Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၀.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေးပိတ်ဆို့မှု၏ တစ်ဖက်သတ်သဘော

Sanction is One-Sided In Nature

*****************************************

ဆောင်းပါးကဏ္ဍ

စီးပွားရေးပိတ်ဆို့မှု၏ တစ်ဖက်သတ်သဘော

Sanction is One-Sided In Nature

ဦးကြည်မြင့် (လသာ)

ဇူလိုင်လ ၂၀ရက်နေ့ထုတ် သံတော်ဆင့်ဂျာနယ် အတွဲ (၁) အမှတ် (၁၉) မှ ထုတ်ယူဖော်ပြသည်။

စီးပွားရေးပိတ်ဆိုမှု economic sanction သည်သူ့နိုင်ငံအတွင်းသို့ ကုန်စည်များမသွင်းရ၊ ဝန်ဆောင်မှုများပါ မလုပ်ရ။ မတင်သွင်းရသော ဝန်ဆောင်မှု(လုပ်အား)များနှင့် ကုန်ကြမ်းတစ်ဝက်ကုန်ကြမ်းတို့ပါဝင်သော ကုန်စည်များမတင်သွင်းရ၊ မရပ်ရ၊ လက်မခံရ၊ အလည်အပတ်နှင့် နိုင်ငံတကာ နိုင်ငံရေး၊လူမှုရေးဝင်ထွက် ဆက်ဆံခြင်းပင်မပြုရ၊ ငွေကြေးများပါမထားရ၊ ထားပြီးငွေကြေးများ ပြန်မထုတ်ရ၊ Freezing များ စသည်ဖြင့်  အဝင်ကို ပိတ်ဆိုခြင်းမှာ အဓိကဖြစ်သည်။

အဓိကအထွက်ပို့အနေဖြင့် စစ်လက်နှက်တင်ပို့ရောင်းချခြင်း မပြုရ၊ နည်းပညာပါဝင်သော အထူးသဖြင့် နည်းပညာမြင့်မားသောပစ္စည်းများ မပို့ရ စသည်တို့လောက်သာ ကန့်သတ်သည်။ ပြောရလျှင် ဆန်ရှင်သည် တစ်ဖက်သတ် အပေါ်စီးယူခြင်းမျှသာ ဖြစ်သည်။ အများနားလည်ကြသလို စတင်ပိတ်ဆို့သော နိုင်ငံဘက်မှ  သူတို့၏ပစ္စည်းများလည်း သွားမရောင်ရ၊ ဆိုင်များမဖွင့်ရ၊ စက်ရုံသွားမတည်ရ၊ လိုချင်သောကုန်ကြမ်းများရှိလျှင်ပင် သွားမဝယ်ရ စသော ကိုယ့်ဘက်ကလိုချင်သည့် အရာမရမည့် နာမည်အချက်များ မပါဝင်ပေ။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းပေါ် ပါဝင်လာသည်ကို အကြောင်းပြု၍ စီးပွားရေး ပိတ်ဆို့မှု ဆန်ရှင်ပိတ်ဆို့ထားသည်။ ရုတ်သိမ်းတော့မည် စသော အကြောင်းများ ပေါ်ပေါက်လာပြီး ဥရောပသမဂ္ဂ Europe Union (EU)၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှပ်နှံခြင်း၊ ကုန်သွယ်ခြင်းများမပြုရန် ဖြစ်လာသည်ဟု ထင်မြင်လျှင် မှားပါသည်။

လက်တုံ့ပြန်ခြင်း

သူတို့သည် ဒီမိုကရေစီနိုင်ငံကြီးများ ဖြစ်သည်။ တစ်ဦးချင်းဖြစ်မှု Individuality ဖြစ်မှုကို အခြေခံပြီး အစိုးရက တစ်ဦးချင်းလွတ်လပ်မှု၊ အထူး သဖြင့် စီးပွားရေးလွတ်လပ်မှုကို ဟန့်တားပိတ်ပင်မှု နည်းလေ့ ရှိပါသည်။ တကယ့်စစ်ကြီးဖြစ်မှသာ ခွဲတမ်း rationing ကုန်သွယ်ရေးကန့်သတ်မှု trade restriction စသည်များ ပြုကြပါသည်။ ဤသို့ဖြင့် ပတ်ဝန်းကျင် အမေရိကန်နိုင်ငံသား ၅၂ယောက်ကို ဓားစာခံအဖြစ် အီရန်အစိုးရက ဖမ်းဆီးထားခြင်း အယ်ဆာဗေဒိုနိုင်ငံကို ကွန်ထရာသူပုန်များ ထိန်းသိမ်းထားခြင်းတို့ ရှိသည့်တိုင် အမေရိကန် ပုဂ္ဂလိကစီးပွားရေးသမားများ ထိုနိုင်ငံအတွင်း၌ အကြီး အကျယ် ရင်းနှီးမြှပ်နှံမှု ပြုနေကြကြောင်း တွေ့ရပါမည်။

၁၉၉၀ ခုနှစ်များအဝင်အထိ မြန်မာနိုင်ငံတွင် ပြင်သစ်နိုင်ငံမှ Totel, အမေရိကန်မှ Pepsi, Lucky Strike စသည်တို့ ခြေချရောင်းဝယ်လုပ်ကိုင် မှုများ တွေ့ကြရပါမည်။ သူတို့ပြန်သွားသည်မှာ သူတို့အစိုးရက မြန်မာနိုင်ငံကို ဆန်ရှင်ပြုလုပ်မည်ဖြစ်၍ ပြန်သွားခြင်းမဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ၏ တောင်းဆိုမှုကို ယင်းကုမ္ပဏီများ၏ ရှယ်ယာရှင်တို့က ဒီမိုကရေစီလိုလားသော မြန်မာပြည်သူများအပေါ် စစ်အစိုးရက ဆက်လက်ဖိနှိပ် အာဏာယူထားရန် အားပေးသကဲ့သို့ဖြစ်မည်ဟူသည့်အကြောင်းကြောင့် ဆန္ဒပြသောကြောင့်သာ ပြန်လည် ရုတ်သိမ်းသွားခြင်း ဖြစ်သည်။

အနောက်နှင့် ကမ္ဘာ့အရင်းရှင်စီးပွားရေး ကမ္ဘာဟောင်း Old Economy Old World နိုင်ငံများက မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှပ်နှံမှု မပြုခြင်း၊ ကုန်သွယ်ရောင်းဝယ်မှု မပြုခြင်းများသည် သူတို့မိခင်နိုင်ငံက တားမြစ်ထားသောကြောင့် မဟုတ်ပေ။ အထက်တွင်ဆိုခဲ့သလို သူတို့မိခင်နိုင်ငံ၏ ဆန်ရှင်မှာ သူတို့ဆီ လာမရောင်းရန်၊ ငွေလာမထားရန်၊ မြှပ်နှံရန် အဝင်ပိတ်ခြင်းသာ ဖြစ်ပါသည်။ အထွက်အရောင်းကို မပိတ်ပါ။

သူတို့၏ ကျွန်တော်တို့ထံ အဝင်အထွက်အသွားအလာကို ပိတ်ပင်ခြင်းမှာ ကျွန်တော်တို့ဘက်က ပြန်ပြုသည့် ပိတ်ဆို့မှုဆန်ရှင် Sanction ဖြစ်သည်။ ကုန်သွယ်ရေးစစ် ပြန်ဆင်ခြင်း၊ လက်တုန့်ပြန်ခြင်း၊ economic trade retaliation…economic war declaring ….rataliatory sanctioning စသည်ဖြင့် ခေါ်သည်။

ဤသည်တို့ကို စီးပွားရေးပိတ်ဆို့ခံရသောနိုင်ငံက အမျိုးသားဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာ ကာကွယ်သည့်အနေဖြင့် ပြန်လည်ပြဋ္ဌာန်း ခြင်း ပြုမြဲဖြစ်သည်။ ယနေ့ ကမ္ဘာ့အရင်းရှင်နိုင်ငံများက ဆန်ရှင်ကို မရုတ်သိမ်းဘဲ ဆိုင်ငံ့သည်။ ရွှေ့ဆိုင်းသည်ဟု လုပ်နေခြင်းမှာ သူတို့သိက္ခာ သူတို့ အဖတ်ဆယ်၍  ကျွန်တော်တို့ဘက်မှ ပြန်ပြုထားသော ဆန်ရှင်ကို ဦးစွာရုတ်သိမ်းရန် တောင်းဆိုမှုလည်း ဖြစ်သည်။ စင်စစ် NLD သည် ၂၀၁၀ မေလ ၆ရက်ကျော်ပြီး ၂နှစ်နီးပါး စောင့်ဆိုင်းကာ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းပေါ်သို့ တက်ရန် လမ်းဖွင့်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် အမတ် ၄၀ ကျော် လွှတ်တော်တွင်း ရောက်ရှိလာခြင်း စသည်တို့သည်“လူပြောမသန် လူသန်မပြော” God See the Truth But Wait ဆိုသလို နိုင်ငံတော် ဘက်မှ အကြွင်းမဲ့ ချွင်းချက်မရှိ နိုင်ငံတကာနှင့် ဆက်ဆံရေးပြေလည်ရေးကို ဦးစားပေးကြောင်း ပြသမှုဖြစ်ပါသည်။ စီးပွားရေးပြန်လည် လက်တုံ့ပြန် ပိတ်ဆို့မှုကို ရုတ်သိမ်းရန်လောက်ကား စာဖွဲ့စရာပင်မရှိပါ။

အနုမြူစနစ်နှင့် သဏ္ဍာန်တူ

အရင်းရှင်ကမ္ဘာ့နိုင်ငံဟောင်းများမှ အစိုးရများ၊ လွှတ်တော်များက ဆန်ရှင်ကို  ရုတ်သိမ်းခြင်းမရှိသေးဘဲ ရွှေ့ဆိုင်းသည်၊ ရပ်ဆိုင်းသည် ဆိုသံမျှ လောက်ဖြင့် ရင်းနှီးမြှပ်နှံမည့် ရောင်းဝယ်မည့် စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်လွှတ်၊ ကိုယ်စားလှယ်ထား လာရောက်စုံစမ်းဆွေးနွေးနေကြ သည်ကို ကြည့်လျှင် ကျွန်တော်တို့ဘက်မှ သူတို့ထံ အပို့အရောင်းသာ မဖွင့်သေးဘဲနေကြောင်း၊ သူတို့ဘက်မှ လာရောက်ထုတ်လုပ် ရောင်းဝယ်ရင်းနှီးရန် အဟန့်အတားမရှိကြောင်း စီးပွားရေးပညာသင် ကျွန်တော့်ပရိတ်သတ်တို့ တွေ့မြင်ရိပ်စားကြမည် ထင်ပါသည်။

အချုပ်ပြောရလျှင် စီးပွားရေးပိတ်ဆို့မှုသည် ပိတ်ဆို့သူက ပိတ်ဆို့ခံထံမှ မည်သည့်လုပ်အားသုံး ကုန်စည်ကုန်ကြမ်း၊ လောင်စာ၊ စသည်တို့ကိုမျှ မလိုချင်လျှင် အကျိုးယုတ်စရာ မရှိနိုင်။ သို့သော် အရင်းရှင်နိုင်ငံဟောင်းတို့သည် မြန်မာတို့ထံမှ ရေထွက်ပစ္စည်း၊ အထည်ချုပ်၊ သီးနှံ၊ ရာဘာဓာတ်ငွေ့နှင့် ရေနံ စသည်တို့ကို တစ်ဆင့်ခံဝယ်နေခြင်းဖြင့် ကြားပွဲခဖြတ်ပေးနေရသည်။ (လာရောက်ရင်းနှီးမြှပ်နှံခြင်းမှာ ပိတ်ဆို့မှုဆန်ရှင်နှင့် မည်သို့မျှမဆိုင် ကြောင်း ပြောခဲ့ပြီးပါပြီ) မြန်မာတို့ကလည်း တစ်ဆင့်ခံပွဲစားနိုင်ငံထား ရောင်းနေရသဖြင့် နစ်နာသည်။

မြန်မာတို့ဘက်မှ လက်တုံ့ပြန်ချင်၍ ပြန်ခဲ့သည်မဟုတ်ပါ။ စီးပွားရေးစစ်ကို အနုမြူစစ်နှင့် ဘောဂဗေဒပညာရှင်တို့ စပ်တူပြုလေ့ရှိသည်။ စီးပွား ရေးစစ်သည် သူရောကိုယ်ပါ ပျက်စီးမည့်စစ် ဖြစ်ပါသည်။

*****************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment