Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တာဝန်ခံမှု

*****************************************

ဆောင်းပါးကဏ္ဍ

တာဝန်ခံမှု

လင်းတေဇ

(သြဂုတ်လ ၁၄ရက်နေ့ထုတ် True News ဂျာနယ် အတွဲ(၄)အမှတ်(၄၅)မှ ထုတ်ယူတင်ပြချက်။)

သာစည်ရေ

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်တက်နေပြီ။ တိုင်းရင်းသားပြည်နယ်တွေ ဆင်းရဲနေတယ်ဆိုတဲ့ အဆိုကိုတောင် ဝင်ဆွေးနွေးနေ တယ်လို့ ကြားတယ်။ လွှတ်တော်ကြီးကလည်း ပိုပြီး အသက်ဝင်လာပြီဆိုတော့ ဒီတစ်ပတ်အစိုးရ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်တဲ့ ကျင့်ဝတ်တစ်ခု အကြောင်း ငါမင်းကိုရှင်းပြမယ်လို့ စိတ်ကူးမိတယ်။ မင်းမေးထားတဲ့မေးခွန်းတွေနဲ့လည်း ဆက်စပ်ပါတယ်။ ငါလည်းမင်းမေးတာတွေပဲဖြေနေရတာ   ဆိုတော့ အပြောင်းအလဲလေးဖြစ်အောင် ငါရှင်းပြတာလည်း မင်းနားထောင်ပါဦး။

သမ္မတဦးသိန်းစိန်ဟာ သူရဲ့ ပထမဆုံးမိန့်ခွန်းမှာပဲ ကောင်းမွန်သောအုပ်ချုပ်မှုနဲ့ သန့်ရှင်းသောအစိုးရဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြည်သူကို ကတိပေးခဲ့တယ်။

(ငါ့စိတ်ထင်တော့ တစ်ခါမကလောက်ဘူး)။ သမ္မတက ကတိပေးခဲ့တဲ့ ကောင်းမွန်တဲံအုပ်ချုပ်မှုမှာပါတဲ့ ကျင့်ဝတ်တွေထဲက တစ်ခုအကြောင်းကို ငါရှင်းပြလို့။ တာဝန်ခံမှု (Accountability) ဆိုတဲ့ ကျင့်ဝတ်အကြောင်းပဲ။ တာဝန်ခံမှုဆိုတာကတော့ကွာ အစိုးရရဲ့ အုပ်ချုပ်ရေးဌာနက အရာရှိတွေ (သမ္မတကအစ ဟိုးအောက်ခြေအထိပေါ့)၊ ဥပဒေရေးအပိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ကို ပြည်သူကအပ်နှင်းထားတဲ့ တာဝန်ဝတ္တရား တွေကို မှန်မှန်ကန်ကန် ထမ်းဆောင်တာလို့ အကြမ်းဖျင်းပြောလို့ရတယ်။ ဥပမာ မင်းကို စာသင်ခန်းထဲမှာ အတန်းခေါင်းဆောင်အဖြစ် ဆရာမက ခန့် လိုက်ပြီဆိုရင် စာသင်ခန်းထဲက ကျောင်းသူကျောင်းသားတွေ ဖြစ်သမျှ ပြဿနာအရပ်ရပ်ကို မင်းက ဆရာမဆီ တာဝန်ခံရမယ်။ ဒီလိုပဲ ဆရာမကလည်း ကိုယ့်စာသင်ခန်းထဲက ကျောင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ပြဿနာအရပ်ရပ်ကို ကျောင်းအုပ်ကြီးဆီမှာ တာဝန်ခံရတယ်။ ကျောင်းအုပ်ကြီးကလည်း သူ့ကျောင်းတွင်း ဖြစ်ပျက်သမျှ အကောင်းအဆိုးမှန်သမျှကို တာဝန်ခံရမယ်။ တာဝန်ယူရတယ်။

ဒီလိုပဲ အစိုးရအုပ်ချုပ်ရေးပိုင်းက ဝန်ကြီးတစ်ယောက်ဟာ သူ့ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ ဟိုးအောက်ခြေထိ ဖြစ်ပျက်သမျှ အကောင်းအဆိုးမှန် သမျှကို တာဝန်ခံရတယ်။ ဝန်ကြီးရဲ့လက်အောက်က အရာရှိတစ်ယောက်က နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်နစ်နာစေမယ့် အပြုအမူတစ်ခုကို လုပ်လိုက် မိပြီဆိုပါစို့။ ဝန်ကြီးရဲ့ညွှန်ကြားချက်ကို နာခံရတဲ့ အရာရှိကို ဝန်ကြီးက တာဝန်ခံရတဲ့အတွက် အရာရှိမှားယွင်းတဲ့ကိစ္စမှာ ဝန်ကြီးမှာလည်း တာဝန်ရှိတယ်။ အရာရှိက အရေးယူခံရမယ်။ ဝန်ကြီးကတော့ သူ့ရဲ့တာဝန်ခံမှုကို လေးစားလိုက်နာခြင်း ရှိ၊မရှိ ဆိုတာကျတော့ ဝန်ကြီးရဲ့ တာဝန်ခံမှု အရည်အချင်း ပေါ်မှာ မူတည်တယ်။ တာဝန်ခံစိတ်ကင်းမဲ့တဲ့ ဝန်ကြီးဆိုရင်တော့ ဒီကိစ္စကနေ သူရအောင်ရုန်းထွက်ပြီး ကိုယ်လွတ်ရုန်းမယ်။ ဒါကို တာဝန်ခံမှုကင်းမဲ့ခြင်း၊ တာဝန်မယူခြင်းလို့ ခေါ်တယ်။

ပီရူးနိုင်ငံမှာ ပြီးခဲ့တဲ့မေလတုန်းက ပြန်ပေးဆွဲသူပုန်တွေနဲ့ အစိုးရတပ်တွေ တိုက်ခိုက်မှုဖြစ်တယ်။ အဲဒီလို တိုက်ခိုက်နေကြချိန်မှာ အစိုးရ ရဟတ် ယာဉ်တစ်စီးက ရဲတစ်ဦးကိုချန်ပြီး ထွက်ခွာသွားတယ်။ အဲဒီရဲလည်း သူပုန်တွေနဲ့တိုက်ခိုက်ရင်း သေဆုံးသွားတယ်။ ဒဏ်ရာရနေတဲ့ရဲတစ်ဦးကိုလည်း အစိုးရရဟတ်ယာဉ်က ချန်ထားခဲ့လို့ သုံးပတ်လောက် လမ်းလျှောက်ပြီး စစ်စခန်းကို ပြန်ခဲ့ရတယ်။ တိုက်ပွဲမှာ အစိုးရရဲ ရှစ်ဦးသေဆုံးတယ်။ မေလ ၁၀ ရက်နေ့မှာ ပီရူးနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးနှစ်ယောက်လုံး ရာထူးက နှုတ်ထွက်သွားတယ်။ ဒါဟာ ဝန်ကြီးနှစ်ဦးရဲ့ တာဝန်ခံမှုကို ပြတ်ပြတ်သားသား ပြလိုက်တာပဲ။ ဘာဆင်ခြေမှမပေးဘူး။ သူတို့ရဲ့တာဝန်မကင်းဘူး။ နုတ်ထွက်တယ်။ ဒါပဲ။ ကာကွယ်ရေးဝန်ကြီးကတော့ “ရဟတ် ယာဉ်မှူးသာ အမြန်မထွက်ခွာရင် တပ်ဖွဲ့ဝင် ၁၈ ဦးလုံး သေသွားနိုင်တယ်” ဆိုတာပဲ ပြောသွားတယ်။

ငါတို့ဆီမှာလည်း တာဝန်ခံမှုနဲ့ပက်သက်ပြီး ပြောကြားခဲ့တဲ့ ဝန်ကြီးတစ်ဦးရှိတယ်။ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းလေကွာ။ သတင်းမီဒီယာတွေ့ဆုံပွဲတစ်ခုမှာ ဝန်ကြီးပြောကြားသွားတဲ့ စကားတချို့ကို ငါရေးပြလိုက်တယ်။

“ကျွန်တော်တို့လုပ်နေတဲ့ အလုပ်တွေမှာ လာဘ်ကိစ္စနဲ့ပတ်သက်နေရင် ကျွန်တော်နုတ်ထွက်ပေးပါ့မယ်။ ဒါပေမယ့် အရင်က ဖြစ်ခဲ့တာတွေ အတွက်တော့ ထားလိုက်ပါ။ အခု အစိုးရသစ်လက်ထက်မှာ ကျွန်တော်အပါအ၀င် ကျွန်တော့မိတ်ဆွေတွေဖြစ်တဲ့ ဦးအောင်မင်းတို့လည်း အစစ်ဆေးခံနိုင် ပါတယ်။”

“အရင်ကဖြစ်ခဲ့တာတွေအတွက်တော့ ထားလိုက်ပါ”ဆိုတာ အရင်အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းကကို ပြောတာကွ။ အခု အရပ်သားအစိုးရလက်ထက်မှာတော့ သူဘာမှမလုပ်တော့ပါဘူးပေါ့ကွာ။ တာဝန်ခံတယ်ပေါ့။

အုပ်ချုပ်ရေးပိုင်းကပဲ ဖြစ်ဖြစ်၊ ဥပဒေပြုရေးပိုင်းကပဲဖြစ်ဖြစ် ဘယ်သူမဆိုပြည်သူနဲ့ ထိတွေ့ရာမှာ၊ သတင်းမီဒီယာတွေနဲ့ထိတွေ့ရာမှာ ကိုယ်ပြော လိုက်တဲ့ စကားကိုလည်း ကိုယ်ကိုယ်တိုင် တာဝန်ခံရတယ်။ တာဝန်ယူရတယ်။ တလောက ပူညံပူညံဖြစ်သွားတဲ့ သတင်းတစ်ပုဒ်ကို ဂျာနယ်တစ်စောင်မှာ ငါဖတ်လိုက်ရတယ်။ ပါတီကြီးတစ်ခုက ဗဟိုအလုပ်အမှုဆောင်တစ်ဦးရဲ့ အင်တာဗျူးအဖြေတွေကို အဲဒီဂျာနယ်မှာ ဖော်ပြထားတယ်။ မြစ်ဆုံဆည်ကြီးကို ပြည်သူ့ဆန္ဒနဲ့အညီ သမ္မတက သူ့အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းခဲ့တာနဲ့ပတ်သက်လို့ သူဖြေကြားသွားပုံက သမ္မတရဲ့တာဝန်ခံမှုကို ပြည်သူကြားမှာ သံသယဖြစ်ကုန်တာပေါ့။ “ဒါဟာ သမ္မတရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ။ လွှတ်တော်ရဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ဒါကို ဆန့်ကျင်ပါတယ်။ သမ္မတဟာ တရုတ်-မြန်မာဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်” မြစ်ဆုံဆည်ပြန်ဆောက်သင့်သလား မေးမြန်းရာမှာ “ဆောက်ကိုဆောက်ရ မှာပေါ့။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာဆက်ဆံရေးပျက်ပြားအောင် လုပ်ခဲ့တာပါ”လို့ ပြန်ဖြေတယ်။

ပါတီကြီးတစ်ခုရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးအနေဲ့ နိုင်ငံတကာမီဒီယာတစ်ခုနဲ့တွေ့ဆုံရာမှာ စကားတစ်ခွန်းတိုင်း၊ တစ်ခွန်းတိုင်းကို တာဝန် ယူရတယ်။ သမ္မတရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းတယ်ဆိုရာမှာ သမ္မတရဲ့ဆန္ဒ၊ သမ္မတရဲ့အတွေးတစ်ခုနဲ့ စီမံကိန်းကို ရပ်ဆိုင်းတယ်ဆိုတဲ့သဘော သက်ရောက်နေတာပေါ့ ဘစည်ရာ..။ ပြည်သူ့ဆန္ဒအရ စီမံကိန်းကိုရပ်ဆိုင်းတယ်လို့ သမ္မတရဲ့ကြေညာချက်ထဲမှာ ပါပြီးသား လေ။ စီမံကိန်းရပ်ဆိုင်းတာကို ကျွန်တော်တို့ဆန့်ကျင်တယ်ဆိုတော့ ပြည်သူ့ဆန္ဒကို သူဆန့်ကျင်ပါတယ်လို့ပြောလိုက်တာနဲ့ အတူတူဖြစ်မသွားဘူးလား။ နောက် ကျွန်တော်တို့ဆန့်ကျင်တယ်ဆိုတဲ့စကားအရ အမှုဆောင်ကြီး တစ်ယောက်တည်း ဆန့်ကျင်တာမဟုတ်ဘဲ အဖွဲ့လိုက် ဆန့်ကျင်တဲ့သဘောလား လို့ မေးစရာကောင်းမနေဘူးလား….ဘစည်။

နောက်ထပ်ဖြေကြားသွားတဲ့အထဲမှာ “လူတွေက ရူးနေလို့။ ဗိုလ်ချုပ်သမီးဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက်များနေတာ” ဆိုပြီးလည်း ဖြေကြားသွားတယ်။

ဒါကိုတော့ အမှုဆောင်ကြီးက ပြန်ပြီးဖြေရှင်းတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ဖတ်ရတယ်။ သူက စွဲလမ်းတာလို့ပြောတာကို (crazy) ဆိုပြီး ဘာသာ ပြန်ရာမှာ လွဲမှားသွားတယ်လို့ဆိုတယ်။ နောက်ဆုံးကြားရတဲ့သတင်းကတော့ ပြည်ခိုင်ဖြိုးပါတီက ဇူလိုင် ၂၈ ရက်စွဲနဲ့ ကြေညာချက်ထုတ်တယ်လို့ ဆိုတယ် ။ကြေညာချက်ရဲ့လိုရင်းကတော့ အမှုဆောင်ကြီး အမှန်တကယ် ပြောကြားခဲ့တယ်ဆိုရင် သူ့ရဲ့ပြောချက်တွေပဲဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားမဟုတ်ဘူးတဲ့။ အမှန်တကယ်ပြောကြားခြင်း ရှိမရှိကိုလည်း စိစစ်နေတာပေါ့ကွာ။ စိစစ်တွေ့ရှိချက်အပေါ် မူတည်ပြီး ပါတီစည်းကမ်းအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြသွားသေးတယ်။

အမှန်ကတော့ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့တာကို စောဒကတက်ပြီး တရုတ်ကုမ္ပဏီ CPI က ကမ္ဘာလုံးဆိုင်ရာ ရေကာတာကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့(ICOLD) ကို တိုက်ရိုက်တောင်းဆိုမှုတွေတောင် လုပ်နေကြပြီလို့ ငါဖတ်လိုက်ရသေးတယ်။ ငါတစ်ခုစိုးရိမ်တာက ငါတို့ဆီက hardliner တွေဟာ ကိုယ့်ကိုယ်ကျိုးစီးပွားထက် ပိုပြီး ဧရာဝတီတွေဘာတွေ သိပ်ပြီး ဂရုစိုက်တော့တာမဟုတ်ဘူး။ ချစ်ရ ကောင်းမှန်း သိပုံမရပါဘူး။

နောက်တစ်ခု တာဝန်ခံမှုနဲ့ ပတ်သက်ပြီး ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့က ဆွေးနွေးကြတဲ့ အဆို က “လယ်ယာမြေသိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင် ရွက်ပေးရန်”ဆိုတဲ့ အဆိုကွ။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)က ဦးဂျေယောဝူ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လေးဦးက စတင်ဆွေးနွေး တယ်။

ဆွေးနွေးချက်တွေက အဓိကကျတာကို ငါရေးပြမယ်။ “အချို့သောကုမ္ပဏီများက ဥပဒေကိုအလွဲသုံးပြီး လယ်ယာမြေများ သိမ်းဆည်းမှုများ ကြောင့် အချို့တောင်သူလယ်သမားများမှာ လျော်ကြေးမရရှိခြင်း၊ ရရှိပါသော်လည်း ပေါက်ဈေးအတိုင်းမရရှိခြင်းကြောင့် တောင်သူလယ်သမားများသာ မက မိသားစုများပါ ဒုက္ခကြုံတွေ့ခဲ့ရပါကြောင်း” နောက်ပြီး ပန်းတနော်မြို့နယ်က ရေနက်ကွင်းစီမံကိန်း ၁၀ခုနဲ့ ပတ်သက်ပြီး မြေဧရိယာ ၃၆၆၆၅ ဧက အကြောင်း ဆွေးနွေးတယ်။ စီမံကိန်းတွေမလုပ်ဖြစ်ရင် တောင်သူတွေရဲ့ နစ်နာမှုအတွက် အမြန်ဆုံး စုံစမ်းလေ့လာ တင်ပြပေးသင့်တယ်ပေါ့။

အဲဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၉)က ဒေါက်တာခင်ရွှေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လေးဦးက ဆက်ပြီးဆွေး နွေးတယ်။ စီမံကိန်းတွေမလုပ်ဖြစ်ရင် မင်္ဂလာဒုံဥယာဉ်မြို့တော်ရှိ မူလဧက ၂၀၀ ကျော်ကို လယ်သမားတွေမနစ်နာအောင် အိုးအိမ်အနေနဲ့ တစ်ဧက ကျပ်တစ်သောင်းကို ၉၇ခုနှစ်က ပေးခဲ့တယ်။ ကျန်ဧက ၈၀၀ကျော်ကို ကာလပေါက်ဈေး တစ်ဧက ၃သိန်းပေးပြီးပြီ။ သတင်းမီဒီယာတွေကို သွေးထိုး မြှောက်ပင့်ပြီး လယ်သမားအရေးဆိုနေတဲ့ စွဲချက်တွေဟာ လွဲမှားတဲ့စွပ်စွဲချက်တွေ ဖြစ်တယ်ပေါ့ကွာ။ လိုရင်းကတော့ လယ်မြေတွေသိမ်းယူတာ တရား ဥပဒေနဲ့ညီတယ်ပေါ့။ ဒေါက်တာခင်ရွှေက ဦးဆောင်ဆွေးနွေးတယ်။

ငါလည်း လွှတ်တော်လုပ်ထုံးလုပ်နည်းတွေအကြောင်း လေ့လာနေတုန်းပဲ။ ငါနားမလည်ဘူးဆိုတာ ပန်းတနော်က လယ်မြေတွေအကြောင်း ဆွေးနွေးသွားတာကို ဒေါက်တာခင်ရွှေက ဘာလို့ မင်္ဂလာဒုံဥယျာဉ်မြို့တော်က လယ်မြေတွေဟာ ဥပဒေနဲ့အညီ သိမ်းယူပါတယ်လို့  ဘာလို့ဝင်ရောက် ဆွေးနွေးတာလဲ။

နောက်မှငါလည်းသိရတယ်ဆရာရေ…..ငါကိုကတုံးတာ။ ဒေါက်တာခင်ရွှေဟာ မင်္ဂလာဒုံဥယျာဉ်မြို့တော်စီမံကိန်းအတွက် ဒေါက်တာခင်ရွှေ ပိုင်ဆိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီက လယ်မြေတွေအတွက် ဂရုဏာကြေးအနေနဲ့ လယ်သမားကို တစ်ဧက သုံးသိန်းပေးတယ်လို့ဆိုတယ်။ ဂရုဏာကြေးပေး တယ်လို့ ကြေညာတာ။ အဲဒီအချိန်က လယ်တစ်ဧကကို သိန်း ဆယ်ဂဏန်းရှိတယ်လို့ဆိုတယ်။ ဂရုဏာကြေးပေးတယ်ဆိုတဲ့အဓိပ္ပါယ်က “အလကားငါရ မယ့်ဟာကို သနားလို့ သုံးသိန်းပေးတယ်လို့” ဆိုလိုတာထင်တယ်။ ဒါကို လယ်သမားတွေက၂၀၁၂ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတဆီတင်ပြတဲ့ အသနား ခံစာတင်ထားတယ်လို့ ဆိုတယ်။

အခုဆို မင်္ဂလာဒုံစက်မှုဇုန်က မြေကွက်တွေဟာ သိန်းထောင်ဂဏန်းလောက်အထိ တန်ဖိုးကြီးနေပြီလို့လည်း ပြောကြတယ်ကွ။ ငါနားမလည်တဲ့ အချက်က လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က နိုင်ငံရေးရာဖြစ်တဲ့ အဆိုတစ်ခုကို ဆွေးနွေးတဲ့အခါ ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားကို ဝင်ရောက် ခုခံဆွေးနွေးခွင့်ရှိလား။ ကိုယ့်ကုမ္ပဏီရဲ့ ကိုယ်ကျိုးစီးပွားထိခိုက်မှုကို လွှတ်တော်ကို အသုံးချပြီး တင်ပြခွင့်ရှိလား။ လွှတ်တော်ဟာ ကိုယ့်ကျိုးစီးပွား ထိခိုက်နစ်နာမှုတွေကို နိုင်ငံ့ရေးရာသဖွယ် ဝင်ရောက်ဆွေးနွေးတာကို ခွင့်ပြုလို့ရလား။ လွှတ်တော်ဆိုတာ တာဝန်ခံယူမှု အပြည့်အဝရှိရမယ့်နေရာ မဟုတ်လား။ ငါနားမလည်တာတွေများ သိပ်ပြီးများနေပြီလား ဘစည်ရာ။ မင်းကို နိုင်ငံရေးရာရှင်းပြနေတဲ့ ငါတောင် နားမလည်ရင် မင်းလည်းမျက်စိ လည်နေမှာပဲ။ ငါ့မိတ်ဆွေ ဥပဒေပညာရှင်ကြီးနဲ့ တွေ့ပြီးရင်တော့ ငါသေချာဆွေးနွေးပါဦးမယ်။ ငါလည်းကိုယ်တိုင် စုံစမ်းလေ့လာပါဦးမယ်။ နောက်မှ အသေးစိတ် ငါစာပြန်ပေးမယ်။

တော်သေးပြီ ဘစည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment