Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၀.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. မုံရွာမြို့နယ် အမှတ် (၁)ရဲစခန်းတွင် တောင်သူအမျိုးသမီးအချို့ ဖမ်းဆီးခြင်းခံရ
  1. ၃၈လမ်း(အလယ်)၌ မီးလောင်ကျွမ်းမှုဖြစ်ပွားကာ အမျိုးသားတစ်ဦးသေဆုံး
  2. ဆန်စပါးနှင့် လယ်ယာထွက်သီးနှံ ပြည်ပတင်ပို့မှု ကုန်သွယ်လုပ်ငန်းစည်းကြပ်ခွန် ၈ ရာခိုင်နှုန်းကင်းလွတ်ခွင့်ပြု

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. မြန်မာ-ကနေဒါ သံတမန်ဆက်ဆံရေး ပြန်လည်စတင်
  2. ရှမ်းပါတီများ ပူးပေါင်းနိုင်ရန် စတင်စီစဉ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မုံရွာမြို့နယ် အမှတ် (၁)ရဲစခန်းတွင် တောင်သူအမျိုးသမီးအချို့ ဖမ်းဆီးခြင်းခံရ

စက်တင်ဘာလ ၁၀ရက်နေ့၌ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကျေးရွာ၌ ကြေးနီစီမံကိန်းအတွက် လယ်ယာမြေများ မတရားအသိမ်း ခံရခြင်းကြောင့် မုံရွာမြို့နယ်ရှိ ဆုတောင်းပြည့်ဘုရားတွင် လာရောက်ဝတ်ပြုဆုတောင်းသူ တောင်သူလယ်သမားများထဲမှ ၁၂ဦးအား မုံရွာမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ယင်းလှုပ်ရှားမှု ၌ ပါဝင်သူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ကျွန်မတို့က ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဖက်စပ်လုပ်မည့် ကြေးနီစီမံကိန်းအတွက် မတရားလယ်တွေအသိမ်းခံရလို့ မုံရွာက ဆုတောင်းပြည့်ဘုရားမှာ လာပြီး ဆုတောင်းတာပါ။ အဲဒါကို မုံရွာက သက်ဆိုင်ရာတွေက ကျွန်မတို့ ဘုရားရင်ပြင်မှာ ဆုတောင်းနေတဲ့အချိန် ဘုရားအတက်အဆင်းအပေါက်တွေ ပိတ်တာတွေလုပ်ပြီး နန်ချွန်ကူးတို့ဆိပ်ကမ်းကနေအပြန် ဝက်မှေးတောင်သူ ၁၂ယောက်ကို ဖမ်းဆီးထားပါတယ်"ဟု ၎င်းက ဆိုသည်။

ယင်းသို့ မုံရွာမြို့နယ်ရှိ ဆုတောင်းပြည့်ဘုရား၌ လယ်မြေများ မတရားအသိမ်းခံရခြင်းကြောင့် လာရောက်ဆုတောင်းသည့် တောင်သူလယ်သမား များအား ဖမ်းဆီးထားရခြင်းနှင့် စပ်လျဉ်း၍ နေ့လည် ၁နာရီမှစတင်၍ မုံရွာမြို့ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် လက်ပံတောင်း တောင်ခြေရှိ တောင်သူလယ်သမားများမှ အဆိုပါရဲစခန်းရှေ့၌ ဖမ်းဆီးခံထားရသည့် ဝတ်မှေးတောင်သူ လယ်သမားအမျိုးသမီး ၁၂ဦးအား ပြန်လည်လွှတ် ပေးရန် ဆန္ဒပြတောင်းဆိုမှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"ဒီဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အထဲမှာ ဒီဆုတောင်းပွဲကို ဦးဆောင်လုပ်တဲ့ မသဲ့သဲ့ဝင်းနဲ့ မအေးနက်တို့လည်းပါတယ်။ ဒီလိုမျိုး ဖမ်းဆီးမှုတွေ လုပ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ နေ့လည် ၁နာရီကနေ စပြီးဆန္ဒပြတာပါ။ သက်ဆိုင်ရာဘက်ကတော့ ဝက်မှေးတောင်သူ ၁၀ယောက်လွှတ်ပေးမယ်။ မသဲ့သဲ့ဝင်းနဲ့ မအေးနက်ကိုတော့ အရေးယူမယ်လို့ပြောတယ်။ အခု ညနေ ၄နာရီကျော်သွားပြီ ဆန္ဒပြတဲ့လူတွေကို လူစုခွဲဖို့ဆိုပြီး မီးသတ်ကားတွေရှိတယ်။ ပြီးတော့ သက်ဆိုင်ရာကလည်း အသံချဲ့စက်တွေနဲ့ အော်နေတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့နောက် ယင်းသို့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တောင်သူလယ်သမားများထဲမှ ဝက်မှေးတောင်သူ ၁၀ဦးပါဝင်ပြီး ၎င်းတို့အား ပြန်လွှတ်ပေး မည်ဖြစ်ကာ ယခုဆုတောင်းပွဲအား ဦးဆောင်မှုပြုလုပ်သည့် မသဲ့သဲ့ဝင်းနှင့် မအေးနက်တို့အား တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုကဲ့သို့ မုံရွာမြို့နယ် အမှတ် (၁)ရဲစခန်းရှေ့၌ ဆန္ဒပြနေသူများအား လူစုခွဲရန် သက်ဆိုင်ရာမှ အသံချဲ့စက်နှင့်အော်၍ လူစုခွဲခိုင်းထား ကြောင်း သိရှိရပြီး မီးသတ်ကားများလည်း ရောက်ရှိလျက်ရှိရာ လုံခြုံရေးအင်အားများကိုလည်း တိုးမြှင့်ချထားကြောင်း သိရှိရသည်။

ATM

-------------------------------------------------------------------------------------------------------------

၃၈လမ်း(အလယ်)၌ မီးလောင်ကျွမ်းမှုဖြစ်ပွားကာ အမျိုးသားတစ်ဦးသေဆုံး

သြဂုတ်လ ၁၀ရက်နေ့ နေ့လည် ၂နာရီကျော်ခန့်၌ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ၃၈လမ်း (အလယ်ဘလောက်)ရှိ တိုက်ခန်းတစ်ခန်းတွင် ဝါယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားကာ အသက် ၇၀ခန့်ရှိသည့် အမျိုးသားတစ်ဦး သေဆုံးကြောင်း သိရှိရသည်။

"မီးတောက်တွေက တဖြည်းဖြည်းနဲ့ တော်တော်ကြီးလာတာ။ မီးသတ်ကားတွေလည်း တဝေါဝေါနဲ့ ရောက်လာတယ်။ အဲဒီတိုက်ခန်းမှာနေတဲ့ လေဖြတ်ရောဂါသည် အဘိုးကြီးတစ်ယောက်တော့ မီးထဲပါသွားတယ်။ ဝါယာရှော့ခ်ဖြစ်တယ်ပြောတာပဲ။ သက်ဆိုင်ရာက ဆက်စုံစမ်းနေတယ်"ဟု ယင်းမီး လောင်ကျွမ်းမှုဖြစ်ပွားသည့်နေရာအနီး၌ နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် တိုက်ခန်းသည် အမှတ် (၁၇၁) ၈လွှာ (B) လူနေတိုက်ခန်းတစ်ခန်း၌ ဖြစ်ပွားခဲ့ပြီး ယင်းသို့ မီးလောင်ကျွမ်း မှု၌ သေဆုံးသွားခဲ့သူသည် အသက် ၇၀ရွယ်ခန့်ရှိသည့် သက်ကြီးအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် လေဖြတ်ရောဂါသည်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ယင်းမီးလောင်ကျွမ်းမှုသည် ၂နာရီ ၁၅မိနစ်မှစတင်၍ လောင်ကျွမ်းခြင်းဖြစ်ပြီး နာရီဝက်ခန့်ကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရ သည်။

ATM

-------------------------------------------------------------------------------------------------------------

ဆန်စပါးနှင့် လယ်ယာထွက်သီးနှံ ပြည်ပတင်ပို့မှု ကုန်သွယ်လုပ်ငန်းစည်းကြပ်ခွန် ၈ ရာခိုင်နှုန်းကင်းလွတ်ခွင့်ပြု

ပြည်တွင်းဆန်စပါး ပြည်ပတင်ပို့မှု မြင့်တက်လာနိုင်စေရန် ဆန်စပါးနှင့် လယ်ယာထွက်သီးနှံ ပြည်ပတင်ပို့မှုများအား စက်တင်ဘာလ ပထမပတ်မှ စတင်၍ ကုန်သွယ်လုပ်ငန်းစည်းကြပ်ခွန် ၈ ရာခိုင်နှုန်းကင်းလွတ်ခွင့်ပြုခဲ့သည့်အပြင် ဆန်လက်ဝယ်ထားရှိမှုများကိုလည်း အစစ်ဆေးခံရန် မလိုအပ်တော့ ကြောင်း သိရသည်။

“ပြီးခဲ့တဲ့လက ဆန်တင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းအစည်းအဝေးမှာလည်း ဝန်ကြီးပြောသွားတယ်။ ဆန်ပြည်ပတင်ပို့တာမှာ ကုန်သွယ်လုပ်ငန်းခွန်ကို ၈ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုလိုက်တဲ့အပြင်ကို ဆန်လက်ရှိတွေကိုလည်း အစစ်ဆေးခံဖို့မလိုတော့ဘူးဆိုပြီး ပြောသွားပါတယ်။ ပြီးတော့ ဆန်ပြည်ပကို တင်ပို့ခွင့်ရဖို့အတွက် ပြည်ပတင်ပို့ခွင့်လိုင်စင်ကိုလည်း လွတ်လပ်စွာ လျှောက်ထားနိုင်ပြီလို့လည်း ပြောသွားပါတယ်။ ဒီအတွက် အရမ်းကိုကြိုဆိုပါတယ်။ တောင်သူတွေလည်း အဆင်ပြေ ဆန်လုပ်ငန်းရှင်တွေလည်း အဆင်ပြေလာနိုင်မှာပါ”ပာု မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ တောင်သူများအဆင်ပြေလာနိုင်စေရန် ဆန်စပါးအများပိုင်ကုမ္ပဏီများစုပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ၁၅ နေရာ ၌ ခေတ်မီဆန်စက်များ တည်ထောင်သွားမည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဈေးကွက်ဝင်စပါးမျိုးများထဲမှ မျိုးသန့် စပါးများ တည်ဆောက်စိုက်ပျိုးထုတ်လုပ်နိုင်ရန် တောင်သူများလက်သို့ မျိုးစေ့ကောင်းများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်းဆန်ဈေးနှုန်း ကြီးမြင့်နေသည့်အတွက် စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ဒုတိယအကြိမ် အရန်ဆန်တန်ချိန် (၅၀၀၀)ကို ပြည်သူများလက်သို့ အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကုန်စည်ဒိုင်များသို့ တိုက်ရိုက်ရောင်းချပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံ တော်၌ အရန်ဆန်တန်ချိန်(၂၀၀၀၀)ကျော်ကျန်ရှိနေသေးပြီး လိုအပ်ပါက ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပိုင်းတွင် ရာသီဥတုဖောက်ပြန်၍ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် လယ်ယာမြေများတွင် ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်၍ တောင်သူများ နစ်နာဆုံးရှုံးမှု အများဆုံးခံစားခဲ့ရပြီး မြန်မာတစ်နိုင်ငံလုံးတွင် လယ်ယာမြေဧက ငါးသိန်းနီးပါး ရေနစ်မြှုပ်ပျက်စီးဆုံးရှုံးခဲ့သည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

မြန်မာ-ကနေဒါ သံတမန်ဆက်ဆံရေး ပြန်လည်စတင်

နှစ်ပေါင်းများစွာ သံတမန်ဆက်ဆံရေး အဆက်အသွယ်ပြတ်ခဲ့သည့် မြန်မာ-ကနေဒါ သံတမန်ဆက်ဆံရေးကို ပြန်လည် စတင်တော့မည်ဖြစ် ကြောင်း သိရသည်။

“နှစ်ပေါင်းများစွာ မြန်မာနိုင်ငံကို ဥရောပကဆန်ရှင် လုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံနဲ့ ကနေဒါနိုင်ငံရဲ့ သံတမန်ဆက်ဆံရေး အဆက်အသွယ် ပြတ်ခဲ့ပါတယ်။ ခုပြန်ပြီး စတင်တော့မှာပါ။ ပြီးတော့ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်နိုင်ဖို့အတွက်လည်း ကြိုးစားဆောင်ရွက်သွားမှာပါ”ပာု နိုင်ငံတော်သမ္မတ ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးအား  ကနေဒါနိုင်ငံ၊ အော့တဝါမြို့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကနေဒါနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၌ သံရုံးဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကနေဒါနိုင်ငံသားများကိုလည်း ဆိုက်ရောက်ဗီဇာပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့တွင်လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့ အား နေပြည်တော်ရှိ သမ္မတအိမ်တော်၏ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရန်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး Mr.Edward Fast ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံခဲ့ ပြီး မြန်မာ-ကနေဒါနှစ်နိုင်ငံအကြား စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာနှင့် ထုတ်လုပ်တင်ပို့မှု၊ အရည်အသွေးထိန်းသိမ်းမှု အပိုင်းများအား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနှင့် ကနေဒါနှစ်နိုင်ငံ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

YC

-------------------------------------------------------------------------------------------------------------

ရှမ်းပါတီများ ပူးပေါင်းနိုင်ရန် စတင်စီစဉ်

ရန်ကုန်။ စက်တင်ဘာ ၁၀။

လွှတ်တော်အတွင်း တိုင်းရင်းသားအင်အားကြီးပါတီတစ်ခုဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)က ရွေးကောက်ပွဲလွန် ကာလနောက်ပိုင်း ဖွဲ့စည်းခဲ့သော ကျားခေါင်း SNLD၊ ကျားနီ စသောပါတီများနှင့်လည်း ပူးပေါင်းနိုင်ရန် ပြည်လုံးကျွတ်ညီလာခံတစ်ခုကို လာမည့် ဆောင်းတွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ကျားဖြူပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ဆိုသည်။

"ပြည်သူတွေရဲ့အဆုံးအဖြတ် ခံယူမှာပါ။ ရှမ်းပါတီတွေကွဲနေတာ မဖြစ်သင့်ပါဘူး"ဟု ၎င်းက ပြောကြားသည်။

SNLD ဥက္ကဌ ဦးခွန်ထွန်းဦးကမူ ၎င်းတို့ပါတီအနေနှင့် သဘောထားမှာ ၂၀၀၈ ဖွဲစည်းပုံကို လက်ခံခြင်းမဟုတ်သဖြင့် ပူးပေါင်းလိုသူများအနေနှင့် ယင်းအချက်ကိုလက်ခံမှသာ ပေါင်းစည်းမည်ဖြစ်ကြောင်း ရှင်းပြသည်။

"ကျွန်တော်တို့က နိုင်ငံရေးလုပ်တာ၊ သူတို့က စီးပွားရေးလုပ်တာ၊ အဲဒီထဲက မူကွဲနေပြီ"ဟု စွတ်စွဲပြောဆိုသည်။

မွန်ပြည်နယ်အတွင်း နှစ်ခုတည်းသာရှိသော တိုင်းရင်းသားပါတီများကလည်း ပြီးခဲ့သော လအနည်းငယ်က ပူးပေါင်းဖွဲ့စည်းခဲ့ကာ ၂၀၁၅ ရွေး ကောက်ပွဲတွင် တစ်ပါတီတည်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

sweet

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်မတို့အခု ဆွေးနွေးနေကြတာတွေက တပ်ရွှေ့ပြောင်းဖို့ဆွေးနွေးတာက မလိုလားလို့မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါမှာ ပြည်သူလူ ထုရဲ့ အခန်းကဏ္ဍကို ထည့်ပြီးစဉ်းစားတော့ တပ်ရွှေ့ပြောင်းရေးကိစ္စဟာ ပြည်သူလူထုဘဝလုံခြုံမှုကို အာမခံနိုင်ဖို့ ပြည်သူ့အကျိုးကို ရှေ့ရှုပြီး အစိုးရနဲ့ ညှိနှိုင်းတင်ပြတာဖြစ်ပါတယ်။ အခုလို တပ်ရွှေ့ဖို့တောင်းဆိုတာက နှစ်ဖက်အကြား ယုံကြည်မှုကို တည်ဆောက်ဖို့ လုပ်ဆောင်တာဖြစ်တယ်။ ကျွန်မတို့ ရှေ့ဆက်ပြီး အနှစ်သာရရှိရှိ သွားနိုင်ဖို့ဖြစ်တယ်”

စက်တင်ဘာ ၁၁ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၃၅) တွင်ပါရှိသည့် “အစိုးရနှင့် KNU နှစ်ဖက်လိုက်နာရမည့် အပစ်ခတ်ရပ်စဲ ရေးသဘောတူညီချက် ကျင့်ဝတ်စည်းကမ်း(မူကြမ်း) လက်မှတ်ရေးထိုးနိုင်ပြီ” သတင်းမှ KNUမှ ပြော ရေးဆိုခွင့်ရှိသူ နော်မေဦး၏ ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ဒုတိယဝန်ကြီးတွေ များနေတယ်ဆိုတဲ့ ပြည်ပက ဝေဖန်မှုတွေအပေါ် ပြောရမယ်ဆိုရင် အစိုးရရဲ့စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ အဓိကက ဒုတိယ ဝန်ကြီးပါ။ ပြည်ထောင်စုဝန်ကြီးတွေက မူဝါဒချမှတ်တဲ့အပိုင်း နိုင်ငံရေးလို့ ဆိုလို့ရတယ်။ ဒုဝန်ကြီးဆိုတာကတော့ မောင်းနှင်အား၊ အမှန်တကယ် ဆောင် ရွက်သူ၊ နည်းပညာရှင်၊ ဗျူရိုကရက်တစ် နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေလို့ ဆိုရမှာပေါ့၊ မောင်းနှင်အားကောင်းအောင်လို့ ဒုတိယဝန်ကြီး များများ ထားတာကို ကြိုဆိုပါတယ်။ တကယ်များလား၊ မများဘူးလားဆိုတာတော့ သေသေချာချာ ဆန်းစစ်ဖို့ လိုသေးတယ်။ ပညာရှင်အဆင့်ဖြစ်ပြီး အဓိက မောင်းနှင်အားဖြစ်သည့် ဒုတိယဝန်ကြီးများကို လျှော့ချလိုပါက တိုင်းဒေသကြီးပြည်နယ်အလိုက် ဝန်ကြီးများအား တာဝန်ပေး၊ လစာပေးပြီး လုပ်ပိုင်ခွင့် ပေးသင့်ကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင်လည်း ကျွမ်းကျင်ပညာရှင်များ ပိုမိုခန့်ထားသင့်သည်”

စက်တင်ဘာ ၁ဝ ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၃၅) တွင်ပါရှိသည့် “ဒုတိယဝန်ကြီးအရေအတွက် များပြားနေခြင်းမှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွင် လုပ်ပိုင်ခွင့်နည်းခြင်းကြောင့်ဟုဆို” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“နယ်စပ်ကလူတွေမပြောနဲ့ ကျွန်တော်တို့လို မြို့ပေါ်နေတဲ့သူတွေကိုပဲ ၁၂၂(၁)တို့၊ ၁၇(၁)တို့၊ ဖောက်ခွဲတာတို့တောင် တပ်ခံခဲ့ရသေးတာပဲ။ တောထဲလဲ မရောက်ဖူးဘူး၊ နယ်စပ်လည်းမရောက်ဖူးဘဲနဲ့ ဒီလိုပုဒ်မတွေတပ်ပြီး အဖမ်းခံခဲ့ရတာလေ။ တပ်ချင်တဲ့ပုဒ်မကိုတပ်ပြီး စစ်ထောက်လှမ်းရေးခေတ်က အဖမ်း ခံခဲ့ရတာ။ ပထမဆုံးအကြိမ်အဖမ်းခံရတုန်းက တပ်တဲ့ပုဒ်မက ၁၇(၁)တဲ့။ ဘာဖြစ်လို့တပ်တာလဲဆိုတော့ သူပုန်တွေနဲ့ဆက်သွယ်လို့တဲ့။ တယ်လီဖုန်းဆိုတာ ဘယ်ကဆက်ဆက် ဆက်လို့ရတာပဲ။ တယ်လီဖုန်းဆက်တယ်ဆိုတာ စစ်ကြောရေးမှာ ဆက်လို့ပေါ်သွားရင် ၁၇(၁) ဖြစ်သွားတော့တာပဲ။ ဒီလိုမျိုး မခိုင်မာ ဘဲနဲ့ ၁၇(၁)ဖြစ်တဲ့သူတွေ အများကြီးရှိတယ်”

စက်တင်ဘာ ၁၀ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၇) အမှတ် (၄၉) တွင်ပါရှိသည့် “နိုင်ငံရေးအကျဉ်းသားများ ရှိနေဆဲဖြစ်ပြီး အများစုမှာ ထောက်လှမ်းရေးလက်ထက်က ဖောက်ခွဲရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း များ ပြောကြား”သတင်းမှ ဇန်နဝါရီ ၁၃ရက်နေ့တွင် တောင်ကြီးအကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုဇော်သက်ထွေး၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်။

******************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment