၃၀.၈.၂၀၁၂
ဆောင်းပါးကဏ္ဍ
- မဟာဗျူဟာကိစ္စနှစ်ရပ်
*****************************************
ဆောင်းပါးကဏ္ဍ
မဟာဗျူဟာကိစ္စနှစ်ရပ်
ဘုန်းထက်ဝင်း
မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်းအချိုးအကွေ့များမှာ တစ်ကွေ့ထက်တစ်ကွေ့ ပိုမိုစိတ်ဝင်စားဖို့ ကောင်းလာသည်။ လေ့လာသုံးသပ်သူ များကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲ၏ ရင်သပ်ရှုမောဖွယ် ပြကွက်များကို တခုတ်တရ ပြောကြလာလေသည်။ စာရေးသူအမြင်၌ အကယ်၍ မြန်မာနိုင်ငံရေးစနစ်သစ်မှာ အခြားနိုင်ငံတစ်ခုမှ တင်ပို့လာသည့် စနစ်ဆိုလျှင်တော့ ယခုလောက် အလုပ်ဖြစ်မည်မဟုတ်။ ယခု မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်၏ အသွားအလာကိုကြည့်လျှင် ကိုယ်ပိုင်ဟန်ဖြင့် ပေါ်ထွက်လာသည့် နိုင်ငံရေးစနစ် (Home-grow politic) ဖြစ်သောကြောင့် ယခုလို တဖြည်းဖြည်းချင်း အသက်ဝင်လာသည့် သဘောဟု ဆိုရမည်။ ကိုယ့်အရပ်ကိုယ်ဇာတ်ကို သိ၍ ယင်းဇာတ်ကို နိုင်အောင်ကကြရသည့်သဘောလည်း ဖြစ်သည်။
ဖွဲ့စည်းပုံ၏ ရည်ရွယ်ရင်း
စာရေးသူ ယခုလို ရှည်ရှည်ဝေးဝေး နိဒါန်းပျိုးနေသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအရွေ့ နှစ်ခုကြောင့် ဖြစ်သည်။ ပထမ တစ်ခုမှာ လွှတ်တော်နှင့် အုပ်ချုပ်ရေးအကြား အားပြိုင်နေကြသည့် အာဏာခွဲဝေမှု ပဋိပက္ခဖြစ်သည်။ မြန်မာပြည်သူများရော၊ နိုင်ငံတကာ အသိုင်းအဝိုင်း က အလေးထားစောင့်ကြည့်နေရသည့် ကိစ္စဖြစ်သည်။ ဤနေရာတွင် ဖွဲ့စည်းပုံဥပဒေ၏ ကျောရိုးကို ရေးသားခဲ့သည့် ဒေါက်တာမောင်မောင်၏ ရည်ရွယ် ရင်းအတိုင်း ဖြစ်လာခဲ့သည်ဟု ဆိုနိုင်ပေသည်။ ဒေါက်တာမောင်မောင်သည် အမေရိကန်ဖွဲ့စည်းပုံ၏ ပုံစံကိုယူ၍ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်နှစ် ရပ်ကြား အာဏာခွဲဝေမှု သီးခြားစီဖြစ်အောင်နှင့် ရေးရာကော်မတီများဖြင့် လွှတ်တော်တာဝန်များကို ထမ်းဆောင်စေဖို့ ရေးဆွဲခဲ့သည်။
တည်တည်ငြိမ်ငြိမ်ဖြင့် အဖြေရှာ
ယခု ခုံရုံးကိစ္စကိုကြည့်လျှင် ဤအချက်မှာ အထူးပေါ်လွင်မှုရှိသည်ဟု ဆိုနိုင်သည်။ အမှန်စင်စစ် ဥပဒေပြု လွှတ်တော်အမတ်များ၏ လွှတ်တော် ရေးရာကော်မတီများအား ပြည်ထောင်စုအဆင့် သတ်မှတ်ပေးရေးအဆိုနှင့် ဆွေးနွေးချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရည်ရွယ်ရင်း သဘောတရား အရ မှန်ကန်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် လုပ်နည်းမှားနေသည်ဟုတော့ ပြောရမည်ပင်။ အုပ်ချုပ်ရေးအာဏာအပေါ် ထိုသို့ ဖိအားပေး တောင်းဆို နေခြင်းမှာ ပြဿနာအမှန်တကယ် ပြေလည်နိုင်သည့် နည်းလမ်းတော့မဟုတ်။ နိုင်ငံတော်သမ္မတကိုယ်တိုင်လည်း မတူတာတွေကို ဘေးဖယ်ထားပြီး တူတာတွေကို လက်တွဲလုပ်မည်ဟု ဆိုထားခြင်းကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဉာဏ်ကြီးကြီးလုပ်ဆောင်နေသည့် အစိုးရအဖွဲ့မှာ လွှတ်တော်၏ အပြန်အလှန် ထိန်းကြောင်းရေး တောင်းဆိုမှုကို တည်တည်ငြိမ်ငြိမ်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားနိုင်မည်သာ ဖြစ်သည်။
ဟန်ပြမဟုတ်ဘဲ ထိရောက်ဖို့
ဒုတိယအရေးမှာ ပြည်ထောင်စုဝန်ကြီးများ၊ ဒု-ဝန်ကြီးများအပြောင်းအလဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝန်ကြီးအပြောင်းအလဲများကို ယခင် အစိုးရ များလက်ထက်က လုပ်ဆောင်ခဲ့သော်လည်း အလုပ်ဖြစ်အောင် ဆောင်ရွက်မည်ဟူသော ရည်ရွယ်ချက်မျိုးထက် ဤကိစ္စကို ဒီဝန်ကြီးဌာနဝန်ကြီးက ကိုင် တွယ်သည်ဟူသော သဘောမျိုးလောက်သည်။ တနည်းဆိုရလျှင် ဗျူရိုကရေစီယန္တရား၏ ထိရောက်မှုကို အလေးမပေး။ သို့သော် ယခုလို ကမ္ဘာနှင့် ပြန် လည်ဆက်သွယ်လာသည့် အချိန်အခါတွင် နိုင်ငံတကာစံနှုန်းများအတိုင်း လုပ်ဆောင်နိုင်ဖို့မှာ အထူးပင် အရေးပါလာသည်။ အထူးသဖြင့် စီးပွားရေးကိစ္စ များတွင်ဖြစ်သည်။ ထိုအတွက်ကြောင့် ဝန်ကြီးအပြောင်းအလဲအများစုမှာ စီးပွားရေးမူဝါဒချမှတ်သည့် ဝန်ကြီးဌာနများ ဖြစ်သည်ကို တွေ့ရသည်။ ထို့အပြင် သမ္မတသည် ပြည်ထောင်စုဝန်ကြီးလေးပါးကို ဌာနလက်ကိုင်မရှိသည့် သမ္မတရုံးဝန်ကြီးများအဖြစ် ခန့်အပ်ထားမှုမှာလည်း စိတ်ဝင်စားစရာပင် ဖြစ်သည်။ အဆိုပါ သမ္မတရုံးဝန်ကြီးလေးပါး၏ ဆောင်ရွက်ခဲ့မှုများကိုကြည့်လျှင် သမ္မတအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို အလေးထားလုပ်ဆောင်သွားမည့်သဘောရှိသည်ဟု သုံးသပ်၍ ရနိုင်သည်။
သမ္မတရုံးဝန်ကြီးလေးပါးအနက် ဦးအောင်မင်းနှင့် ဦးစိုးသိန်းမှာ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး ကိစ္စရပ်များကို တက်တက်ကြွကြွနှင့် ထိထိရောက်ရောက် ဆောင်ရွက်နေသူများ ဖြစ်သည်။ ထို့အပြင် ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဦးလှထွန်း၊ အမျိုး သားစီမံကိန်းဝန်ကြီးဌာနမှ ဦးတင်နိုင်သိန်းတို့ ဖြစ်နေခြင်းနှင့် ဦးစိုးသိန်းသည်ပင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဖြစ်နေခြင်းကြောင့် သမ္မတ အနေဖြင့် စီးပွားရေးအပြောင်းလဲကို ထိထိရောက်ရောက် လုပ်ဆောင်လိုသည့် သဘောပင်ဖြစ်သည်ဟု သုံးသပ်မိသည်။ သမ္မတဦးသိန်းစိန်သည် သူ၏ ၁နှစ်ကျော်သက်တမ်းအတွင်း ပြုပြင်ပြောင်းလဲရေး ပထမအဆင့် လုပ်ဆောင်ခဲ့သည့်အခါ အပေါ်ပိုင်းပြောင်းသော်လည်း အောက်ခြေလိုက်ပါ ပြောင်းလဲ လာခြင်းမရှိသည်ကို သိခဲ့ပြီးဖြစ်သည်။ ထိုအတွက်ကြောင့် ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဟန်ပြမ ဟုတ်ဘဲ (show case) ထိရောက်မှုကို အလေးထားဆောင်ရွက်လိုသည့် သဘောကြောင့် ဝန်ကြီးအပြောင်းအလဲများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်မိသည်။
စာရေးသူအနေဖြင့် ဤအရွေ့နှစ်ခုကို စိတ်ဝင်စားရခြင်းမှာ အကြောင်းအရင်းသုံးခုကြောင့်ဖြစ်သည်။ ပထမတစ်ခုမှာ ဒီမိုကရေစီ လက်တွေ့ ကျင့်သုံးမှု ပီပြင်လာမှုဖြစ်သည်။ မြန်မာနိုင်ငံ၏ အပြောင်းအလဲများမှာ မြန်ဆန်လွန်းသော်လည်း အားရဖို့တော့ ကောင်းသည်။ အရေးကြီးသည်မှာ သဘောထားကြီးကြီးထားနိုင်ကြဖို့ ဖြစ်သည်။ ဒုတိယအချက်မှာ စီးပွားရေးအပြောင်းအလဲကို ထိထိရောက်ရောက် လုပ်ဆောင်မှ ဖြစ်တော့မည်ဟု မူဝါဒ ချမှတ်သူများ ထဲထဲဝင်ဝင် သိလာခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယခင်အစိုးရများ၏ ခေါင်းဆောင်အဆက်ဆက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍကို သိပ်အလေးမထားခဲ့ပေ။ နောက်ဆုံးတစ်ချက်မှာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အစဉ်အလာမရှိသည့် အရည်အချင်းအဓိကထားရွေး ချယ်မှု (meritocracy) ကို စတင်အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် သားတူညီများကောင်းစားရေး (nepotism) နှင့် လက်သင့်ရာ စားတော်ခေါ်ရေး (cronyism) တို့ အားနည်းဖို့ များသွားပြီ်ဖြစ်သည်။
*****************************************