Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာအစိုးရခေါင်းဆောင် တရားဝင်ခရီးစဉ်လာရောက်နိုင်ရန် ဗီဇာကန့်သတ်ချက်များ အမေရိကန်လျှော့ချ

(AP သတင်းဌာနမှ 30 August 2012 ရက်စွဲပါ “US waives visa ban for Myanmar official visits” ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာအပါအဝင် အာဆီယံနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရန် အင်ဒိုနီးရှားဘိလပ်မြေကုမ္ပဏီ ကြိုးပမ်း

(Jakarta Globe မှ 30 August 2012 ရက်စွဲပါ “Semen Gresik Plans to Invest $ 300m in Neighboring Nations” “ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာကိုအကူအညီပေးရန် တရုတ်ကို အမေရိကန်တိုက်တွန်း

(The Associated Press မှ 30August 2012ရက်စွဲပါ “US urges China to protect Myanmar Refugees”သတင်းကိုဘာသာပြန်သည်။)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာအစိုးရခေါင်းဆောင် တရားဝင် ခရီးစဉ်လာရောက်နိုင်ရန် ဗီဇာကန့်သတ်ချက်များ အမေရိကန်လျှော့ချ

(AP သတင်းဌာနမှ 30 August 2012 ရက်စွဲပါ “US waives visa ban for Myanmar official visits” ကိုဘာသာပြန်ဆိုသည်)

အမေရိကန်သမ္မတ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့သည် မြန်မာပြုပြင်ပြောင်းလဲရေး အစိုးရအဖွဲ့နှင့် ချိတ်ဆက်မှု ပိုမိုမြှင့်တင်နိုင်ရန် အလို့ငှာ အစိုးရ ခေါင်းဆောင်များအပေါ်သတ်မှတ်ပြဋ္ဌာန်းထားသည့် ဗီဇာပိတ်ပင်ကန့်သတ်မှုများကို လျှော့ချပေးလိုက်သည်။

လာမည့်စက်တင်ဘာလတွင် မြန်မာသမ္မတ ဦးသိန်းစိန်အနေဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်ရန် အမေရိကန်သို့ သွားရောက်ရန်  ရှိသည့်အချိန်တွင် အမေရိကန်သမ္မတ အိုဘားမားက ယခုလို ဗီဇာကန့်သတ် ပိတ်ပင်မှုများကို လျှော့ချပေးလိုက်ခြင်းဖြစ်သည်။

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Caitlin Haydenက ယခုကိစ္စသည် ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ကန့်သတ်ချက် အားလုံးကို ဖယ်ရှားပေးလိုက်ခြင်း မဟုတ်ကြောင်း၊ မြန်မာအစိုးရအာဏာပိုင်များအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေခြင်း ရှိ၊မရှိကို အမေရိကန်က လေ့လာစောင့်ကြည့်နေဆဲ ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာအစိုးရ အာဏာပိုင်ပုဂ္ဂိုလ်များအပေါ် သတ်မှတ်ထားသည့် ဗီဇာကန့်သတ် ပိတ်ပင်မှုများအနက်မှ အချို့အား လျှော့ပေါ့ပေးရန် အမေရိကန် သမ္မတ အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို လုပ်ပိုင်ခွင့် အာဏာပေးလိုက်ခြင်းဖြစ်သည်။ ၂၀၀၈ခုနှစ် ဥပဒေအရ ယခင်မြန်မာ စစ်အစိုးရ၏ အရာရှိကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဗီဇာကန့်သတ် ပိတ်ပင်မှုများပြုလုပ်ထားသည်။

မြန်မာသမ္မတဦးသိန်းစိန်နှင့် သူ၏ ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခြင်းအားဖြင့် အမေရိကန် ပြည်ထောင်စုအနေဖြင့် ယုံကြည် မှု တည်ဆောက်နိုင်မည်ဖြစ်သလို ပြုပြင်ပြောင်းလဲမှုများဆက်လက်လုပ်ဆောင်ရန် ဖိအားပေးနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း အမေရိကန် မူဝါဒများနှင့် ဒီမိုကရေစီကို ပိုမိုနားလည် လာမည်ဖြစ်ကြောင်း Hayden ကပြောသည်။

အမေရိကန်ပြည်ထောင်စုသည် လတ်တလောကာလများအတွင်း မြန်မာနှင့် ပြည့်ဝသော သံတမန် ဆက်ဆံရေး ရရှိအောင် ပြန်လည်လုပ် ဆောင်ခဲ့ပြီး စီးပွားရေး ပိတ်ဆို့မှုများအနက်မှ အချို့ကို ဆိုင်းငံ့ပေးလိုက်သည်။ သို့သော် အမေရိကန် ပြည်ထောင်စုသို့ မြန်မာထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို ဆက်လက်ပိတ်ပင် ထားဆဲဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ တိုင်းရင်းသားပဋိပက္ခကိစ္စ၊ မြောက်ကိုရီးယားနှင့် ဆက်ဆံမှုကိစ္စ တို့အပေါ် စိုးရိမ်ပူပန်ဆဲ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

သမ္မတဦးသိန်းစိန်၏ စက်တင်ဘာလ အမေရိကန်ပြည်ထောင်စု ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ဆိုင်လျက်ရှိသည်။ သူမသည် Congressional Gold Medal ရွှေတံဆိပ်ဆု ရယူရန် ထိုလအတွင်းမှာပင် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ရမည်ဖြစ်သည်။

-----------------------------------------------------------------------------------------------------------------------------

မြန်မာအပါအဝင် အာဆီယံနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရန် အင်ဒိုနီးရှားဘိလပ်မြေကုမ္ပဏီ ကြိုးပမ်း

(Jakarta Globe မှ 30 August 2012 ရက်စွဲပါ “Semen Gresik Plans to Invest $ 300m in Neighboring Nations” “ကိုဘာသာပြန်ဆိုသည်)

အင်ဒိုနီရှားနိုင်ငံ၏ အကြီးဆုံး ဘိလပ်မြေ ထုတ်လုပ်ငန်းကြီးဖြစ်သော Semen Gresik သည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့၌ စီးပွားရေး လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်ရန် ဒေါ်လာ သန်း၃၀၀ကို အရန်ငွေအဖြစ် ထားရှိထားကြောင်း ကုမ္ပဏီအကြီးအကဲက ပြောကြားသည်။

"ပြည်ပနိုင်ငံတွေမှာ လုပ်ငန်းတိုးချဲ့မယ့် အစီအစဉ်တွေ ယခုထိတိုးတက်မှု ရှိနေပါတယ်"ဟု Semen Gresik ကုမ္ပဏီမှ ဥက္ကဌ Dwi Soetiptoက ပြောကြားသည်။ ယင်းကုမ္ပဏီတွင် အင်ဒိုနီးရှား အစိုးရက အစုရှယ်ယာ ၅၁ရာခိုင်နှုန်း ပါဝင်သည်။

Semen Gresikက ယခုလ အစောပိုင်းတွင် မြန်မာ၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဘိလပ်မြေ ထုတ်လုပ်သော လုပ်ငန်းများ၌ အစုရှယ်ယာပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆို ခဲ့သေးသည်။ သို့သော် ရင်းနှီးမြှုပ်နှံမှု ပမာဏ မည်၍မည်မျှ ဖြစ်သည်ဟူသော အချက်ကို ထုတ်ဖော်ပြောဆို ခဲ့ခြင်း မရှိပေ။

သို့သော် ဥက္ကဌ Dwi က Investor Daily သတင်းစာသို့ ပြောဆိုရာတွင် ကုမ္ပဏီအနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင် စီးပွားရေး မိတ်ဖက် များသာမက အဖိုးတန်သော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုပါ ရှာဖွေလျက် ရှိသည်ဟုဆိုသည်။

"လာမယ့် နိုဝင်ဘာလလောက်ရောက်ရင် ဆုံးဖြတ်ချက် ချမှတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု ၎င်းကပြောဆိုသည်။ Semen Gresik သည် ပြည်ပနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေနေရုံသာမက အင်ဒိုနီးရှား နိုင်ငံတွင်း၌လည်း လုပ်ငန်းများ တိုးချဲ့လျက်ရှိသည်။ လက်ရှိအနေအထား တွင် အနောက်ဆူမာတြား ပြည်နယ်မှ Padangနှင့် အရှေ့ဂျာဗားမှ Tubanမြို့တို့တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်လျက်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံ၌ ဘိလပ်မြေ ရောင်းချမှုများ မြင့်တက်လာရာ ယခုနှစ် ခြောက်လတာ ကာလအတွင်း ကုမ္ပဏီအနေဖြင့် အသားတင်အမြတ်ငွေ ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

အသားတင်အမြတ်ငွေမှာ ဇန်နဝါရီလမှ ဇွန်အတွင်း ရူပီးငွေ ၂ဒဿမ၁ထရီလီယံ (ဒေါ်လာ သန်း ၂၂၀)ရှိကြောင်း၊ ယမန်နှစ် အဆိုပါ ကာလအတွင်း ရူပီငွေ ၁ဒဿမ၈ထရီလီယံ ရရှိခဲ့ကြောင်းသိရသည်။

Gresikအနေဖြင့် ယခုနှစ်အတွင်း ဘိလပ်မြေ တန်ပေါင်း ၂၃ သန်းခန့် ထုတ်လုပ်ရန် ရည်မှန်းထားပြီး လာမည့်၂၀၁၃ခုနှစ်တွင် တန်ပေါင်း၂၄သန်းမှ ၂၅သန်းအထိ တိုးမြှင့်ထုတ်လုပ်ရန် ရည်မှန်းထားသည်။ ထို့ပြင် နိုင်ငံတကာ ဈေးကွက်တွင် မှတ်တမ်းကောင်း ရရှိရေးအတွက် ကုမ္ပဏီ၏ အမည်အား Semen Indonesiaဟု ပြောင်းလဲမည်ဟုဆိုသည်။ ထိုသို့ပြောင်းလဲမှု ပြုလုပ်ရာ၌ အစုရှယ်ယာဝင်များ၏ သဘောတူခွင့်ပြုချက် ရယူမည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလတွင် အဆိုပါကိစ္စ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်း ဘိလပ်မြေသုံးစွဲမှုမှာ ယခုနှစ်တွင် တန်ပေါင်း ၅၂ သန်းအထိရောက်ရှိလာမည်ဟု ယူဆရသည်။ ယခင်နှစ်ကဆိုလျှင် ဘိလပ်မြေသုံးစွဲမှုမှာ ၄၈ သန်းခန့်ရှိခဲ့သည်။ ဘိလပ်မြေထုတ်လုပ်မှုမှာမူ ယခုနှစ်အတွင်း သန်း ၆၀ သို့ရောက်ရှိလာနိုင်သည်။ အင်ဒိုနီးရှားတွင် အခြားသော နိုင်ငံပိုင် ကုမ္ပဏီတစ်ခုက ပြည်ပ၌ လုပ်ငန်းတိုးချဲ့ရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့ပြီးနောက် Gresik ကလည်း ယင်းသို့လိုက်ပါလုပ်ဆောင်လာခြင်းဖြစ်သည်။

အင်ဒိုနီးရှား၏ အကြီးဆုံးသော တယ်လီဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Telkomက အရှေ့တီမော နိုင်ငံတွင် စီးပွားရေး လုပ်ငန်းတိုးချဲ့ရန်ကြိုးပမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်အတွက် အရန်ငွေ ဒေါ်လာ သန်း၅၀ ထားရှိထားသည် ဟုဆိုသည်။

Telkomသည် မြန်မာနိုင်ငံတွင်လည်း အလားတူ ရင်းနှီးမြှုပ်နှံရန် မျက်စိကျလျက်ရှိကြောင်း ကုမ္ပဏီ ဥက္ကဌဖြစ်သူ Arief Yahya ကပြောသည်။ မြန်မာပြည်တွင် လူဦးရေ ၅၄သန်း၏ ၅ရာခိုင်နှုန်းသာ တယ်လီဆက်သွယ်ရေးစနစ် အသုံးပြုလျက် ရှိသောကြောင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသည် ဟု ဆိုသည်။ "ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ထည့်မလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လေ့လာဆဲ အဆင့်မှာပဲ ရှိနေလို့ပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အခြားအခြေအနေ အရပ်ရပ်ကိုလည်း ကျွန်တော်တို့ အကဲခတ်ကြည့်ဦးမယ်" ဟု ၎င်းကပြောသည်။

-------------------------------------------------------------------------------------------------------------------------------

မြန်မာကိုအကူအညီပေးရန် တရုတ်ကို အမေရိကန်တိုက်တွန်း

(The Associated Press မှ 30August 2012ရက်စွဲပါ “US urges China to protect Myanmar Refugees”သတင်းကိုဘာသာပြန်သည်။)

မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုက်ပွဲကြောင့် ထွက်ပြေးလာသူ ကချင်ဒုက္ခသည်များအား ယာယီ အကာအကွယ် ပေးထားရန်နှင့် အတင်းပြန်ပို့ခြင်း မပြု ရန် တရုတ်နိုင်ငံကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလျက်ရှိသည်။

တရုတ်နိုင်ငံသည် ကချင်ဒုက္ခသည် ၁၀၀၀ခန့်ကို မြန်မာနိုင်ငံ တိုက်ပွဲဇုန်သို့  မကြာသေးမီက အတင်းပြန်ပို့ခဲ့ပြီး နောက်ထပ် ၄၀၀၀ခန့်ကို ပြန်ပို့ရန် စီစဉ်နေသည်ဟုလည်း Human Right Watch အဖွဲ့က ထုတ်ပြန်ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗက်ထရစ် ဗင်ထရယ်က “တရုတ်နိုင်ငံအနေဖြင့် ဒုက္ခသည်များ စောင့်ရှောက် ရေး ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းများကို လိုက်နာသင့်ကြောင်း” ကြာသပတေးနေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။

“ဒုက္ခသည်တွေကို လုံခြုံစိတ်ချ ဘေးကင်းတဲ့ အခြေအနေ ရောက်မှသာ သူတို့သဘောနဲ့သူတို့ အိမ်ပြန်သင့်တယ်လို့ အမေရိကန် ပြည်ထောင်စုက ယုံကြည်ထားပါတယ်”ဟု ၎င်းကသတင်းစားရှင်းလင်းပွဲ တွင်ပြောကြားသည်။

ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက်နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေသော ကချင်လက်နှက်ကိုင် တိုက်ပွဲဝင်အုပ်စုနှင့် မြန်မာအစိုးရ တပ်များအကြား ၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲထားမှု  မနှစ်က ပျက်ပြယ်သွားပြီး နောက်ပိုင်း ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံထောင်ပေါင်း များစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ ဒေသခံ အရပ်သားများ အပေါ် အစိုးရတပ်ဖွဲ့များက ဆိုးရွားသော ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ကျူးလွန် နေကြသည်ဟု လူ့အခွင့်အုပ်စုများက ထုတ်ဖော်အစီရင်ခံထားသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment