Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တည်ငြိမ်ပြီးတော့ ဖွံ့ဖြိုးစေ

*****************************************

ဆောင်းပါးကဏ္ဍ

တည်ငြိမ်ပြီးတော့ ဖွံ့ဖြိုးစေ

မိုးမြင့်ငြိမ်း

ပြုပြင်ပြောင်းလဲစရာ များစွာရှိနေသည့် မြန်မာနိုင်ငံ၏ အခြေအနေကို ပထမဦးဆုံး တာဝန်ယူလိုက်သည့် ဦးသိန်းစိန်အစိုးရ၏ စိန်ခေါ်ချက်များမှာ ဝန်နှင့်အား မမျှလောက်အောင် ကြီးမားသည်ဟု စာရေးသူ ထင်မြင်မိပါသည်။  သို့သော် ပြုပြင်ပြောင်းလဲမှုများကို ကိုယ့်အရပ် ကိုယ့်ဇတ်ဖြင့် ဆောင်ရွက် ရင်းနှင့်ပင် ယခုလို နိုင်ငံတကာ၏ တရားဝင်မှုကို ရရှိလာခဲ့ခြင်းဖြစ်သည်။ အစိုးရ၏ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မူဝါဒများကို ကြည့် ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရမှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို တစ်ပြိုင်တည်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း တွေ့ရသည်။

ပြည်သူအများ၏ မျှော်လင့်ချက်

မြန်မာနိုင်ငံတွင် ပြည်သူအများစု မျှော်လင့်တောင့်တနေသည့်အရာမှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ပင် ဖြစ်သည်။ ပြည်သူအများမှာ စား၊ ဝတ်၊ နေရေးအတွက် လုံခြုံမှုမရှိသလိုခံစားရမှုမျိုးမှ အမှန်ပင် လွတ်ကင်းချင်ကြပါသည်။ ပြည်သူများ၏ ထိုမျှော်လင့်ချက်အား မည်သို့ ဖြည့်ဆည်းပေးမည် ဆိုသည်မှာ အစိုးရနှင့် လွှတ်တော်အတွင်းလွှတ်တော်အမတ်များ၏ အရည်အချင်းနှင့် စေတနာပေါ်တွင် များစွာ မူတည်ပါသည်။ ကံအားလျှော်စွာပင် မြန်မာ နိုင်ငံသည် စီးပွားရေးအခွင့်အလမ်း ကြီးကြီးမားမားရှိနေသည့် နိုင်ငံဖြစ်နေသည်။ ထိုအခွင့်အလမ်းကို လက်မလွတ်တမ်း အသုံးချနိုင်ဖို့ အုပ်ချုပ်ရေးမဏ္ဍိုင် နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့သည်လည်း ကြိုးစားဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။

နိုင်ငံရေးအရ စွန့်စားရမှုကို မလိုချင်

သို့သော် နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေမြဲဖြစ်သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလို ကိစ္စရပ်မျိုး တွင်တော့ FDI ဥပဒေတစ်ခုတည်းဖြင့် နိုင်ငံတကာကုမ္ပဏီများ တဖွဲဖွဲရောက်လာမည်တော့မဟုတ်။ သို့ဆိုလျှင် အခြားဖက်တာများ၊ အကြောင်းအချက် များကိုလည်း ထည့်သွင်းစဉ်းစားရမည့်သဘော ဖြစ်သည်။ ပထမဦးဆုံး အရေးတကြီးထည့်စဉ်းစားရမည့်အချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုတို့ဖြစ်သည်။ မည်သည့် နိုင်ငံတကာကုမ္ပဏီမျိုးမဆို ပြည်တွင်းငြိမ်းချမ်းရေးမရှိသည့် နိုင်ငံမျိုးတွင်မှ မရင်းနှီးချင်ကြ။ ထို့အပြင် နိုင်ငံရေး တည်ငြိမ်မှုမရှိပြန်လျှင်လည်း စီးပွားရေးအပေါ် ကြီးမားသည့် ရိုက်ခတ်မှုရှိနိုင်သည့်အတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသာမက ပြည်တွင်းစီးပွား ရေးလုပ်ငန်းများကလည်း ယင်းနိုင်ငံရေးအရ စွန့်စားရမှုကို ဖြစ်စေချင်မည်မဟုတ်ပါ။

ကောင်းမွန်ပြီး သန့်ရှင်းသည့်အစိုးရ

ထို့အပြင် အစိုးရ၏ ပေါ်လစီ တည်ငြိမ်မှုမရှိခြင်းနှင့် ဗျူရိုကရေစီယန္တရား၏ စွမ်းဆောင်ရည်နိမ့်ပါးမှုကြောင့် စီးပွားရေးတုံ့နှေးမှုများ ဖြစ်ပေါ်လာစေ နိုင်ပါသည်။ နိုင်ငံတကာ ကော်ပိုရေးရှင်းများအတွက် ခန့်မှန်းရလွယ်ကူသည့် စီးပွားရေးပတ်ဝန်းကျင်မျိုးရှိမှလည်း လာရောက်ရင်းနှီးချင်ကြမည် ဖြစ်သည်။ မူဝါဒများအကြိမ်ကြိမ် ပြောင်းလဲနေခြင်းမှာ စီးပွားရေးစီမံခန့်ခွဲမှုအမှား ပြုလုပ်နေခြင်းသာ ဖြစ်သည်။ နောက်တစ်ချက်မှာ ဗျူရိုကရေစီယန္တရား၏ စွမ်း ဆောင်ရည်နိမ့်ပါလျှင်လည်း မလိုလားအပ်သည့် ကုန်ကျစရိတ်များ (transaction cost)  တက်လာသည့်အတွက်ကြာင့် စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင် နိုင်မှုစွမ်းရည် နိမ့်ကျနေမည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေးမှာလည်း အကျင့်ပျက်လာဘ်စားမှု၏ ရေခံမြေခံလို ဖြစ်နေသည်။ စီးပွားရေးလုပ်ငန်းရှင်များကလည်း ဗျူရိုကရက်တစ်ဦးကို လာဘ်ပေးလိုက်ရမှ လုပ်၍ရနိုင်မည်ဟူသော စိတ်အခံမှာ ယဉ်ကျေး မှုတစ်ခုလို ဖြစ်နေပြီဖြစ်သည်။ အကျင့်ပျက်လာဘ်စားမှု မြင့်မားနေသည့် ဗျူရိုကရေစီနှင့်တော့ သန့်ရှင်းသည့်အစိုးရကို အဘယ်မှာ တည်ဆောက်၍ရနိုင် မည်နည်း။ သမ္မတကြီးအနေဖြင့်တော့ စွမ်းဆောင်ရည်ရှိသည်ဟု ယူဆရသည့်သူများဖြင့် အစိုးရကို ပြန်လည်ဖွဲ့စည်းလိုက်သည်ကို ကြည့်ခြင်းအားဖြင့် ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်ဆီသို့ အရေးကြီးသည့် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီဟု ကောက်ချက်ချ၍ ရနိုင်ပါသည်။

မတည်ငြိမ်သောဒေသများတွင် စီးပွားရေးလုပ်ငန်းများ၏အခန်းကဏ္ဍ

ဦးသိန်းစိန်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်နေရုံမျှမက တဖက်၌လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေ ပြီလည်းဖြစ်ရာ ယင်းနှစ်ခုကို ဟန်ချက်ညီညီဆောင်ရွက်သွားဖို့ အထူးပင်အရေးကြီးပါသည်။ မငြိမ်းချမ်းသည့်ဒေသများ၏ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာဖို့ အစိုးရမှ ထိုဒေသများတွင် မက်လုံးကောင်းကောင်းရှိသည့် စီးပွားရေးအခွင့်အလမ်းများကို စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်အောင် ဖွင့်ပေး ဖို့ လိုပါသည်။ သို့မှသာ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး လူမှုဘဝ၏ အခြေခံလိုအပ်ချက်များကို ရရှိလာနိုင်မည် ဖြစ်သည်။ ထိုဒေသများ တွင် လုပ်ကိုင်နေသည့် တည်ဆဲစီးပွားရေးလုပ်ငန်းများရော၊ အသစ်ဝင်ရောက်လာနိုင်သည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများပါ တည်ငြိမ်သည့် ဒေသများ တွင် ကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းများဖြင့် လုပ်ဆောင်၍တော့ မရပါ။ မငြိမ်းချမ်းသည့်ဒေသများ၏ ငြိမ်းချမ်းရေးအတွက် ရည်စူး၍ ပြောင်းလဲလုပ်ကိုင်မှ သာလျှင် အမြတ်လည်းရ ကုသိုလ်ရသည့် သားရွှေအိုးထမ်းသည့်အခြေအနေမျိုး ဖြစ်မည်။ တနည်းဆိုရလျှင် corporate social responsibility ကို ဆောင်ရွက်ရာ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အထောက်အကူပြုရမည်ဟူ၍ ဖြစ်သည်။ သို့နှင့် မငြိမ်းချမ်းသောဒေသများတွင် လုပ်ကိုင်နေသည့် စီးပွား ရေးလုပ်ငန်းများမှ စီးပွားရေးအသင်းအဖွဲ့များဖွဲ့၍ ဒေသငြိမ်းချမ်းရေးတည်ဆောက်ရေးဖြစ်စဉ်တွင် အစိုးရနှင့်ဖြစ်စေ၊ အခြား NGO များနှင့် ပူးပေါင်း၍ ဖြစ်စေ၊ ထိုဒေသများတွင် နေထိုင်သည့် ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများကိုသာမက ငြိမ်းချမ်းရေးဖြစ်စဉ်ထဲသို့ တက်တက်ကြွကြွပါဝင်နိုင် အောင် ဆောင်ရွက်ခြင်းဖြင့် တစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်သည့် ဒေသများဖြစ်အောင် ဆောင်ရွက်သွားစေချင်ပါကြောင်း…..။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment