Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မိုးရွာတုန်းရေခံ

*****************************************

ဆောင်းပါးကဏ္ဍ

မိုးရွာတုန်းရေခံ

မိုးမြင့်ငြိမ်း

တံခါဖွင့်မူဝါဒကို ကျင့်သုံးလာပြီဖြစ်သော မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ ဆက်ဆံရေး များပြားလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ နိုင်ငံခြားမူဝါဒမှာလည်း အသွင်ကူးပြောင်းဖို့ လိုအပ်နေပြီဖြစ်သည်။ အထူးသဖြင့် အနောက်အုပ်စုနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးမှာ နှင်းခဲပျော်ချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုအတွက် ကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေမှာ စိတ်ဝင်စားစရာ ကောင်းလာသည်။

အာရှအံ့ဘနန်း

ဖွံ့ဖြိုးတိုးတက်သွားသည့် နိုင်ငံများ၏ ဖွံ့ဖြိုးရေးသမိုင်းကို လေ့လာမည်ဆိုလျှင် ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်များ၊ စီးပွားရေးမူဝါဒများကိုသာမက နိုင်ငံတကာအခင်းအကျင်း၏ အကျိုးသက်ရောက်မှုကိုလည်း ထည့်သွင်း သုံးသပ်မှ ရှုထောင့်စုံသော လေ့လာချက်မျိုး ထွက်ပေါ်လာနိုင်သည်။ အထူးသဖြင့် ဒီမိုကရေစီအသွင်ကူး ပြောင်းနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စူပါပါဝါနိုင်ငံများ၏ ဆက်ဆံရေးများပင်ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံနှင့် ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်တို့ မဟာမိတ်ဆက်ဆံရေးများ ရှိခဲ့ကြသော်ငြားလည်း ဂျပန်နှင့် တောင်ကိုရီးယားမှာ တိုးတက်ပြီး ဖိလစ်ပိုင်မှာမူ ယခုထိတိုင် တိုးတက်မှု နှေးကွေးနေရသည်။ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများမှာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း၊ စစ်အေးခေတ် စတင်သည့်အချိန်လောက် ကတည်းက အမေရိကန်၏ ဖွံ့ဖြိုးရေးအကူအညီများ၊ နည်းပညာအကူအညီများကို ရယူပြီး မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားကြခြင်း ဖြစ်သည်။ သို့သော် ထိုသို့ အကူအညီများကို ရယူရာတွင်လည်း မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးရာအခြေအနေများနှင့် ကိုက်ညီအောင် အလေးထား ဆောင်ရွက်ခဲ့ကြသည်။ ထိုအတွက်ကြောင့် အနောက်နိုင်ငံများ နှစ်တစ်ရာနီးပါး ဖြတ်သန်းရသည့် ဖွံ့ဖြိုးရေးခရီးကို ဂျပန်နှင့် တောင်ကိုရီးယားတို့က နှစ်ပေါင်းလေးဆယ်လောက်အတွင်း တန်းတူခရီးပေါက်အောင် ဆောင်ရွက်နိုင်ခြင်းကြောင့် ဖွံ့ဖြိုးရေးသုတေသနများက အာရှအံ့မခန်းဟုပင် တင်စားခေါ် ယူရသည်အထိ ဖြစ်သည်။

ကိုယ့်အရပ်၊ ကိုယ့်ဇတ်

ထိုသို့ စူပါပါဝါနိုင်ငံ၏ အကူအညီဖြင့် ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်သည့် နိုင်ငံများရှိသော်လည်း အကူအညီများရခဲ့သည့် တိုင် ကိုယ့်အရပ်ကိုယ့်ဇာတ် နိုင်အောင်မကနိုင်သည့် နိုင်ငံလည်း ရှိသည်။ ဖီလစ်ပိုင်နိုင်ငံမှာ အမေရိကန်၏ အကူအညီများကို အများဆုံးရရှိသည့် အာရှ နိုင်ငံများတွင် ပါဝင်ခဲ့သည့်တိုင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်တော့ မဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အမေရိကန် ဖွဲ့စည်းပုံအတိုင်းပင် ဖြစ်ခြင်း ကြောင့် ဖိလစ်ပိုင်နိုင်ငံရေးယဉ်ကျေးမှုနှင့် မည်သို့မှ အံဝင်ခွင်ကျမဖြစ်ခဲ့ပေ။ ထို့အပြင် အမေရိကန် ကိုလိုနီဖြစ်ခဲ့စဉ်တုန်းက အမေရိကန်မှ ၎င်းတို့အကျိုးငှာ မွေးမြူထားသည့် အီလစ်မိသားစုဝင်များသာ တစ်ဦးမဟုတ်တစ်ဦး သမ္မတဖြစ်လာခဲ့ရာ ယခုလက်ရှိသမ္မတ Noynoy Aquino အထိပင် ဖြစ်သည်။ ယင်းတို့ မှာ ဖိလစ်ပိုင်နိုင်ငံ၏ မြေများစွာပိုင်ဆိုင်ထားသည့် မြေရှင်များဖြစ်ခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် မြေယာပြုပြင်ပြောင်းလဲရေးကို ယခုအချိန်ထိတိုင် အောင်မြင်အောင် ဆောင်ရွက်နိုင်မှု မရှိသေးသည့်အတွက်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ စက်မှုထူထောင်ရေးကို အရှိန်အဟုန်နှင့် ဆောင်ရွက်နိုင်ခြင်း မရှိ ဖြစ်နေရသည်။ ထို့အပြင် အစိုးရဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုမြင့်မားပြီး နိုင်ငံရေးတည်ငြိမ်မှုမှာလည်း မေးခွန်းထုတ်စရာရှိနေခြင်းကြောင့် သူများ ဇာတ်ထုတ်ဖြင့် ကိုယ့်အရပ်တွင် ဟန်မကျပန်မကျ ကနေရသည့်ပုံ ဖြစ်သည်။

ရေစတစ်ဖက်၊ မီးငုပ်တစ်ဖက်

နိုင်ငံတကာရေးရာ သုတေသီများက ကမ္ဘာ၏ ပါဝါစင်တာအရွေ့မှာ အနောက်မှအရှေ့သို့ ပြောင်းလဲလျက်ရှိနေသည်ဟု ထုတ်ဖော် ရေးသားလာ ကြသည်။ လက်တွေ့တွင်လည်း ၂၀၀၈ ခုနှစ်တွင် အမေရိကန်မှ စတင်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းတွင် အစောဆုံး ရုန်းထွက်နိုင်ခဲ့ သည့် နိုင်ငံများမှာ အာရှနိုင်ငံများပင် ဖြစ်သည်။ နိုင်ငံတကာမီဒီယာတွင် စီးပွားရေးအင်အားကောင်းလာသည့် နိုင်ငံများကို rise of the rest ဟု သုံးနှုန်း မှုမျိုး ခေတ်စားလျက်ရှိသည်။ မြန်မာနိုင်ငံမှာ ထွန်းသစ်စစီးပွားရေး ဖြစ်ထွန်းလျက်ရှိသည့် တရုတ်နှင့် အန္ဒိယနှစ်နိုင်ငံကြားတွင် တည်ရှိနေသည့်အတွက် ပထဝီစီးပွားရေးအရ မဟာဗျူဟာကျသောနေရာတွင် ရှိနေသည်။ အမေရိကန်၏ လက်တွေ့ကျသည့် စေ့စပ်ညှိနှိုင်းရေးမူဝါဒ (pragmatic engagement policy) မှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် ထိရောက်မှုရှိသည်ဟု ဆို၍ ရနိုင်သည်။ သို့သော် ပိတ်ဆို့အရေးယူရေး မူဝါဒကိုလည်း ဆက်လက် စွဲကိုင်ထား လျက်ရှိနေရာ မြန်မာနိုင်ငံအပေါ် ရေစတစ်ဖက်၊ မီးငုပ်တစ်ဖက် ကျင့်သုံးလျက်ရှိသည်ဟု သုံးသပ်၍ ရနိုင်ပါသည်။

မိုးရွှာတုန်းရေခံ

မြန်မာနိုင်ငံအနေဖြင့်တော့ ကိုယ့်နိုင်ငံအကျိုးစီးပွားကို ရှေ့ရှုသည့် နိုင်ငံခြားရေးမူဝါဒဖြင့်သာ ဆက်ဆံဖို့ အထူးပင် လိုအပ်လျက် ရှိနေသည်။ ကမ္ဘာနှင့် ဆယ်စုနှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ် တံခါးပိတ်နေခဲ့သည့်အတွက်ကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် နယ်ပယ်အသီးသီးမှာ အခြေအနေ နိမ့်ကျလျက် ရှိနေသည်။ ကမ္ဘာနှင့် ဆက်သွယ်လာရသည့်အခါ သူတို့တွေးသလိုတွေးပြီး သူတို့လုပ်သလို လုပ်နိုင်ဖို့ သူတို့၏ စီမံခန့်ခွဲမှုနည်းစနစ်များ၊ နည်းပညာများကို ရယူနိုင်ဖို့ အထူးပင် အရေးကြီးသည်။ တံခါးဖွင့်ရသည့်အကြောင်းရင်း၊ အရေးယူပိတ်ဆို့မှု ဖျက်သိမ်း ပေးရန် တောင်းဆိုသည့်အကြောင်းရင်းမှာလည်း ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်စေခြင်းဖြင့် ယင်းတို့ထံမှ အတွေ့ အကြုံများ၊ နည်းပညာများ လွှဲပြောင်းယူနိုင်အောင် ကြိုးစားဖို့လိုသည်။ တနည်းဆိုရလျှင် ကိုယ့်ရှေ့က ဖွံ့ဖြိုးတိုးတက်သွားသည့် အာရှကျားများလို ဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံများ၏ အကူအညီကို အပြည့်အဝရယူရင်း ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ကိုရောက်အောင် သွားနိုင်ဖို့ပင် ဖြစ်သည်။ တနည်းဆို ရသော် မိုးရွာတုန်း ရေခံကြဖို့ပင် ဖြစ်ပါကြောင်း….

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment