့် မန္တလေးအတွက် မန္တလေးတိုင်းဒေသကြီးမှ လျှပ်စစ်ဝန် ကြီးက မိမိအနေဖြင့် မန္တလေးတွင် လျှပ်စစ်မီးရအောင်မလုပ်နိုင်က ဝန်ကြီးအဖြစ်မှနုတ်ထွက်မည်ဟု  အတိအလင်းကြေညာရာ ဒါက တာဝန်ယူမှု အပိုင်းကို အပီအပြင် ပြောဆိုလုပ်ကိုင်ခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရသစ်လက်ထက် ပထမဦးဆုံး ကြားရခြင်းလည်း ဖြစ်ပါသည်။ သို့မဟုတ်ပါက သမ္မတကြီး မိန့်ကြားသလို ထိုသို့သောသူများကို နောက်ချန်ထားခဲ့ရန်သာရှိတော့ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment