Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၇.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာဈေးကွက်သို့ခြေလှမ်းရန် GM စိတ်ဝင်စား

(The Wall Street Journals မှ 24 July 2012 ရက်စွဲပါ “GM eager to expand in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာကိစ္စကြောင့် မြန်မာနိုင်ငံအား ပါကစ္စတန် တာလီဘန်အုပ်စု ခြိမ်းခြောက်

(The Peninsula News မှ 22 July 2012 ရက်စွဲပါ “Pakistani Taliban threaten Myanmar over Rohingya” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာသတင်းမီဒီယာများ ယခင်ကထက် လွတ်လပ်မှုပိုမိုရရှိ

(BBC သတင်းဌာနမှ 25 July 2012 ရက်စွဲပါ More Press freedom for Burma's media ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာဈေးကွက်သို့ခြေလှမ်းရန် GM စိတ်ဝင်စား

(The Wall Street Journals မှ 24 July 2012 ရက်စွဲပါ “GM eager to expand in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာကျော်အမေရိ ကားထုတ်လုပ်သူ General Motors Co သည် မြန်မာနိုင်ငံသို့ ဈေးကွက်ချဲ့ရန် စိတ်ဝင်စားနေသော်လည်း ဝန်ထမ်းများလက်တွေ့ထားရှိရန်(သို့) အရောင်းကိုယ်စားလှယ်ထားရှိရန် အချိန်စောလွန်းသေးသည်ပာု ယုံကြည်ကြောင်း ကုမ္ပဏီ၏ အရှေ့တောင်အာရှဒေသ တာဝန်ခံအကြီးအကဲက အင်္ဂါနေ့တွင်ပြောကြားသည်။

Wall Street Journals နှင့်ပြုလုပ်သော အင်တာဗျူးတွင် GM ၏ အရှေ့တောင်ဒေသအကြီးအကဲ မာတင်အက်ဖဲလ်က ‘မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အဝရှိရဲ့လား’အစရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာများ ရှိနေဆဲဖြစ်ကြောင်းနှင့် အမေရိကန်ကုမ္ပဏီများ အနေဖြင့် အမေရိကန် Sanctions စည်းကမ်းများနှင့်ကိုက်ညီအောင် ဂရုတစိုက်လုပ်ကိုင်ရလိမ့်ဦးမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ယခုလ အစောပိုင်းတွင် သမ္မတ အိုဘားမားအစိုးရက အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံနိုင်ကြစေရန် လမ်းရှင်းပေးလိုက်ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ဘဏ်စနစ်နှင့် ငွေကြေးစနစ်တို့တွင် အားနည်းချက်များ ရှိနေသည့်အပြင် ပွင့်လင်းမြင်သာမှုနှင့် ရှင်းလင်းပြတ်သားမှု မရှိခြင်းကြောင့် အမေရိကန်ကုမ္ပဏီများ ခြေလှမ်းပြင်ရင်း စောင့်ဆိုင်းနေကြရသည်ပာု သိရသည်။

******************************************

 

ရိုဟင်ဂျာကိစ္စကြောင့် မြန်မာနိုင်ငံအား ပါကစ္စတန် တာလီဘန်အုပ်စု ခြိမ်းခြောက်

(The Peninsula News မှ 22 July 2012 ရက်စွဲပါ “Pakistani Taliban threaten Myanmar over Rohingya” သတင်းကို ဘာသာပြန်ဆိုသည်)

ပါကစ္စတန်နိုင်ငံက မြန်မာအစိုးရနှင့် ဆက်ဆံမှုအားလုံးကိုရပ်ဆိုင်းခြင်း၊ အစ္စလမ်မာဘတ်ရှိ မြန်မာသံရုံးကိုပိတ်သိမ်းခြင်း မပြုလုပ်ပါက ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ လက်စားချေရန် မြန်မာနိုင်ငံကိုတိုက်ခိုက်မည်ဟု ပါကစ္စတန် တာလီဘန်အဖွဲ့က မနေ့က ခြိမ်းခြောက်ပြောဆိုသည်။

ပင်လယ်ရပ်ခြား မွတ်ဆလင်များ၏ ပြဿနာနှင့်ပတ်သက်၍ ရှားရှားပါးပါးထုတ်ပြန်သော ကြေညာချက်တွင် TTP တာလီဘန်ညွန့်ပေါင်းအုပ်စုက မြန်မာနိုင်ငံမှ မွတ်ဆလင်များအား ကာကွယ်ပေးသူအဖြစ် သူ့ကိုယ်သူပွဲထုတ်ရန် ကြိုးစားထားသည်။

“ခင်ဗျားတို့ရဲ့သွေးအတွက် ကျွန်ုပ်တို့ လက်စားချေမည်”ဟု ယင်းကြေညာချက်တွင် တာလီဘန်တို့ ဆိုသည်။

TTP တာလီဘန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ အာဆန်နူလားအာဆန်က  မြန်မာအစိုးရနှင့် ဆက်ဆံမှုအားလုံးရပ်ဆိုင်းရန် အစ္စလမ်မာဘတ် မြန်မာ့သံရုံးကိုပိတ်ရန် ပါကစ္စတန်အစိုးရအား တောင်းဆိုထားသည်။

“ဒီလိုမှမဟုတ်ရင်တော့ နေရာတကာက မြန်မာအကျိုးစီးပွားရေးတွေကို တိုက်ခိုက်ရုံသာမကပဲ၊ မြန်မာနိုင်ငံရဲ့ ပါကစ္စတန်မိတ်ဆွေတွေကိုပါ တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမှာပါ”ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းကြေညာချက်အပေါ် အစ္စလမ်မာဘတ်ရှိ မြန်မာသံရုံးက လတ်တလော မှတ်ချက်ပေးခြင်းမပြုပါ။

TTP အုပ်စုသည် ပါကစ္စတန်တွင် လုံခြုံရေးတပ်ဖွဲ့များကို မကြာခဏတိုက်ခိုက်မှု ပြုလုပ်လေ့ရှိသော်လည်း၊ များစွာဝေးကွာသောနိုင်ငံများတွင် အကြမ်းဖက်မှု ပြုလုပ်နိုင်စွမ်းရှိသလားဟု သံသယဖြင့် မေးခွန်းထုတ်စရာရှိသည်။

သို့သော် ပါကစ္စတာအနီး အမေရိကန်ဖိုင်ဆယ်ရှာဟတ်ကို တသက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်မှုကြောင့် တုန့်ပြန်ခဲ့သော ၂၀၁၀ နယူးရောက် Times Square ရင်ပြင်၌ မအောင်မြင်ခဲ့သည့် ဗုံးခွဲမှုနောက်ကွယ်၌ ယင်းအုပ်စုပါဝင်ပတ်သက်ခဲ့သော အထောက်အထားများ တွေ့ရှိရသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားထားသည်။

၂၀၀၉ ခုနှစ်ဒီဇင်ဘာလက အာဖဂန်နစ္စတန်ရှိ အမေရိကန်အခြေစိုက်စခန်းတစ်ခုတွင် ဂျော်ဒန်လူမျိုး အယ်လကေဒါးအေးဂျင့်တစ်ဦးက ၎င်းကိုယ်၎င်း ဗုံးခွဲခဲ့ခြင်းကြောင့် စီအိုင်အေအေးဂျင့် ၇ ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး TTP ခေါင်းဆောင် ဟာကီမူလားမီရှတ်ကို အမေရိကန် ပြည်ထောင်စုတွင် တရားစွဲဆိုထားသည်ဟုလည်း သိရှိရသည်။

၎င်းအဓိကရုဏ်းကြောင့် လူပေါင်းဒါဇင်နှင့် မွတ်ဆလင်များအကြား အိမ်ခြေရာပေါင်းများစွာ ပျက်စီးခဲ့ရပြီး၊ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေသည်ဟု သိရှိရသည်။

၎င်းအဓိကရုဏ်းကြောင့် အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာများနေထိုင်သော ဒေသများတွင် အမျိုးသားများနှင့် လူငယ်လေးများကို ရာနှင့်ချီ၍ဖမ်းဆီးထားကြောင်းနှင့် ဥပဒေနှင့်မညီသော ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း ယုံကြည်ရသော သတင်းအစီရင်ခံစာများ ရရှိထားသည်ဟု ပြီးခဲ့သောအပတ်တွင် Amnesty International က ပြောကြားခဲ့သည်။

ရိုဟင်ဂျာများသည် ကမ္ဘာ့အဖိနှိပ်ခံရဆုံးလူမျိုးစုဟု ကုလသမဂ္ဂကသတ်မှတ်ထားသည်။ ဘင်္ဂလားဒေ့ရှ် ရှေ့တောင်ပိုင်းသားများကဲ့သို့ ဘင်္ဂါလီ စကားပြောဆိုသော ရိုဟင်ဂျာများသည် တရားမဝင်နယ်စပ်ဖြတ်ကူး ရွှေ့ပြောင်းနေထိုင်သူများဖြစ်၍ နိုင်ငံသားအဖြစ်အသိအမှတ်ပြုရန် မြန်မာနိုင်ငံက ငြင်းဆန်ထားပြီး၊ စီးပွားရေးနိမ့်ကျကာ လူဦးရေပေါက်ကွဲနေသော တောင်အာရှနိုင်ငံဘင်္ဂလားဒေ့ရှ်ကလည်း ရိုဟင်ဂျာများကိုလက်မခံဘဲငြင်းပယ် ထားသည်။

*****************************************************

မြန်မာသတင်းမီဒီယာများ ယခင်ကထက် လွတ်လပ်မှုပိုမိုရရှိ

(BBC သတင်းဌာနမှ 25 July 2012 ရက်စွဲပါ More Press freedom for Burma's media ကိုဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန်သတိကြီးစွာဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှုများက မီဒီယာထိန်းချုပ်မှုများကို ယခင်ကထက် ပိုမိုလျှော့ချကာ လွတ်လပ်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။ လုပ်ထုံးလုပ်နည်းများအရ မီဒီယာများအပေါ်ဖိနှိပ်သည့် ဥပဒေများရှိသည့်တိုင် လက်တွေ့ကျကျရေးသား၊ ထုတ်လွှင့်ရာတွင် ပုံနှိပ်၊ ရုပ်သံ၊ အင်တာနက်အစရှိသည်တို့မှ သတင်းစာဆရာများအနေဖြင့် အငြင်းပွားဖွယ် နိုင်ငံရေးကိစ္စများအပါအဝင် အခြားသော အရေးကိစ္စများကို လူးသာလွန့်သာသဘောမျိုးဖြင့် ရေးသားခွင့် ရရှိလာပြီဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဆင်ဆာတည်းဖြတ်မှုများကို အဆုံးသတ်စေမည့် မီဒီယာဥပဒေကို ရေးဆွဲလျက်ရှိကြောင်း၊ ဆင်ဆာဘုတ်အဖွဲ့နေရာတွင် မိမိဘာသာမိမိထိန်းချုပ်ရမည့် မီဒီယာကောင်စီတစ်ခုဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ပြည်ပရောက်အစိုးရ အတိုက်အခံမီဒီယာတစ်ခုတွင် အစိုးရသည် သတင်းစာဆရာများနှင့် နှီးနှောတိုင်ပင်မှုမရှိဟု ရေးသားချက်တစ်ရပ် ပါရှိလာပြီးနောက် ဦးကျော်ဆန်းက မြန်မာ့မီဒီယာလောကထဲမှ အထင်ကရပုဂ္ဂိုလ်အချို့ကို ဖိတ်ခေါ်ကာ မီဒီယာဥပဒေကြမ်း ရေးဆွဲရာတွင် ပါဝင်စေခဲ့သည်။ အဆိုပါ မီဒီယာဥပဒေရေးဆွဲရာတွင် ယူနက်စကို၏ အကူအညီကို ရယူခဲ့ကြသည်။

အဆိုပါ မီဒီယာဥပဒေမှာ ယခုနှစ်ကုန်ပိုင်းတွင် အသင့်ဖြစ်မည်ဟု ဦးကျော်ဆန်းကဆိုသည်။ အဆင့်သုံးဆင့်ပါ မီဒီယာအသွင်ကူးပြောင်းရေး ဖြစ်စဉ်အတိုင်း အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် လုံးဝလွတ်လပ်ခွင့် ပြုပေးသွားမည်ဟုဆိုသည်။ ပထမအဆင့်မှာ ပုံနှိပ်မီဒီယာများအနေဖြင့် ဆင်ဆာဘုတ်အဖွဲ့သို့ ဦးစားပေးတင်ပြစရာမလိုဘဲ ထုတ်ဝေခွင့်ဖြစ်ပြီး တတိယအဆင့်တွင် ပုဂ္ဂလိကမီဒီယာများ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်သောရုပ်သံဌာနဟူ၍ တစ်ခုတည်းသာရှိသည်။

ပထမအဆင့်တွင် သတင်းစာစောင်ပေါင်း ၁၇၃ စောင်နှင့် မဂ္ဂဇင်း ၁၂၄ စောင်တို့အား စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ ဦးစားပေးတင်ပြမှုမျိုး မပြုလုပ်ဘဲ ထုတ်ဝေခွင့်ပြုခဲ့သည်။ အဆိုပါ စာစောင်များတွင် စီးပွားရေး၊ အားကစား၊ ဖျော်ဖြေရေးနှင့် ပြစ်မှုဆိုင်ရာသတင်း ဦးစားပေးသည့် စာစောင်များ ပါဝင်သည်။ ယခုအခါ စာပေစိစစ်ရေးဌာ၏ တင်းကြပ်သော မူဝါဒများ ဖြေလျှော့ထားပြီးဖြစ်သည့်တိုင် သတင်းဦးစားပေး စာစောင်များအနေဖြင့် လုပ်ထုံးလုပ်နည်းအရ အဆိုပါဌာနသို့ သွားရောက်တင်ပြကြရသည်။

"အရင်တုန်းက ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအကျဉ်းသား ဒါမှမဟုတ် လူ့အခွင့်အရေးစတာတွေနဲ့ပတ်သက်လို့ ဘာမှရေးခွင့်မရကြဘူး။ အခုဆိုရင် ကျွန်တော်တို့ရေးချင်တာကို ရိုးရိုးရှင်းရှင်းနဲ့ ရေးလို့ရပါပြီ။ ပြီးမှ ဆင်ဆာအဖွဲ့က ဘယ်အကြောင်းအရာကို ဖြတ်တောက်မယ်ဆိုတာကို စဉ်းစားတယ်"ဟု အယ်ဒီတာတစ်ဦးက မှတ်ချက်ပေးသည်။

သတင်းဦးစားပေးစာစောင်များသည် ယခုအခါ နိုင်ငံရေးကိစ္စများ၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော အထင်ကရ အတိုက်အခံပုဂ္ဂိုလ်များနှင့် အင်တာဗျူးများကို ရေးသားဖော်ပြခွင့်ရရှိသလို မြန်မာအစိုးရနှင့် တိုင်းရင်းသား လူမျိုးအဖွဲ့အစည်းများအကြားဆက်ဆံရေးကဲ့သို့ ပြဿနာကြီးသည့် ကိစ္စများကိုပါ ဖော်ပြခွင့်ရရှိကြသည်။

မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ထင်ရှားသောဖြစ်ရပ်တစ်ခုမှာ ပုဂ္ဂလိကပိုင် SkyNet ရုပ်သံဌာနက ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ပါလီမန်၌ မိန့်ခွန်းပြောကြားမှုကို ထုတ်လွှင့်ပြသခဲ့ခြင်းပင်ဖြစ်သည်။

အင်တာနက်အသုံးပြုခွင့်မှာမူ အကန့်အသတ်ရှိသေးသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း အစိုးရ၏ကန့်သတ်မှု တစ်ခုတည်းကြောင့်မဟုတ်ပေ။

စရိတ်စကမြင့်မားမှုကြောင့် ကွန်ပျူတာအသုံးပြုနိုင်သူနည်းပါးခြင်း၊ ချိတ်ဆက်မှု(ကော်နက်ရှင်)စရိတ်စကကြီးမားခြင်း တို့ကြောင့် ဖြစ်သည်။

သို့အတွက်ကြောင့် မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ ၁ ရာခိုင်နှုန်းသာ အင်တာနက်သုံးနိုင်သည်။ အင်တာနက်သုံးသူအများစုမှာ မြို့ပြဒေသများတွင်နေထိုင်သူများဖြစ်ပြီး အင်တာနက်ကဖေးဆိုင်များမှ အသုံးပြုကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာတွင် အစိုးရက ယခင်ပိတ်ပင်ထားခဲ့သော အင်တာနက်ဝက်ဘ်ဆိုဒ်ပေါင်း သုံးသောင်းခန့်ကို ဖွင့်လှစ်ပေးလိုက်သည်။ သို့အတွက်ကြောင့် အင်တာနက်သုံးသူများအနေဖြင့် နိုင်ငံရေးနှင့် သက်ဆိုင်သောဝက်ဘ်ဆိုဒ်များကို လွတ်လပ်စွာကြည့်ရှုနိုင်ပြီ ဖြစ်သည်။ နိုင်ငံတကာနှင့် ပြည်ပအတိုက်အခံမီဒီယာများ၊ အတိုက်အခံအဖွဲ့အစည်းများ၊ Facebook၊ Twitter နှင့် YouTube ကဲ့သို့ လူမှုကွန်ယက်အင်တာနက် ဝက်ဘ်ဆိုဒ်များကိုလည်း လွတ်လပ်စွာအသုံးပြုကြည့်ရှုခွင့်ပေးထားသည်။ လိင်မှုကိစ္စအသားပေးသည့် အပြာရောင် (ညစ်ညမ်းသော)ဝက်ဘ်ဆိုဒ်များကိုသာ စနစ်တကျပိတ်ပင်ထားသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က အကယ်၍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်သွားမည်ဆိုပါက မြန်မာနိုင်ငံကိုယခင်သတ်မှတ်ထားသော "အင်တာနက်ရန်သူများ"အဆင့်မှ လျှော့ချတော့မည်ဖြစ်ကြောင်း ပြောဆိုသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment