Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်သူကိုကိုယ်စားမပြုသော ပြည်သူ့ကိုယ်စားလှယ်

*****************************************

ဆောင်းပါးကဏ္ဍ

ပြည်သူကိုကိုယ်စားမပြုသော ပြည်သူ့ကိုယ်စားလှယ်

နိုင်မော်

ဒီမိုကရေစီဟူသည် ပြည်သူကိုကိုယ်စားပြုသောစနစ်ဟုဆိုကြသည်။ ပြည်သူကိုယ်စားပြုသောစနစ် ဖြစ်သောကြောင့်လည်း လေးနှစ်တစ်ကြိမ် (သို့မဟုတ်) ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲများကျင်းပစေ၍ ပြည်သူများက သူတို့ကို ကိုယ်စားပြုသော အမတ်လောင်းများကို ရွေးချယ်တင်မြှောက်ကြ သည်။

ရွေးကောက်ပွဲကာလရောက်ပြီဆိုလျှင် ပြည်သူနားဝင်ချိုမည့်၊ ပြည်သူလိုလားသည့်စကားမျိုးကို ပြော၍ပင် စည်းရုံးဟောပြောကြသည်ကို တွေ့ရ မည် ဖြစ်သည်။ ထို့ကြောင့်လည်း Popular Vote ဖြင့် တက်လာသည်က များပေလိမ့်မည်ဖြစ်ရာ အပြောအဟောကောင်းသူများ၊ ကိုယ်ရည်ကိုယ်သွေး Talent ရှိသူများက အနိုင်ရသွားသည်က များသည်။ ဤသို့ဆိုလျှင် ပြည်သူတွေက သူတို့၏ဘဝကို ပုံအပ်၍ ကိုယ်စားလှယ်များကို ရွေးချယ်ကြသလဲဟု မေးစရာရှိသည်။ ထိုအမေးကို ကျွန်တော့်၏ဆန်းစစ်ချက်အရ ဖြေရလျှင် ယုံကြည်မှုဖြင့် ရွေးသည်ဟု ဖြေရပေလိမ့်မည်။ ပြည်သူတွေက ဒီကိုယ်စားလှယ် လောင်းကတော့ ငါတို့တိုင်းပြည် ငါတို့လူမျိုးအတွက် ဆောင်ရွက်နိုင်မယ့်သူပဲဟု ရည်မျှော်မှန်းဆ၍ ရွေးချယ်ကြခြင်းပင် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ၊ မည်သည့်နည်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရလာသည်ဖြစ်စေ လွှတ်တော် အမတ်များသည် (တပ်မတော်သားကိုယ် စားလှယ်ဖြစ်ဖြစ်၊ အရပ်သားကိုယ်စားလှယ်ဖြစ်ဖြစ်) ပြည်သူ့ကိုယ်စားလှယ်လောင်းများပင်ဖြစ်ရာ မိမိတို့သည် ပြည်သူကိုကိုယ်စားပြုရပေလိမ့်မည်။ ပြည်သူတို့၏ လိုလားချက်များ၊ ပြည်သူတွေ၏ လိုအပ်ချက်များ၊ ပြည်သူများ၏ အခက်အခဲများကို တတ်စွမ်းသမျှ ဖြေရှင်းနိုင်ရန် ဝိုင်းဝန်း စဉ်းစားကြရပေ လိမ့်မည်။

တနည်းအားဖြင့် အမြော်အမြင်ရှိရမည်။ မိမိတို့၏ ပြုမူလုပ်ကိုင်ဆောင်ရွက်သမျှ ပြောဆိုမှုမှန်သမျှသည် ပြည်သူကို ကိုယ်စားပြုရပေလိမ့်မည်။ ၂၁ရာစုခေတ်သစ် တနည်းအားဖြင့် ကမ္ဘာတစ်ခုလုံးနှင့် ဆက်သွယ်နေရသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးတွင် လွှတ်တော်ကိုယ်စားလှယ်များ သည် နိုင်ငံတကာနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာကိစ္စများအတွက် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေရသည်ဖြစ်ရာ မိမိတို့၏ ပြောဆိုသမျှ သည် နိုင်ငံ၏ ပုံရိပ်ဖြစ်လာမည်ဖြစ်ရာ ပြောဆိုသမျှသည် သံတမန်ရေးရာကိစ္စဟူ၍ပင် ယူမှတ်ရမည်ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံသည် တက်ကြွသော အားမာန်အပြည့်ဖြင့် ခေတ်သစ်စနစ်သစ်သို့ ဦးတည်လျက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်။ နိုင်ငံတော်အတွင်းရှိ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ခေါင်းဆောင်အသီးသီးတို့သည် မိမိနိုင်ငံတိုးတက် ရေးအတွက် မည်သည့်နိုင်ငံနှင့်မဆို လက်တွဲ၍ ဆောင်ရွက်နေကြသည်။

နိုင်ငံတွင် နှစ်နှစ်ဆယ်ကာလပတ်လုံး လက်မတွဲနိုင်ခဲ့ကြသည့် အတိုက်အခံပါတီ NLD နှင့် အစိုးရတို့သည် ယနေ့ခေတ်တွင် လက်တွဲ၍ မတူ တာပယ်ပြီး မြန်မာပြည်သူနှင့် မြန်မာနိုင်ငံ၏အကျိုးကို ရှေးရှု၍ လက်တွဲဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့သည့်အတွက်လည်း နိုင်ငံတကာအလယ် တွင် ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့သည်။ ပိတ်ဆို့ထားသော စီးပွားရေးပိတ်ဆို့မှုမှ အထိုက်အလျောက် ဖြေလျှော့ပေးမှုများကို ရရှိခံစားလာရသည်။ မြန်မာသည် အပယ်ခံဘဝမှ နိုင်ငံတကာ၏ အရေးပေးဂရုစိုက်မှုကို ရရှိလာပြီဖြစ်သည်။ ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ပြတ်တောက်ခဲ့သော အမေရိ ကန်အပါအဝင် အင်အားကြီးနိုင်ငံများနှင့် ပြန်လည်ရင်ကြားစေ့နိုင်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးမှုနှင့် ငြိမ်း ချမ်းရေးလမ်းကြောင်းပေါ်သို့ ရွှေ့နိုင်ခဲ့သည်။ နိုင်ငံတော်သမ္မတကြီးဆိုလျှင် နိုင်ငံတကာကို သွားရောက်၍ပင် မြန်မာပြည်အကျိုးတွက် ဆက်သွယ် ဆောင်ရွက်နေသည်ကို တွေ့ရပေမည်။ နိုင်ငံရေးပါတီများဆိုလျှင်လည်း နိုင်ငံတည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအချို့ စတင်မည့် ခြေလှမ်း များကို တွေ့နေကြရမည်ဖြစ်သည်။

ထို့သို့ လုပ်ဆောင်လျက်ရှိသော်လည်း မည်သည့်နေရာတွင်မဆို အဖျက်ပိုးမွှားများ၊ အဆိုးမြင်ဝါဒီများ ရှိစမြဲဖြစ်သည်။ ထို့နည်းတူ မြန်မာ့နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင်လည်း နောက်ကြောင်းပြန်လှည့်လိုသော၊ လက်နဲ့ရေးသည်ကို မစားရအမဲ သဲနဲ့ပတ်လိုသော အဖျက်အင်အားစုများ ရှိနေသည်။ တစ်စုံတစ်ဦးသည် အဖျက်သဘော ရှိ၊ မရှိကို ထိုသူ၏ ပြုမူပြောဆိုမှုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ထိုသူ၏ စိတ်နေသဘာဝကို ထိုသူ၏ နှုတ်ထွက်စကား နိမိတ်ပြလျက် ရှိသည်။

ပြည်သူကိုယ်စားပြုကိုယ်စားလှယ်များထဲတွင်ပင် ထိုသို့သော လူမျိုးရှိနေသည်မှာ တိုင်းပြည်အတွက် ရင်လေးဖွယ်ရာ ဖြစ်တော့သည်။ ဤသို့ သောပုဂ္ဂိုလ်၏ အပြောအဆိုကိုကြည့်၍ ရွေးချယ်လိုက်သော ပြည်သူတစ်ယောက်အနေဖြင့် မိမိတို့ပေးခဲ့မိသော မဲကိုပင် နှမြောမိသည်။ မကြာမီကာလ အတွင်းက လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ဦးက ပြည်ပမီဒီယာနှင့် အင်တာဗျူးတွင် ပြည်သူပေးသောမဲကိုမထောက် အမြော်အမြင်ကင်းမဲ့စွာ ဖြေကြား ထားသည်ကို တွေ့ရသည်။

အဆိုပါအင်တာဗျူးတွင် ထိုကိုယ်စားလှယ်တော်ကြီး ဖြေကြားသော မြစ်ဆုံကိစ္စ၊ မြန်မာ-အမေရိကန်သံတမန်ကိစ္စ၊ နိုင်ငံရေးအင်အားစုများကိစ္စ၊ ပြည်သူတို့၏ ရွေးချယ်တင်မြှောက်မှု အစရှိသည်တို့နှင့် ပတ်သက်၍ အမြော်အမြင်ကင်းမဲ့စွာ ဖြေကြားထားသည်ကို တွေ့ရမည်ဖြစ်သည်။

မြစ်ဆုံအရေး စဉ်းစားပေး

မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ အဆိုပါပြည်သူ့ကိုယ်စားလှယ်ကြီးက “ဆောက်ကိုဆောက်ရမှာပေါ့”ဟု ဖြေကြားခဲ့သည်။ ဤနေရာတွင် စဉ်းစားရ မည်မှာ ကျွန်တော်တို့အနေဖြင့် လက်ငင်းကိစ္စကို စဉ်းစားမည်လား၊ ရေရှည်အတွက်ကို စဉ်းစားမည်လား။ မြစ်ဆုံဆည်တည်ဆောက်ဖို့ စဉ်းစားမည်လား၊ ဧရာဝတီမြစ်ကြီး အစဉ်တည်တံ့ရေးကို စဉ်းစားမည်လား။ ထည့်သွင်းမြော်မြင်ဖို့လိုသည်။ ကျွန်တော်တို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားရာ တွင် Substainable ဖြစ်ဖို့ပါ ထည့်သွင်းစဉ်းစားရမည်။ ဧရာဝတီမြစ်ကိစ္စကို စဉ်းစားလျှင် ထိုမြစ်ကို အမှီပြုနေရသည့် ပြည်သူတို့၏ဘဝကို ထည့်စဉ်းစား ဖို့ လိုမည်ဖြစ်သည်။

သမ္မတကြီး၏ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရ တက်လာခါတွင် မရှေးမနှောင်းဆိုသလို မြန်မာနိုင်ငံ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များအပါအဝင် ပြည်သူတစ်ရပ်လုံးက ကန့်ကွက်ကြသည်။ ပြည်သူများက အနာဂတ်တွင် ပျောက်ကွယ်သွားနိုင်သည့် မြစ်ဧရာအတွက် စိုးရိမ်မိကြသည်။ ထိုသို့သော အခြေအနေတွင် ခေတ်သစ်စနစ်သစ်ကို စိတ်သစ်လူသစ်ဖြင့် ဖြတ်သန်းမည့် သမ္မတကြီးက ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးရန်နှင့် မြန်မာနိုင်ငံ၏ အဖိုးတန်ရေသံယံဇာတ မဆုံးရှုံးစေရန် မြစ်ဆုံဆည် စီမံကိန်းကို မိမိအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်း ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။

ဤသည်ကိုကြည့်ခြင်းဖြင့် နိုင်ငံခေါင်းဆောင်တစ်ယောက်၏ မြော်အမြင်ရှိမှုကို တွေ့မြင်ရမည် ဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် ဒီမိုကရေစီ အစိုးရ၏ ပထမဆုံး ပြည်သူ့ဘက်က ရပ်တည်ချက်ပင် ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ တစ်ယောက်အနေဖြင့် သူ့တိုင်းပြည်နှင့် သူ့ပြည်သူအကျိုး အတွက် အရေးပါသော ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့သည်ကို ကန့်ကွက်ကြလျှင် ပြည်သူကိုကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ပြည်သူ့ကိုယ်စားလှယ်ဟု ဆိုနိုင်ပါဦးမည်လော။ ပြည်သူ့ကိုယ်စားလှယ်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပါဦးမည်လော။ ဆိုသည်ကို အဆိုပါ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ ပြောဆိုမှုများက သက်သေပြနေပေသည်။ ဦးအောင်သိန်းလင်းသည် ပြည်ခိုင်ဖြိုးပါတီမှတဆင့် ရွေးကောက်ပွဲဝင်ခဲ့သူဖြစ်ရာ သူ၏ ပြောဆိုပြုမူသည် သူကိုယ်စားပြုသောပါတီ၏ ဂုဏ်သိက္ခာကိုပါ များစွာ ထိခိုက်စေသောအပြုအမူ ပြောဆိုမှုပင် ဖြစ်ပါသည်။

တရုတ်-မြန်မာဆက်ဆံရေး

မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံပေါ် စိတ်ကွက်ခြင်း အနည်းနှင့်အများတော့ ရှိကောင်းရှိနိုင်သည်။ မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ တာဝန်ရှိသူများအနေနှင့်လည်း တရုတ်နိုင်ငံသို့ သွားရောက် ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။ မြန်မာခေါင်းဆောင်များအနေဖြင့် အမေရိကန်နှင့် ပူးပေါင်းချင်၍ တရုတ်နှင့် သဘောတူထားသောလုပ်ငန်းကြီးကို ရပ်ဆိုင်းခြင်း အိမ်နီးချင်း၏ ပျက်စီးရာပျက်ဆီးကြောင်း လုပ်ကိုင်ခဲ့ခြင်း မျိုး၊ အမေရိကန်ကို နှစ်သိမ့်ခြင်းမျိုး လုပ်ကိုင်ခဲ့ခြင်းမျိုးမဟုတ်။ ပြည်သူများ၏ မလိုလားသော၊ ပြည်သူစိုးရိမ်သော ကိစ္စတစ်ခုကို ဆက်မလုပ်ခြင်း၊ မိမိ နိုင်ငံ၏ သဘာဝအရင်းအဖြစ်များကို ထိန်းသိမ်းကာကွယ်ခြင်းသာ ဖြစ်သည်။ မြစ်ဆုံကိစ္စက တရုတ်-မြန်မာ ဆက်ဆံရေးပျက်ပြားစေသည်မှာ မသေချာ သော်လည်း “မြစ်ဆုံရေကာတာကို ဆောက်ကို ဆောက်ရမှာပေါ့” ဟု ပြောကြားခဲ့သော ကိုယ်စားလှယ်ကြီးသည်သာ ပြည်သူနှင့် ဆက်ဆံရေး ပျက်ပြား သွားနိုင်သည်ဟု ရှုမြင်ပါသည်။ ထို့ပြင် အဆိုပါပုဂ္ဂိုလ်ကြီးပြောခဲ့သော “အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြား အောင် လုပ်ခဲ့တာပါ” ဟူသောစကားရပ်သည်လည်း အထောက်အထား ခိုင်လုံမှုမရှိသည့်အပြင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှု နှင့် အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေးတင်းမာမှုကို ဖြစ်စေနိုင်သည်ဟု ရှုမြင်ပါသည်။ မိမိ၏အပြောအဆိုကို ဆင်ခြင်သင့်ပါသည်။ သင်းကွဲ အောင်လုပ်သည့် သဘောထားမျိုး ဖြစ်နေသည်။

အမေရိကန်အကူအညီများ

ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခြင်းကို လူတိုင်းက လိုလားသည်။ သို့ရာတွင် မှန်ကန်သော ပြုပြင်ပြောင်းလဲမှုဖြစ်ဖို့ လိုသည်။ မှန်ကန်သော ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်သော နိုင်ငံ၊ အဖွဲ့အစည်း၊ လူကို လမ်းကြောင်းမှန်ပေါ်သို့ တင်ပို့ပေးရစမြဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ တွင် အခွင့်အလမ်းကောင်းများရှိနေသော ပထဝီအနေအထားတွင်ရှိခြင်းကြောင့် နိုင်ငံကြီးများအနေဖြင့် သူတို့၏ အကျိုးကိုကြည့်၍ ကူညီသည့်သဘော ပါနိုင်သည်မှာ မငြင်းနိုင်ပေ။ သို့သော် ထိုသို့သော အကူအညီတို့သည် “ဒေါ်အောင်ဆန်းစုကြည်အတွက်လာတာ” ဟုဆိုလျှင် တက်တက်စင်အောင် မှား ယွင်းပေလိမ့်မည်။ အမေရိကန်၏အကူအညီသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အားပေးသည့်သဘောသာ ဖြစ်ပေသည်။ ထိုသို့သော ပြုပြင်ပြောင်းလဲမှုတို့သည် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းနှင့် ဖြစ်မလာနိုင်သလို၊ သမ္မတကြီးတစ်ဦးတည်းနှင့်လည်း ဖြစ်မလာနိုင်ပါ၊ နိုင်ငံ တွင် ပါဝင်ပတ်သက်နေသော Stakeholder များနှင့် အားလုံး ပူးပေါင်းဆောင်ရွက်သောကြောင့်သာ ဖြစ်လာရခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ထင်ရှားခြင်းသည် ပြည်သူ့ကြောင့်ဖြစ်သည်။ သမ္မတကြီးဦးသိန်းစိန် ပြုပြင်ပြောင်လဲမှုများကို ထောက်ခံလာကြသည်မှာလည်း ပြည်သူတို့အတွက် ပြည်သူ တို့၏ အခွင့်အရေးအတွက်ပင်ဖြစ်ရာ အမေရိကန်၏ ထောက်ခံမှုသည်လည်း ထို့အတွက်ကြောင့်ပင် ဖြစ်ပေသည်။ ပြည်သူ့အတွက် လုပ်ဆောင်နေသမျှ အဆိုပါပုဂ္ဂိုလ်များကို အများက ထောက်ခံနေမည်ဖြစ်ပြီး ပြည်သူအပေါ် စေတနာမမှန်သူတို့ကား အများ၏ငြိုငြင်မှုကို ခံရမည်သာ ဖြစ်သည်။

ပြည်သူကို စော်ကားသောအပြော

NLD အား ပြည်သူတို့ထောက်ခံမှုအပေါ် ပြည်သူတွေက ရူးနေတာပါ ဟုပြောလိုက်ခြင်းသည် ပြည်သူတစ်ရပ်လုံး၏ သဘောထား၊ ရပ်တည် ချက်တို့ကို စော်ကားရာ ရောက်ပါသည်။ ပြည်သူ့ပါတီမှ ဗဟိုအမှုဆောင်တစ်ဦးအနေနှင့် မိမိတို့သည် ပြည်သူအတွက်လုပ်နေသည်၊ ပြည်သူဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူအတွက် ဆက်လက်လုပ်ဆောင်သွားရန်၊ ထည့်မစဉ်းစာပဲ ပြည်သူကို ပတ်ရမ်းခြင်းသည် မိမိအဖွဲ့အစည်းအတွက် မျက်နှာညှိုးငယ်စေ ပါသည်။

အတိတ်မှ သင်ခန်းစာယူ

မြန်မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှစ၍ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ဂိုဏ်းကဏ္ဍစွဲများကြောင့် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးရေးကို နှောင့်နှေး အောင် လုပ်နိုင်ခဲ့သည့် အပြင်ပြည်တွင်းစစ်မီးလည်း တာရှည်စေခဲ့သည်ဖြစ်ရာ မှားပြီးသားအမှားမျိုး ထပ်မမှားဖို့ သင်ခန်းစာယူသင့်လှပေသည်။ အကယ် ၍ နိုင်ငံရေးအားပြိုင်မှုကြောင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးခရီး နောက်ကြောင်းပြန်လှည့်ခဲ့သည်ရှိသော် ကျွန်တော်တို့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး နှင့် နောင်တတရားပင် ကျန်ခဲ့ပေလိမ့်မည် ဖြစ်သည်။

ထို့အတွက်ကြောင့် ပြည်သူကိုကိုယ်စားမပြုသော၊ ပြည်သူ့အသံအလေးမထားသော တစ်ဖက်စောင်းနင်းကိုယ်စားလှယ်များ မဖြစ်စေဘဲ တိုင်း ပြည်အတွက် ပြည်သူအတွက် ပြည်သူကို တကယ်တမ်း လက်တွေ့အကျိုးဆောင်ပြီး ပြည်သူ့ဘက်က ရပ်တည်မည့် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ရပ်တည်ကြဖို့ လိုအပ်ကြောင်း စတုတ္ထမဏ္ဍိုင်မှ တာဝန်သိစွာ ထိန်းကျောင်း တည့်မတ်လိုက်ရပေသည်။

ပြည်သူ့ကိုယ်စားလှယ်များသို့

ပြည်သူ့ကိုယ်စားလှယ်များသည် တိုင်းပြည်နှင့်ပြည်သူတို့ အကျိုးကို ဆောင်ရွက်ရန် ယုံကြည်ချက်ဖြင့် ဝင်ရောက်ရွေးချယ်ခံသည်ကို ယုံကြည်ပါ သည်။ အဆိုပါယုံကြည်ချက်သည် လောကဓံတရားကြောင့် ပျက်ပြားသွားခြင်း မဖြစ်သင့်ပါ။ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ အပြောအဆို သည် မိမိနိုင်ငံနှင့် ပြည်သူအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမည်ဖြစ်သာကြောင့် အမြော်အမြင်ကင်းမဲ့သော ပြောဆိုမှုမျိုးကို ဆင်ခြင်သင့်လှပေသည်။ ပြည်သူကို ကိုယ်စားမပြုသည့် ပြည်သူ့ကိုယ်စားလှယ်များမဖြစ်ဖို့ အထူးသတိထားသင့်ကြောင်း---------------။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment