yangonchronicle2011 Op-Ed |
၁.၉.၂၀၁၂
ဆောင်းပါးကဏ္ဍ
- လူထုရဲ့နိုင်ငံရေး
*****************************************
ဆောင်းပါးကဏ္ဍ
လူထုရဲ့နိုင်ငံရေး
လတ်ငြိမ်း
(စက်တင်ဘာ ၁ရက်နေ့ထုတ် The Voice Weekly ဂျာနယ်အတွဲ(၈)အမှတ်(၃၅)မှ ထုတ်ယူဖော်ပြချက်။)
လက်ရှိ မြင်တွေ့နေရသော အပြောင်းအလဲများက မြန်မာပြည်သည် ကာလဝိပတ္တိမှ လွန်မြောက်ခဲ့ပြီဟု ညွှန်းဆိုနေကြသည်။ တစ်နှစ်အတွင်း အပြောင်းအလဲတွေ များစွာဖြစ်ခဲ့သည်။ အစိုးရအပေါ် လူတွေယုံကြည်မှုပိုရှိလာသည်။ မီဒီယာတွေအားကောင်းလာခဲ့သည်။ တစ်ဖက်ကလည်း ပြဿနာ တွေရှိနေဆဲ။ ကချင်ဒေသနှင့် ရခိုင်ပြဿနာများက သွေးမတိတ်သေးသောအနာများ၊ ခေတ်ဟောင်း၏ အမွေဆိုးအဖြစ် ကျန်နေဆဲဖြစ်သည်။ သို့သော် ကျွန်တော့်လို ပြည်သူတစ်ယောက်အဖို့တော့ ယခုပြောင်းလဲမှု အခြေအနေအပေါ် ကျေနပ်နေမိသည်။ တစ်ချိန်တည်းမှာပဲ ဒီပြောင်းလဲမှုအခြေအနေ အပေါ် ကျေနပ်နေမိသည်။ တစ်ချိန်းတည်းမှာပဲ ဒီပြောင်းလဲမှုအရှိန်တွေ တန့်သွားမှာ၊ လမ်းချော်သွားမှာကို စိုးရိမ်နေမိသည်။
‘လူ’ကလာတဲ့ အပြောင်းအလဲ
ထိုသို့စိုးရိမ်ရသည့် အကြောင်းများစွာရှိသည်။ လက်ရှိတွေ့မြင်ခဲ့ရပြီးသော အပြောင်းအလဲအများစုသည် ခေါင်းဆောင်များ တစ်နည်း လူမှလာ သော အပြောင်းအလဲများ ဖြစ်နေသည်ကို တွေ့ရသည်။ အပေါ်ထပ်အဆောက်အဦပြောင်းသည်။ သို့သော်လည်း အောက်လူတော်တော်များများ (မဏ္ဍိုင် သုံးရပ်လုံးရှိ ခေါင်းဆောင်မဟုတ်သူများနှင့် ဗျူရိုရေစီယန္တရားရှိလူများ)မှာ သဘောထားမပြောင်းဘဲ ဆက်လက်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ယခုကြုံ တွေ့နေရသော အပြောင်းအလဲများမှာ အထက်ပိုင်းခေါင်းဆောင်များ၏ နိုင်ငံရေးစေတနာ (Political Will) မှလာသော အပြောင်းအလဲများသာဖြစ်ပြီး အင်စတီကျူးရှင်းများမှလာသော အပြောင်းအလဲမဟုတ်သေးပေ။
ယူတတ်လျှင်သင်ခန်းစာ
နိုင်ငံသမိုင်းကိုပြန်ကြည့်လျှင် သင်ခန်းစာရစရာတွေ အများကြီးရှိသည်။ ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင် ခဲ့ကြသော မင်းများကိုကြည့်ပါ။ သူတို့သည် လက်ဆင့်ကမ်းခြင်း၊ အင်စတီကျူးရှင်းများ ခိုင်မာမေအာင် လုပ်ခြင်းများ အမှန်ပင် အားနည်းခဲ့သူများဖြစ် သည်။ ထို့ကြောင့် သမိုင်းတစ်လျှောက်တွင် မြန်မာနိုင်ငံအခြေအနေသည် ဘုရင်သဘောကောင်းသည့်ခေတ်တွင် ကောင်းစားပြီးနောက် ဘုရင်တစ်ပါး တက်သည်နှင့် ရှေ့ဘုရင်တည်ဆောက်သမျှ ပျက်ကိန်းဆိုက်သော ထုံးဟောင်း၊ သာဓက အများမပြားပင်ရှိသည်။ ဖခင်လက်ထက်က ကောင်းလျှင် သား လက်ထက် ကမောက်ကမဖြစ်သည်။ ဘုရင်မရှိလျှင် တိုက်နေသောတိုက်ပွဲ တစတစစစ်ပွဲကိုပင် ဆက်မတိုက်နိုင်။ ရှေ့ဘုရင်နောက်ဘုရင် အမြင်မကြည် လျှင် ရှေ့ဘုရင်လုပ်သမျှ နောက်ဘုရင်က ဇောက်ထိုးလုပ်ပစ်သည်။ ပုန်ကန်နန်းလုသည့် အဖြစ်အပျက်မျိုးလည်း ဒုနဲ့ဒေး။ တစ်ပတ်သာစံခဲ့သော ဖောင်း ကားစားမောင်မောင်လိုမင်းမျိုးသည် အဆိုးဆုံးဥပမာတစ်ခုပင်။
နောက်တစ်ခေတ်မှာလည်း ထိုအတူ။ လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်တို့ အာဇာနည်ခေါင်းဆောင်ကြီးများကို ဆုံရှုံးလိုက်ရပြီးနောက် နိုင်ငံရေး အရ ကသောင်းကနင်းဖြစ် ပြည်တွင်းစစ်မီးတွေ လောင်ခဲ့သည်။ နောက် လူတွေကပြောပလောက်အောင် ဆက်မထိန်းနိုင်ခဲ့တာပါသည်။ ဒီမိုကရေစီလှုပ် ရှားမှုခေတ် ၉၀နောက်ပိုင်းကိုကြည့်လျှင်လည်း ထိုနည်းလည်းကောင်းပင်။ ခေါင်းဆောင်တွေကို ထိန်းသိမ်းခံရသည်နှင့် ဘာမှကို ရှေ့ဆက်မလုပ်နိုင် တော့။ နိုင်ငံရေးခါးဆက် ပြုတ်ရတော့သည်။
ထိုသို့ဖြစ်ရခြင်းမှာ လူတစ်ဦးအပေါ်မှာ အားကိုးပြီး ထိုခေါင်းဆောင်လမ်းညွှန်ရာသာ လိုက်ခဲ့ကြသည့် စနစ်ဆိုးကြောင့် ဖြစ်သည်။ လွတ်လပ်ရေး ရပြီးချိန်မှစပြီး အဆိုးသံသရာ ပြန်ပြန်လည်သွားခြင်းမှာလည်း ခေါင်းဆောင်ကောင်းများရှိနေသည့်အချိန်တွင် အင်စတီကျူးရှင်းများ ခိုင်မာအောင် မလုပ် နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
လွှတ်တော်တွင် အင်စတီကျူးရှင်းများ ခိုင်မာလာစေခြင်းတို့သည်သာ နိုင်ငံကို ဦးတည်နေသော ဒီမိုကရေစီလမ်းကြောင်းပေါ်မှ နောက်ပြန်မ လှည့်စေနိုင်မည်ဖြစ်သည်။
အားကိုးစရာသမ္မတ
ကျွန်တော်တို့ နိုင်ငံရေးယဉ်ကျေးမှု(Political Culture)က လူပုဂ္ဂိုလ်ကိုးကွယ်မှု အစွဲသန်သည်။ အင်စတီကျူးရှင်းတစ်ခုလုံးအပေါ် အယုံအကြည် နည်းသည်။ သမ္မတကိုယုံကြည်သည်။ တရားစီရင်ရေးအာဏာကိုမူ မယုံကည်ကြသေး။ ဒီတော့ တိုင်စာတွေပလူပျံကာ သမ္မတဆီရောက်လာသည်။ တရားစီရင်ရေးမဏ္ဍိုင်သည် လွတ်လပ်သောမဏ္ဍိုင်အဖြစ် တိတိပပ ပေါ်ထွက်လာခြင်းမရှိသလို ဖြစ်နေသည်။
လွှတ်တော်ကရော။ လွှတ်တော်မှာလည်း အားကော်းလှသည်တော့မဟုတ်။ အထူးသဖြင့် တိုင်းဒေသကြီးတစ်ခုအတွင်း ပြဿနာတစ်စုံတစ်ရာ ကြုံပါက ပြည်သူများက ထိုတိုင်းဒေသကြီး၏ တရားစီရင်ရေးကိုလည်း အားမကိုး ထိုတိုင်းဒေသကြီးလွှတ်တော်ကိုလည်း အားမကိုး သမ္မတကိုသာ အားကိုးကြသည်။
အားကိုးစရာအတိုက်အခံ
NLD ကို အစဉ်အလာသဘောအရ တိုက်အခံပါတီဟု ခေါ်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံခေါင်းဆောင်ဖြစ်သည်။ သူမသည် တစ်ကမ္ဘာလုံးမှ စောင့်ကြည့်ရသည့် ခေါင်းဆောင်၊ နိုဗယ်ဆုရှင်ဖြစ်သည်။ ပြည်သူလူထုသည် အစိုးရအဖွဲ့အပေါ် ယုံကြည်မှု တဖြည်းဖြည်း အားကောင်းလာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပို၍ယုံကြည်သည်။ Emotion ကဲသော ကျွန်တော်တို့ နိုင်ငံရေးအစဉ်အလာ မျိုးရိုးဂုဏ်ဝါ ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို အဖေတူသမီးအဖြစ် သဘောထားကာ အားကိုးကြသည်။ သို့တိုင် သူမ၏ ပါတီNLDမှာ မီဒီယာများနှင့် အဆင်မပြေမှု အချို့ဖြစ်ခဲ့သလို ထိုင်းနိုင်ငံရေးခရီးစဉ်တွင် အစီအစဉ်ပိုင်းအားနည်းသည်ဟု မီဒီယာတစ်ခုက ဝေဖန်ထားသည်။ လူထုသည်လည်း ပါတီတစ်ခုလုံးကို လေးစားမှုထက် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ယုံကြည်မှု ပိုမိုကဲနေသည်ဟု ထင်ရသည်။
‘လူ’မှ ‘မူ’သို့
နိုင်ငံရေးအပြောင်းအလဲများတွင် ခေါင်းဆောင်ကောင်းများ အရေးကြီးပါသည်။ သို့သော်လည်း နောက်လိုက်ကောင်းများ မပါလို့မဖြစ်။ နိုင်ငံ တည်ဆောက်ရာတွင် ထိပ်ပိုင်းလူ တစ်ယောက် နှစ်ယောက်နှင့် တည်ဆောက်ရ၍မရ။ သမ္မတကို ထောက်ခံသူသည် သမ္မတဖောက်သောလမ်းကို ကိုယ်ကိုယ်တိုင် ဝင်ရောက်လျှောက်လှမ်းရသည်။ လိုအပ်လျှင် ဝင်ဖောက်ရမည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သောပြည်သူသည် ဒေါ်အောင်ဆန်း စုကြည်ချစ်သော ဒီမိုကရေစီကို ကိုယ်ကိုယ်တိုင် ကျင့်သုံးရမည်။ ထိုခေါင်းဆောင်များ နောက်လိုက်ကာ၊ ခိုင်မာသော ‘မူ’ များ ချမှတ်နိုင်ရေးကို ဦးတည် ကာ သွားရပါမည်။ လွှတ်တော်တွင်းသာမက၊ လွှတ်တော်ပြင်ပတွင်ပါ အင်စတီကျူးရှင်းများ အားကောင်းလာရန် လိုအပ်ပါသည်။
ဘယ်သူ့မှာတာဝန်ရှိ
လွှတ်တော်ပြင်ပ အင်စတီးကျူးရှင်းများ အားကောင်းလာရန်အတွက် လူထုတွင် တာဝန်ရှိပါသည်။ ဘေးထွက်ထိုင်နေရမည့် အချိန်မဟုတ် တော့၊ ကိုယ်ကိုယ်တိုင် ဝင်တွန်းရမည့်အချိန် ဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ဝင်ပါရမည်။ ဒီမိုကရေစီကို ပုံဖော်လိုလျှင် လက်ဝေခံဒီမိုကရေစီနှင့် မကျေနပ်ဘဲ မိမိကိုယ်တိုင် ဝင်ရောက်ပုံဖော်ရမည်။ နိုင်ငံတော်တည်ဆောက်ရေးတွင် ယခင်က ပါဝင်ခွင့်နည်းခဲ့သည် မှန်သော် လည်း ယခုလို အခွင့်အရေးရလာသောအခါ နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ကျေကျေပွန်ပွန်ယူသင့်သည်။ အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ ပြောခဲ့သလို တိုင်းပြည်က သင့်ကိုဘာလုပ်ပေးနိုင်သလဲ၊ ဆိုတာထက် တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်မည်လဲဆိုတာကို မေးရမည့်အချိန် ပြောရ မည့်အချိန် ဖြစ်ပါသည်။
ယခုတော့ ဒီလိုမဟုတ်ပါ။ ဌာနဆိုင်ရာ ဝန်ထမ်းတွေရော၊ သာမာန်ပြည်သူတွေပါ အရင်လိုပဲ ဖြစ်နေကြသည်။ အရင်လိုပဲဆိုသည့် အဓိပ္ပာယ်က အရင်လို စည်းကမ်းမဲ့စွာ၊ အရင်လိုတာဝန်မဲ့စွာ၊ အရင်လို Inactive ဖြစ်စွာဟု ဆိုလိုပါသည်။ Civil Society အားကောင်းလာသလို ရှိသော်လည်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွေမှာသာ ကွက်ကွက်ကလေးအားကောင်းနေတာ ဖြစ်သည်။ ထိုမြို့ကြီးတွေမှာ ဆောင်ရွက်နေသည့် လူတွေကလည်း အမြင်ရှိသော လူငယ်လက်တစ်ဆုပ်စာသာ ဖြစ်သည်။
ခေါင်းဆောင်က ထာဝရမဟုတ်
ကျွန်တော်တို့နိုင်ငံရောက်ချင်သော စင်ကာပူလို၊ ကိုရီးယားလို နိုင်ငံမျိုးဖြစ်ဖို့ နှစ်တွေမည်မျှလိုမည်လဲ စဉ်းစားကြည့်ဖို့လိုပါသည်။ ကျွန်တော်တို့ အားကိုးသော ခေါင်းဆောင်များကို တစ်သက်လုံး အားကိုးလို့မရ၊ သူတို့ကိုယ်တိုင်ရော အဘိုးကြီးအဘွားကြီးတွေ ဖြစ်နေပြီ။ သမ္မတကြီးရော ဒေါ်အောင် ဆန်းစုကြည်ပါ အသက် ၆၈ထဲ ဝင်နေပြီဖြစ်ပြီး လာမည့် ၂၀၁၅ဆရွေးကောက်ပွဲ ကျင်းပမည့်အချိန်တွင် အသက် ၇၀တွေ ဖြစ်နေကြရော့မည်။ သူတို့ကို အသက်အရွယ်ဘယ်လောက်အထိ အလုပ်လုပ်ခိုင်းကြမှာလဲ။ သူတို့ကို ဘယ်အချိန်အထိ မှီခိုနေဦးမှာလဲ။
ကျွန်တော်တို့ ခေါင်းဆောင်တွေ မရှိတော့သောအခါ ဘယ်လိုရှေ့ဆက်စခန်းသွားကြမည်လဲ၊ ဘယ်လို Backup plan တွေ ကြိုတင်ပြင်ဆင် ထားကြပြီးပြီလဲ။ တကယ်တော့ ခေါင်းဆောင်များအပေါ်သာ အားကိုးနေလျှင် ကျွန်တော်တို့မျှော်မှန်းသော ပန်းတိုင်ကို ရောက်နိုင်မည်မဟုတ်။ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လူထုက အားလုံးညီညာကြိုးစားမှသာလျှင် လိုချင်သောပန်းတိုင်ကို ရှောရှောရှူရှူ ရောက်မည်ဖြစ်ပါသည်။ အချုပ်ဆိုရလျှင် အပြောင်း အလဲအတွက် လူထုလိုပါသည်။
*****************************************
Google Drive: create, share, and keep all your stuff in one place.