Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အလတ်လွှာနှင့် မြန်မာ့ရှေ့ရေး

*****************************************

ဆောင်းပါးကဏ္ဍ

အလတ်လွှာနှင့် မြန်မာ့ရှေ့ရေး

အောင်အောင် (IR)

(ဇူလိုင်လ ၁၆ရက်နေ့ထုတ် Messenger ဂျာနယ်အတွဲ (၃) အမှတ် (၈) မှ ထုတ်ယူဖော်ပြချက်)

နိုင်ငံတစ်နိုင်သည် ဖွံ့ဖြိုးတိုးတက်မှု အရှိန်ရလာသည်နှင့်အမျှ ၎င်းနိုင်ငံနေပြည်သူလူထု၏ လူနေမှုအဆင့်အတန်းတို့သည်း အနှေးနှင့်အမြန် ဆိုသလို အကောင်းဘက်သို့ ပြောင်းလဲသွားကြပါသည်။

နိုင်ငံတစ်နိုင်ငံ၏ စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုတွင် ၎င်းနိုင်ငံရှိ လူတန်းစားကွာဟမှုမှာ ကျဉ်းမြောင်းလာပြီး လူတန်းစားအများအပြားကို ဖြစ်ထွန်း ပေါ်ပေါက်စေပါသည်။ ၎င်းပညာတတ်လူတန်းစားကပင် နိုင်ငံ၏အနာဂတ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကို အဓိက မောင်းနှင်ထိန်းကျောင်း သူများဖြစ်လာကြပြီး ကမ္ဘာ့အလယ်တွင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာမြှင့်တင်ရေးအတွက် မရှိမဖြစ်လိုအပ်သော လူတန်းစားတစ်ရပ်လည်း ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံတွင် လူလတ်တန်းစားအလွှာသည် ပဋိပက္ခဖြေရှင်းရေး (Conflict Resolutuion) တွင် အဓိကအရေးပါသော လူတန်းစားဖြစ်ပြီး ထိုလူလတ်တန်းစားအလွှာ ဖြစ်ထွန်းပေါ်ပေါက်လာရေးသည် နိုင်ငံတည်ဆောက်ရေး (State Building) တွင် ပဓာနကျသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ် သည်။

ထိုသို့ အထက်တန်းလွှာပေါ်ပေါက်လာပါက တိုင်းပြည်တစ်ပြည်အတွက် မည်သို့အကျိုးများမည်၊ ဖြစ်ထွန်းပေါ်ပေါက်လာခြင်း မရှိပါက မည်သို့ အကျိုးနည်းမည်ဆိုသည်ကို စာရေးသူအနေဖြင့်မိမိ၏ ပြည်ပအတွေ့ အကြုံများနှင့်တကွ ရေးသားဖော်ပြပါမည်။

ဤဆောင်းပါးတွင် ကျွန်တော်ဆိုသော အလတ်လွှာဆိုသည်မှာ ပညာဖြင့်တည်ဆောက်ထားသော ပညာတတ်လူတန်းစားတစ်ရပ်ကို ရည်ညွှန်း ပါသည်။ ကမ္ဘာ့နိုင်ငံရေးအတွေ့အကြုံများအရ ရေရှည်တည်တံ့သော ဒီမိုကရက်တစ်နိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် အဓိကအလွှာမှာ အလတ် လွှာသာဖြစ်ပြီး ပညာကသာ အဆိုပါလူလတ်တန်းစာအလွှာကို ဖွံ့ဖြိုးတိုးတက် ကျယ်ပြန့်ကြီးထွားစေနိုင်ပါသည်။ အထက်လွှာ ဖွံ့ဖြိုးကြီးထွားလာသော နိုင်ငံတစ်နိုင်ငံသည် ဆင်းရဲမွဲတေမှုများ လျော့နည်းကျဆင်းလာမည်ဖြစ်သလို ဆင်းရဲချမ်းသာကွာဟမှုကို ကျဉ်းမြောင်းလာစေမည်ဖြစ်သည်။ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ရှုထောင့်မှကြည့်လျှင်လည်း လူ့အဖွဲ့အစည်းအတွင်း လူတန်းစားကွာဟမှု ပဋိပက္ခများ လျော့နည်း ကျဉ်မြောင်းလာမည်ဖြစ်သလို လူတန်းစားကွာဟမှုအပေါ် အခြေခံသည့် မကျေနပ်ဖွယ်ရှိသော ပဋိပက္ခများကိုလည်း ကြိုတင် ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။ ပညာဖြင့် ဖွဲ့စည်း ထားသည့် အားကောင်းသော  လူလတ်တန်းစားအလွှာသည် အောက်ခြေလူတန်းစာအတွက် အသံ (Voice) ဖြစ်နိုင်သလို အပေါ်လွှာလူလတ်တန်းစား၏ အသံ (Voice) လည်း ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ ကြီးမားကွာဟသော လူတန်းစားနှစ်ရပ်ကြား စေ့စပ်ထိန်းညှိပေးနိုင်သော အလွှာတစ်ရပ်အနေဖြင့် တည်ရှိနေခြင်း ဖြစ်သည်။ အဆိုပါ လူလတ်တန်းစား အားမကောင်းခဲ့ပါက ခံစားချက်ပါသော ရန်လိုဖွယ်ရှိသော အောက်ခြေလူတန်းစား၏ လှုပ်ရှားပြုမူ မှုများသည် အထက်လွှာ (Elite) များအတွက် လက်ခံနိုင်ဖွယ်ရာမရှိဘဲ အလွန်အကျွံ့အင်အားသုံးခြင်းဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများမှတစ်ဆင့် လူ့အဖွဲ့ အစည်းအတွင်း ပဋိပက္ခများ ပိုမို ကြီးမားလာတတ်ပါသည်။ ဆိုရလျှင် အထက်လွှာလူ့အဖွဲ့အစည်းသည် ပညာနည်းပါးသော အောက်ခြေလွှာလူထု၏ ပြုမူ ဆောင်ရွက်မှုများကို လမ်းကြောင်းမှန်ပေါ်သို့ ဆွဲတင်နိုင်သကဲ့သို့  ဥစ္စာသြဇာကြီးမားသော အထက်လွှာ၏ အလွန်အကျွံ ဖြစ်ဖွယ်ရှိသော ပြုမူဆောင်ရွက် မှုများကိုလည်း ထိန်းကျောင်း ကြပ်မတ်ပေးနိုင်ပါသည်။

စာရေးသူသည် တောင်ကိုးရီးယားနိုင်ငံတွင် ပညာသင်ကြားခဲ့စဉ် ကိုးရီးယားကျောင်းသူ/သားများနှင့် တရင်းတနှီး ပေါင်းသင်းဆက်ဆံခဲ့ပါသည်။ ကိုရီးယားအခန်းဖော်တစ်ဦးနှင့် တစ်နှစ်ကြာမျှ အတူနေထိုင်ခဲ့ပြီး ကိုးရီးယားလူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျောင်းတွင်း၊ ကျောင်းပြင် လေ့လာ ဖြစ်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံသည် ၁၉၆၀ ပြည့်လွန်ကာလ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြင်းအထန် ရုန်းကန်နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများကြောင့် နိုင်ငံတကာညွှန်းကိန်း သတ်မှတ်အကဲဖြတ်သော အဖွဲ့အစည်းများက အနာဂတ်အတွက် အလားအလာရှိ သော နိုင်ငံများစာရင်းတွင် ထည့်သွင်းခံရခြင်းမရှိခဲ့ပေ။ ထိုစဉ်က အလားအလာရှိသည်ဟု သတ်မှတ်ခဲ့သည့် နိုင်ငံနှစ်နိုင်ငံမှာ အာရှ၏ စပါးကျီဟု ထို အချိန်က ထင်ရှားခဲ့သည့် မြန်မာနိုင်ငံနှင့် ပညာတတ်ပေါများ၍ အင်္ဂလိပ်စာကျွမ်းကျင်သည့် နိုင်ငံများရှိသော ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်သည်။

၁၉၆၀ မှသည် ၁၉၈၀ ပြည့်လွန်နှစ်များအထိ တောင်ကိုးရီးယားနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှု လှိုင်းတံပိုးအောက်တွင်ရှိပြီး စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်ခဲ့ရသော တိုင်းပြည်ဖြစ်သည်။ ထိုစဉ်က တောင်ကိုရီးယားတက္ကသိုလ်ကျောင်းသားများ၏ စစ်အုပ်ချုပ်မှုဆန့်ကျင်ရေး၊ အမေရိကန် ဆန့်ကျင်ရေး၊ ကိုးရီးယားပေါင်းစည်းရေးဆန္ဒပြပွဲများသည် ကမ္ဘာ့မီဒီယာအတော်များများတွင် နေရာယူခဲ့ကြပြီး နိုင်ငံခြားစာနယ်ဇင်းများတွင် ပါရှိသော မျက်မှန်တပ် ခေါင်းစည်းအနီစီး သံတုတ်ကိုင်ကာ လုံခြုံရေးရများနှင့် ပဋိပက္ခဖြစ်ခြင်းများ၏ ရင်းမြစ်တစ်ခုဖြစ်ကြောင်း ဆိုသည်။ သူနှင့်ကျွန်တော် ကျောင်းပရဝဏ်တစ်လျှောက် လမ်းလျှောက်လာစဉ် လမ်းဘေးတစ်ဖက်တစ်ချက် ကားပါကင်များတွင် စီတန်းရပ်ထားသော ရောင်စုံကားများကို လက် ညှိုးထိုးပြရင်း လွန်ခဲ့သော နှစ် ၂၀ခန့်က ဤနေရာတွင် ကား ၅စင်း၊ ၆စင်းခန့်သာ အလွန်ဆုံးရှိခဲ့သည်ဟု အတိတ်ကို ပြန်ပြောင်းပြောပြရင်း ထိုစဉ်က သူသည် ကားစီးနိုင်သော လူတန်းစားများကို အမြင်မကြည်လင်ခဲ့ကြောင်း ဆိုသည်။ အခုတော့ သူသည် တိုက်ခန်းတစ်ခန်း၊ ကားတစ်စီး၊ သင့်တင့်သော လစာရိက္ခာဖြင့် ကလေးနှစ်ဦးအား မပူမပင် ကျောင်းထားပေးနိုင်သော လူလတ်တန်းစားဝင်တစ်ဦး ဖြစ်နေပြီ။ ကိုရီးယားကျောင်းသားများမှာ လူ့အဖွဲ့ အစည်းအတွင်း အခွင့်အလမ်း တိုးပွားလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းနှင့် သာလွန်ကောင်းမွန်သောဘ၀ ရပ်တည်ဆောက်ရေးတို့အတွက် သာ အဓိက စဉ်းစားလာကြပြီး နိုင်ငံရေးကို စိတ်မဝင်စားလှတော့ဟု ဆိုသည်။

နိုင်ငံရေးကို စိတ်မဝင်စားသော လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများကို သူ့အနေဖြင့် ဘဝင်မကျသော်လည်း တိုးတက်ကောင်းမွန် လာသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် ဤသို့ဖြစ်လာသည်မှာ မဆန်းဟု သူကဆိုသည်။ အုပ်ချုပ်သူများ တရားမမျှတပါက လူ့အဖွဲ့အစည်းအတွင်း မညီ မျှမှုများ များပြားလာပါက လူငယ်လူရွယ်တို့၏ နိုင်ငံရေးစိတ်မှာ နှိုးဆွစရာမလိုဘဲ အလိုလို ပြန်ပေါ်လာမည်ဟု ဆိုသည်။

ဂျပန်နိုင်ငံတွင်လည်း စီးပွားရေးမညီမျှမှု ကြီးထွားပြီး လူ့အဖွဲ့အစည်းသည် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားချိန်တွင် ကိုရီးယားကဲ့သို့ ကျောင်း သား၊ အလုပ်သမားလှုပ်ရှားမှုများ ရှိခဲ့ဖူးကြောင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ဂျပန်နိုင်ငံရေးသမားအချို့မှ တင်ပြခဲ့သည်ကို မှတ်သားဖူး ပါသည်။ သို့သော် လူလတ်တန်းစားအလွှာ ကြီးမားလာသည်နှင့်အမျှ အဆိုပါ ပဋိပက္ခများမှာ လျော့နည်းပျောက်ကွယ် သွားခဲ့ပါသည်။

အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင် ကြီးထွားလာသော အလတ်လွှာက နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ ရေး တည်ငြိမ်တိုးတက်မှုကို ထိန်းကျောင်း ထိန်းညှိသွားသည်ကို အထင်အရှား တွေ့ရပါမည်။ လူလတ်တန်းစားအလွှာ ဖွံ့ဖြိုးအားနည်းပြီး ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားသော ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့တွင်မူ လူမှုအဖွဲ့အစည်းအတွင်း လူတန်းစားပဋိပက္ခများရှိနေပြီး ကြီးမားသော လူမှုအသိုင်းအဝိုင်းမှာ မကြာခဏဆိုသလို လုံခြုံမှုဆိုင်ရာ ပြဿနာများ ခံစားရကြောင်း ဖတ်ရှုဖူးပါသည်။

မြန်မာပြည်တွင် လူတန်းစားကွာဟမှုကြီးမားစွာ တည်ရှိပြီးဖြစ်သည်ကို လက်ခံနားလည်ထားကြပြီး ဖြစ်ပါသည်။ အရပ်ထဲတွင် လူပြောများသော စကားတစ်ခုမှာ မြန်မာပြည်တွင် လူလတ်တန်းစားဟူ၍ မရှိတော့ဘဲ ပိုက်ဆံရှိသူနှင့် ပိုက်ဆံမရှိသူသာ ရှိသည်ဟု ဖြစ်သည်။ ထိုသို့ပြောသံကို မကြာခဏ ဆိုသလို နေရာအနှံ့ကြားရပါသည်။ အဆိုပါ ပြည်သူကြားမှ အသံမှာ အတိုင်းအတာတစ်ခုအထိ မှန်ပါသည်။ ယေဘုယျအားဖြင့် လူလတ်တန်းစား ဆိုသည်မှာ ကိုယ်ပိုင်အခန်း၊ ကိုယ်ပိုင်ကား၊ သင့်တင့်သော ကိုယ်ပိုင်အသုံးအဆာင်နှင့် မိသားဟစုအား အခြေခံလိုအပ်ချက်များ ကျွေးမွေးထောက်ပံ့နိုင် သော ဝင်ငွေရှိ အိမ်ထောင်စုများစုဖွဲ့ထားခြင်းဖြစ်သည် ဆိုလျှင် စာရေးသူတို့နိုင်ငံတွင် လူဦးရေအချိုးအစားနှင့် ယှဉ်လျှင် ထိုသို့ လူမှုအဆင့်အတန်းနှင့် ဝင်ငွေရှိ အိမ်ထောင်စုများမှာ အလွန်ပင် နည်းပါးပါမည်။ မိမိ၏ အိမ်ငှားခ၊ ကားခ၊ ဈေးဖိုး၊ ရေခ၊ မီးခ စသဖြင့်တွက်ချက်၍ အလုပ်ရှုပ် စိတ်ရှုပ်နေသော မိသားစုများက အများစုဖြစ်ပါသည်။ အိုးပိုင်အိမ်ပိုင်ရှိသည့်တိုင် နေ့စဉ်အသုံးစရိတ်နှင့် ကလေးကျောင်းစရိတ်များ အလျဉ်မီအောင် ဖြည့်ဆည်းနေရသော မိသားစုများက အများစုဖြစ်ပါသည်။ အဆိုပါမိသားစုများ၊ အိမ်ထောင်စုများသည် နိုင်ငံ၏ ပဋိပက္ခများ မဆိုထားနှင့် မိသားစုပဋိက္ခများကို အနိုင်နိုင် ဖြေရှင်းရဖွယ် ရှိပါသည်။ အိမ်နီးချင်း အာရှနိုင်ငံများရှိ လူလတ်တန်းစားများကဲ့သို့ ဆင်ခြင်တွေးခေါ်ချင့်ချိန်မှု နည်းပါးမည်ဖြစ်ပြီး ပဋိပက္ခများကို ကြားဝင် ဖြေရှင်းဆောင်ရွက်နိုင်သည့် လူတန်းစားဖြစ်ရမည့်အစား ပဋိပက္ခများကို အဆင်အခြင်ကင်းမဲ့စွာ ဝင်ရောက်အားဖြည့်ပေးမည့် လူတန်းစားအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။

စာရေးသူအနေဖြင့် မြန်မာပြည်၏ အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြမှုရှိပါသည်။ နိုင်ငံအတွင်း အလတ်လွှာ ပီပီပြင်ပြင် မပေါ်ထွန်းလာမီ လူတန်းစား ပဋိပက္ခများမှတစ်ဆင့် လူ့အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှုကြီးထွားလာမည်ကို ဖြစ်ပါသည်။ စာရေးသူတို့ လူ့အဖွဲ့အစည်းတွင် အလတ်လွှာ မှာ သိသိသာသာ အားနည်းနေပါသည်။ လူတန်းစားအသီးသီး၌ ပညာပျောက်ဆုံးနေပါသည်။ နိမ့်ပါးနေပါသည်။ ကြီးနိုင်ငယ်ညှင်းစိတ်များ ထွန်းကား နေပါသည်။ မယုံကြည်မှုများဖြစ်ထွန်းနေပါသည်။ အာရှနိုင်ငံများရှိ ဖြစ်ထွန်းတိုးတက်လာသော အလတ်လွှာမှ အစိုးရများ၏ ကောင်းမွန်သော ပေါ်လစီ များနှင့် အောက်ခြေပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ပါသည်။ အစိုးရများ၏ ပေါ်လစီအပြောင်းအလဲများကြောင့် အောက်ခြေလူတန်းစားများ မှာ အလတ်လွှာအဖြစ် တိုးတက်ပြောင်းလဲလာခဲ့ပြီး အဆိုပါ တိုးတက်ပြောင်းလဲလာသော အလတ်လွှာကြောင့်ပင် တိုင်းပြည်မှာ နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်မှု လမ်းကြောင်းပေါ်သို့ အဆင့်တစ်ဆင့်အထိ ရောက်ရှိလာခဲ့ပါသည်။ ဆိုလိုသည်မှာ အစိုးရ၏ မူဝါဒအပြောင်းအလဲများကို လက်လှမ်းမီသော လူတန်းစားတစ်ရပ်မှာ ရှိနေပြီဖြစ်ပြီး သာတူညီမျှသော အခွင့်အရေးများကို လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့စေခဲ့သည်။

ကျွန်တော်တို့ မြန်မာပြည်တွင် မူဝါဒချမှတ်သူများသည် အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်းသိမြင်ပြီး မိမိတို့ချမှတ်လိုက်သော မူဝါဒများမှ အသီးအပွင့် အခွင့်အလမ်းများသည် သာမန်အောက်ခြေ ပြည်သူလူထု မည်မျှခံစားရသည်။ မည်မျှဖွံ့ဖြိုးတိုးတက်လာသည်။ မည်သို့ အထောက်အပံ့ ပေးရမည်။ အကာအကွယ်ပေးရမည် စသဖြင့် သဘောပေါက်ပါက အဆိုပါ သိမြင်သဘောပေါက်မှုကို ကြီးကြပ်အကောင်အထည်ဖော်မည့် အစိုးရ ယန္တရားများက သွက်လက်ထက်မြက်ပါက အချိန်ကာလနှင့် ဖွံ့ဖြိုးတိုးတက်မှု စံနှုန်းစံထားများအား စောင့်ကြည့်သတ်မှတ် ပြဌာန်းနိုင်ပါက နိုင်ငံတွင် အလတ်လွှာ ဖွံ့ဖြိုးတိုးတက်ခိုင်မာလာမည်ဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တရားမျှတမှုရှိသည့် လူ့အဖွဲ့အစည်းတည်ရာနိုင်ငံအဖြစ် အာရှအလယ်၊ ကမ္ဘာ့အလယ်တွင် နေရာရလာမည် ဖြစ်ပါသည်။

*****************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment