Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၄.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ကုမ္ပဏီများအတွက် ကတိစကားများနှင့် ကြီးမားသောအန္တရာယ်များရှိနေ

(Washington Times မှ 22 July 2012 ရက်စွဲပါ Promise, peril for US companies in Myanmar ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ကုမ္ပဏီများအတွက် ကတိစကားများနှင့် ကြီးမားသောအန္တရာယ်များရှိနေ

 (Washington Times မှ 22 July 2012 ရက်စွဲပါ Promise, peril for US companies in Myanmar ကိုဘာသာပြန်ဆိုသည်)

ယခုအခါ အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံဟူသည် အခွင့်အလမ်းများ မရှာဖွေရသေးသော နောက်ဆုံးပိတ် စီးပွားရေးဈေးကွက်ကြီး တစ်ခုသဖွယ်ဖြစ်လာသည်။ သို့သော် စစ်တပ်ကဦးဆောင်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် အမေရိကန် ကုမ္ပဏီကြီးများအတွက် ကြီးမားသောအန္တရာယ်များရှိသလို ကတိကဝတ်များလည်းရှိနေသည်ကို သတိချပ်ရမည်ဖြစ်သည်။

အမေရိကန်သမ္မတအိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် အမေရိကန်ကုမ္ပဏီ လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်တံခါးပြန်ဖွင့်ပေးလိုက်သည်။ အမေရိကန်ပြည်ထောင်စုသည် ၁၉၉၇ ခုနှစ်တွင် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများမပြုလုပ်ရန် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ခဲ့သည်။ ယခု အမေရိကန်ကုမ္ပဏီများ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခွင့် ရပြီဖြစ်သော်လည်း အချို့ကမြန်မာပြည်၏ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကြောင့် စိုးရိမ်ပူပန်လျက် ရှိကြသည်။ အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့စဉ်အချိန်ကာလများအတွင်း သဘာဝသယံဇာတတူးဖော်ရေး၊ တယ်လီဆက်သွယ်ရေး၊ ဆောက်လုပ်ရေး အစရှိသည့်အခန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အခွင့်အလမ်းအနည်းငယ်သာရှိခဲ့ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ဆိုသည်။

"အဲဒီတုန်းက ဝင်ရောက်လုပ်ကိုင်တဲ့ကုမ္ပဏီတွေက အခြေခံအဆောက်အဦးဆိုင်ရာ စီးပွားရေးလုပ်ငန်းမျိုးဖြစ်တဲ့ တယ်လီဆက်သွယ်ရေး၊ လမ်းဖောက်လုပ်ရေးစတာတွေမှာ ရင်းနှီးမြှုပ်နှံကြသလို သဘာဝဓာတ်ငွေ့နဲ့ရေနံတူးဖော်ရေး စတဲ့လုပ်ငန်းတွေမှာလည်း လုပ်ကိုင်ကြတယ်"ဟု အမေရိကန် အမျိုးသားကုန်သွယ်ရေးကောင်စီ၏ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ အစီအစဉ်ဒါရိုက်တာ Richard Sawaya ကပြောကြားသည်။

ယခုအခါ အမေရိကန်ကုမ္ပဏီအတော်များများမှာ မြန်မာပြည်တံခါးဖွင့်စနစ် ကျင့်သုံးလာခြင်းနှင့်အတူ ထွက်ပေါ်လာသော အခွင့်အလမ်းများကို အကျိုးရှိရှိအသုံးချနိုင်ရန် လုပ်ကိုင်ထားပြီးဖြစ်သည်။ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီက နာမည်ကျော် Chevron၊ Google နှင့် Visa အပါအဝင် အမေရိကန်ကုမ္ပဏီ ၃၈ ခုမှ အမှုဆောင်များကို စည်းရုံးကာ မြန်မာနိုင်ငံသို့သွားရောက်ပြီး စီးပွားရေးအခြေအနေ၊ အစိုးရ၏အစီအစဉ် အစရှိသည်တို့ကို လေ့လာစေခဲ့သည်။ အမေရိကန် General Electric(GE) ကုမ္ပဏီဆိုလျှင် မြန်မာနိုင်ငံမှ ဆေးရုံနှစ်ရုံအတွက် ဆေးကုသမှုဆိုင်ရာ ဆက်စပ်ပစ္စည်းများ ရောင်းချပေးရန် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သည်။

"ဒါဟာ ဖြစ်စဉ်တစ်ခုရဲ့ အစပိုင်းလို့ပြောလို့ရပါတယ်။ အလုပ်အတူလုပ်ကိုင်နိုင်ကြဖို့ နှစ်ဖက်စလုံးက အများကြီး လေ့လာကြရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကောင်စီအနေနဲ့ရေရှည် မြန်မာ- အမေရိကန်စီးပွားရေးဆက်ဆံမှု တည်ဆောက်နိုင်ရေးအတွက် မြန်မာအစိုးရနဲ့ အနီးကပ် ပူးတွဲလုပ်ကိုင်သွားဖို့ ဆန္ဒရှိပါတယ်"ဟု အမေရိကန်-အာဆီယံ စီးပွားရေးလုပ်ငန်းဆိုင်ရာကောင်စီဥက္ကဋ္ဌ Alexander Feldman ကပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် ၁၉၈၈ ခုနှစ်စစ်အစိုးရက အာဏာသိမ်းပိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်လိုက်ချိန်တွင် မြန်မာနိုင်ငံကို ပထမဆုံးပိတ်ဆို့အရေးယူခဲ့သည်။ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးနှင့် ပတ်သက်သောဆွေးနွေးမှုများကို ၂၀၁၀ ပြည့်နှစ်စစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးရွေးကောက်ပွဲ ကျင်းပပေးချိန်တွင် စတင်ပြုလုပ်ခဲ့သည်။ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်ပြီး၊ တရားမျှတမှုရှိစွာ ကျင်းပပေးပြီးနောက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို အမေရိကန်အစိုးရက ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာသည်။ သို့သော် မြန်မာအပေါ် သတိကြီးစွာဖြင့်လေ့လာ စောင့်ကြည့်ခဲ့သည်။ အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုပါက အသေးစိတ် အစီရင်ခံတင်ပြရန် အမေရိကန်အစိုးရက ညွှန်ကြားထားသည်။ မြန်မာစစ်တပ်နှင့်တွဲဖက်၍ စီးပွားရေးလုပ်ကိုင်မှု မပြုရန်လည်း တားမြစ်ထားသည်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် တံခါးဖွင့်ပေးမှုကြောင့် ဒေသတွင်းအမေရိကန်စီးပွားရေး အကျိုးအမြတ် မဖြစ်ထွန်းသော နေ့ရက်များ အဆုံးသတ်တော့မည်ဖြစ်ကြောင်း အမေရိကန်ကုန်သည်ကြီးများအသင်းက ဆိုသည်။ တရုတ်နိုင်ငံသည် မြန်မာရှိ စီးပွားရေးနယ်ပယ်အတော်များများ၌ ဝင်ရောက်နေရာယူ လုပ်ကိုင်ထားပြီးဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီမှ မတ်လအကြား တရုတ်၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ၉ ဒဿမ ၆ ဘီလီယံအထိ ရှိခဲ့ကြောင်း အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေးအဖွဲ့၏ အဆိုအရသိရသည်။ မည်သို့ပင်ဆိုစေ မြန်မာအစိုးရက အမေရိကန်နှင့် ဥရောပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် အားပေးအားမြှောက်ပြု ပြောဆိုလျက်ရှိသည်။

"သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂအပါအဝင် အခြားစီးပွားရေးအင်အားကြီး နိုင်ငံအတော်များများက မြန်မာပြည်မှာရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ လုပ်ဆောင်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုထက် လျင်မြန်တယ်"ဟု အမေရိကန်ကုန်သည်ကြီးများအသင်းမှ ဒုတိယဥက္ကဋ္ဌ John Murphy က ပြောကြားသည်။ "အမေရိကန်ပိတ်ဆို့အရေးယူမှုတွေ ဆက်လက်ထားရှိနေခြင်းကြောင့် အာရှနဲ့ ဥရောပကုမ္ပဏီတွေအနေနဲ့ မြန်မာ့ဈေးကွက်ကို သိမ်းပိုက်ကြတဲ့အခါမှာ နှာတစ်ဖျားသာစေသလို ဖြစ်ပါလိမ့်မယ်"ပာု ၎င်းကဆက်လက် ပြောကြားသည်။

မည်သို့ပင်ဆိုစေ အမေရိကန်ပြည်ထောင်စုသည် မြန်မာနှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်ရာတွင် လွန်စွာလျင်မြန်ပါကြောင်း အာရီဇိုးနားပြည်နယ်မှ ရီပတ်ဗလီကန်အမတ် ဂျွန်မက်ကိန်းနှင့် ဆီနိတ်တာ ဂျိုးလီဗာမင်တို့က ဆိုသည်။ ၎င်းတို့နှစ်ဦးက ဇူလိုင်လ ၃ ရက်နေ့(အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့မတိုင်မီ တစ်ရက်အလို)တွင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ထံ စာတစ်စောင်လက်မှတ်ထိုး ရေးသားပေးပို့ခဲ့ရာ၌ "မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ပြုမည့် ကိစ္စကို အလေးအနက် ပြန်လည်စဉ်းစားစေလိုကြောင်း"ဖော်ပြခဲ့ကြသည်။ အဆိုပါ နိုင်ငံပိုင်လုပ်ငန်းသည် မြန်မာစစ်တပ်အား ငွေကြေးထောက်ပံ့ပေးနေသော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။

အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးသည် မြန်မာအပေါ်ပိတ်ဆို့အရေးယူမှုများ လျှော့ချပေးသည့်ကိစ္စကို ထောက်ခံခဲ့သော်လည်း အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံပိုင်လုပ်ငန်းများနှင့် ပူးတွဲလုပ်ကိုင်ခွင့်ပြုမည့်ကိစ္စတွင် ကန့်သတ်ချက်များ မဖြစ်မနေထားရှိရမည်ဖြစ်သည်ဟု ဆိုကြသည်။ လူ့အခွင့်အရေးအုပ်စုများကမူ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားလိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဖြစ်စဉ်အပေါ် ထိခိုက်စေနိုင်ကြောင်း သတိပေးပြောဆိုသည်။ မည်သို့ပင်ဆိုစေ အမေရိကန်ကုန်သည်ကြီးများအသင်းက အမေရိကန်စီးပွားရေး လုပ်ငန်းများသည် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အကူအညီပေးလိမ့်မည်ဖြစ်သည်ဟု အာမခံပြောဆိုထားသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment