Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၆.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဂုဏ်ပြုကြိုဆိုမှု၊ နိုင်ငံရေးစွန့်စားမှုတို့ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်

(The News မှ 15 September 2012 ရက်စွဲပါ Accolades, Political Risks for Suu Kyi in US ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာဈေးကွက်သို့ဝင်ရန် ဟွန်ဒိုင်းပြင်ဆင်

(Just Auto News မှ 4 September 2012 ရက်စွဲပါ“ South Korea Hyundai poised to set up in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကီးယားမော်တာက မြန်မာတွင် မော်တော်ကား စတင်ရောင်းချတော့မည်

(Emerging Frontier Blogမှ 4 September 2012 ရက်စွဲပါ“ Kia Mortors Corp to begin sales in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

ဂုဏ်ပြုကြိုဆိုမှု၊ နိုင်ငံရေးစွန့်စားမှုတို့ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်

(The News မှ 15 September 2012 ရက်စွဲပါ Accolades, Political Risks for Suu Kyi in US ကိုဘာသာပြန်ဆိုသည်)

လာမည့် အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း မြန်မာအတိုက်အခံပါတီခေါင်းဆောင်၊ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဘားရက်အိုဘားမား၏ ဂုဏ်ပြုကြိုဆိုမှုကို လူသိရှင်ကြားခံယူရတော့မည်ဖြစ်သလို အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းဂုဏ်ပြု ဆုကိုလည်း လက်ခံရရှိတော့မည်ဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် သူမအတွက် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံး အမေရိကန်ခရီးစဉ်လည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ စတင်ထွက်ခွာမည်ဖြစ်ပြီး ဝါရှင်တန်အစိုးရ၏ ကောဇောနီခင်းကြိုဆိုမှုလည်းခံရမည်ဖြစ်သည်။ ယခုနှစ်အတွင်းကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်တင်မြှောက်ခံလိုက်ရမှုသည် မြန်မာပြုပြင်ပြောင်းလဲရေးဖြစ်စဉ်၏ ထူးခြားမှုတစ်ရပ်ဖြစ်ခဲ့သည်။

“ဒီခရီးစဉ်ဟာ သူမအတွက် အင်မတန်အဆင့်မြင်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ စွန့်စားမှုတွေလည်းရှိနေပါတယ်” ဟု မြန်မာ့ရေးရာ လေ့လာဆန်းစစ်သူ Richard Horsey ကပြောသည်။

ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဥရောပဒေသခရီးစဉ်နှင့်တူညီမည်မဟုတ်ပေ။ ဥရောပခရီးစဉ်အတွင်း သူမကို သောင်းသောင်းဖျဖျ ကြိုဆိုအားပေး ခဲ့ကြသည်။ ယခုအမေရိကန်ပြည်ထောင်စုခရီးစဉ်သည် မြန်မာသမ္မတဦးသိန်းစိန်၏ ခရီးစဉ်နှင့်လည်းတိုက်ဆိုင်လျက်ရှိသည်။ သမ္မတဦးသိန်းစိန်မှာ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောဆိုမည် ဖြစ်သည်။

“ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ချီးမွမ်းပြောဆိုမှုမခံရသေးတဲ့ သမ္မတဦးသိန်းစိန်ရဲ့ သမိုင်းဝင် ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်က မှေးမှိန်သွားစေသလိုဖြစ်မယ့် ပြဿနာရှိနေပါတယ်”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အကယ်၍ အမေရိကန်သမ္မတ အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်ကိုတွေ့ဆုံမှုမပြုဘဲ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် ရွေးချယ်မည်ဆိုပါက ပြဿနာဖြစ်စေမည့် အရေးကိစ္စပေါ်ပေါက်လာနိုင်ကြောင်း Richard Horsey က သတိပေးပြောဆိုသည်။

“မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေ ရှေ့ဆက်လုပ်ဆောင်သွားနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်ရဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးဟာ အင်မတန် အရေးပါတဲ့နေရာမှာရှိပါတယ်” ဟု ၎င်းက မှတ်ချက်ပေးပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု၏ အမြင့်ဆုံးသော ကွန်ဂရက်ရွှေတံဆိပ်ဆု လက်ခံရယူမည်ဖြစ်သည်။ ထိုဆုကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ သူမ နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် ရရှိခဲ့ခြင်းဖြစ်သည်။ ရက်သတ္တသုံးပတ်နီးပါးမျှ ကြာမြင့်မည့်ခရီးစဉ်အတွင်း သူမအနေဖြင့် ကုလသမဂ္ဂတွင်ဆွေးနွေးပွဲများ တက်ရောက်မည်ဖြစ်သလို ဝါရှင်တန်၊ နယူးယောက်တို့တွင်လည်း မိန့်ခွန်းများပြောကြားမည်ဖြစ်သည်။

                                                            ***************************************************

မြန်မာဈေးကွက်သို့ဝင်ရန် ဟွန်ဒိုင်းပြင်ဆင်

(Just Auto News မှ 4 September 2012 ရက်စွဲပါ“ South Korea Hyundai poised to set up in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ကြီးကြီးမားမားဖွံ့ဖြိုးလာမည့် အလားအလာရှိသည်ဟုယုံကြည်ရသော မြန်မာဈေးကွက်သို့ ဝင်ရောက်လှုပ်ရှားရန် တောင်ကိုရီးယား ကားထုတ်လုပ်သူ ဟွန်ဒိုင်းမိုတာကုမ္ပဏီက စီစဉ်နေသည်ဟု မီဒီယာ သတင်းများအရ သိရှိရသည်။

တောင်ကိုရီးယား၏ နာမည်ကျော်ဟွန်ဒိုင်းမိုတာသည် မြန်မာနိုင်ငံမှပြည်တွင်း ဖြန့်ဖြူးရေးအေဂျင်စီများနှင့် ပူးပေါင်း၍ မော်တော်ကားများ ရောင်းချသွားရန်စီစဉ်နေပြီး နောက်ပိုင်းကာလတွင် မြန်မာပြည်တွင်း၌ တပ်ဆင်ရေးစက်ရုံထူထောင်ရန် စဉ်းစားလျက်ရှိသည်။

မြန်မာနိုင်ငံတွင် တိုက်ရိုက်ကားတင်သွင်းခြင်းကို အစိုးရက တားမြစ်ထားသော်လည်း အစိုးရခွင့်ပြုသောအေးဂျင့်များကိုမူ ကားသွင်းခွင့်ပြုထားသောကြောင့် ဟွန်ဒိုင်းကုမ္ပဏီအနေဖြင့် ပြည်တွင်းမှ ဒိုင်းမွန်းစတားကုမ္ပဏီနှင့် ဆွေးနွေးနေသည်ဟု ဆိုးလ်ထုတ် သတင်းစာများက ဖော်ပြထားသည်။

ဟွန်ဒိုင်းက မြန်မာဒိုင်းမွန်းစတားကုမ္ပဏီနှင့် လက်တွဲလှုပ်ရှားစီစဉ်နေသော မြန်မာဈေးကွက်သည် အာရှတိုက်၏ အကြီးဆုံး ကားဈေးကွက် ဖြစ်သည့် ထိုင်းနိုင်ငံနှင့် ဖွံ့ဖြိုးမှုအလားအလာမတိမ်းမယိမ်း ရှိနေသည်ဟု အကဲခတ်လေ့လာသူများက ဆိုသည်။

                                                             ********************************************************

ကီးယားမော်တာက မြန်မာတွင် မော်တော်ကား စတင်ရောင်းချတော့မည်။

(Emerging Frontier Blogမှ 4 September 2012 ရက်စွဲပါ“ Kia Mortors Corp to begin sales in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

တောင်ကိုရီးယား ကားထုတ်လုပ်သူ ကီးယား(KIA)မိုတာကော်ပရေးရှင်းသည် အောက်တိုဘာ(၁)ရက်မှစ၍ မြန်မာနိုင်ငံတွင် မော်တော်ကားများ စတင်ရောင်းချတော့မည်ဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ယခင်အပတ်က ပြောကြားသည်။

မျှော်လင့်ထားသည့်အတိုင်း ဖြန့်ချီရေးဆိုင်ရာသဘောတူညီမှုရရှိပါက ပြည်တွင်းဆူပါဆဲဗင်းစတား ကုမ္ပဏီနှင့်ကီးယားက လက်တွဲမည်ဟု သိရှိ ရသည်။

ကီးယားမော်တာပြောရေးဆိုခွင့်ရှိသူက“အရောင်းပမာဏကို သတ်မှတ်ချက်မထားပေမယ့် မြန်မာဈေးကွက်ဟာ  အလားအလာအရမ်းကောင်းပြီး၊ ကီးယားရဲ့ Picanto နဲ့ Rio ကားငယ်လေးတွေ၊ Kစီးရီး လိုက်ထရပ်တွေဟာ မြန်မာဈေးကွက်နဲ့ အံဝင်ခွင်ကျဖြစ်မယ်လို့ ယုံကြည်ထားပါတယ်”ဟု ပြောကြားသည်။

ဆိုးလ်တွင် ရုံးစိုက်သော ကီးယားသည် ဟွန်ဒိုင်းနှင့်ညီနောင်ကုမ္ပဏီဖြစ်ပြီး ကီးယားရှယ်ယာ ၃၄ ရာခိုင်နှုန်းကို ဟွန်ဒိုင်းကထိန်းချုပ်ထားသည်။

ကီးယားနှင့် လက်တွဲရန်စီစဉ်နေသော မြန်မာစူပါဆဲဗင်းစတား ကားကုမ္ပဏီကို ဦးစံလင်းဆိုသူကဦးဆောင်၍ ၁၉၉၃ တွင် ဖွဲ့စည်းခဲ့ပြီး ယခင် တပ်မတော်အစိုးရလက်ထက်တွင် စက်မှုဇုံကားများ ထုတ်လုပ်ခဲ့သည်ဟု သိရှိရသည်။

ကားလမ်းများကျဉ်းပြီး ဘတ်စ်ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဈေးသည်များကို ရှောင်တိမ်းမောင်းနှင်ရသော မြန်မာနိုင်ငံတွင် ကီးယား၏ Picanto နှင့် Rio ကားငယ်များက ကောင်းစွာအသုံးတည့်လိမ့်မည်ဟု ယုံကြည်ရသည်။ ကားအို၊ ကားဟောင်းများဖျက်သိမ်း၍ အစားထိုးတင်သွင်းခွင့်ပြုခြင်းမှတဆင့် ဖြေးဖြေးမှန်မှန်ဖွင့်ပေးနေသော မြန်မာဈေးကွက်သို့ ဝင်ရန်အတွက် ကနဦးလေ့လာမှုများ ပြုလုပ်လျက်ရှိသည်ဟု ဟွန်ဒိုင်းနှင့် ကီးယားညီနောင် ကုမ္ပဏီများ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment