Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီိနိုင်ငံတော်နှင့် တပ်မတော်၏ အခန်းကဏ္ဍ

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီိနိုင်ငံတော်နှင့် တပ်မတော်၏ အခန်းကဏ္ဍ

ဝင်းထွဋ်ပိုင်

စက်တင်ဘာ ၁၉ ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ(၄) အမှတ်(၃၆)တွင်ပါရှိသည့် ဆောင်းပါးကို ထုတ်ယူတင်ပြချက်။

တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ ဒီမိုကရေစီကို ကာကွယ်ဖို့မဟုတ်၊ ဒီမိုကရေစီဆိုတာ ပြီးပြည့်စုံသော မပြောင်းမလဲတည်မြဲနိုင်သော စနစ်မဟုတ်ပါ။ တပ်မတော်က ဘာကိုကာကွယ်ဖို့တာဝန်ရှိသလဲလို့ မေးခွန်းထုတ်လိုက်မယ်ဆိုရင် ချက်ချင်းတုန့်ပြန် ဖြေဆိုနိုင်လာတာက “တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့ပဲဖြစ်တယ်ဆိုတဲ့ အဖြေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြည့်စုံလုံလောက်မှုမရှိပါ။ ဒီလို ထွေပြားလွန်းတယ်လို့ ယူဆစရာရှိပါတယ်။ ဒီလို ထွေပြားတဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်အောက်မှာ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ပါ့မယ်ဆိုတဲ့ တပ်မတော်ဟာ ပြည်တွင်းစစ်ကို ဆယ်စုနှစ်များစွာ သဲကြီးမကြီးတိုက်ခိုက်နေရပါတယ်။”

လွတ်လပ်ရေးကြိုးပမ်းမှုကာလ သခင်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာသင်ကြားပြီး “ဗမာ့လွတ်လပ်ရေး တပ်မတော်” ဖွဲ့စည်းခဲ့တာဟာ ကိုလိုနီစနစ်ကို တွန်းလှန်ဖြိုဖျက်ဖို့ ရည်သန်ပြီး ဖွဲ့စည်းခဲ့တာပါ။ တိုင်းတစ်ပါးသား အင်္ဂလိပ်တွေကို မုန်းလို့မဟုတ်ပါဘူး။ အင်္ဂလိပ်တွေကသာ မြန်မာပြည်ကို အင်္ဂလန်လိုသဘောထားပြီး အုပ်ချုပ်ခဲ့မယ်ဆိုရင် သူတို့ကို တိုက်ခိုက်မောင်းထုတ်ပစ်ဖို့ စိတ်ကူးခဲ့မှာမဟုတ်ပါ။ ဂျပန် တွေကိုလည်း ဒီအတိုင်းပါပဲ။ သူတို့ ကြွေးကြော်ထားတဲ့ “အာရှတိုက်သာ တူညီမျှမှု”အတိုင်း အင်္ဂလိပ်လက်ထဲက လွတ်လပ်ရေးအရယူဖို့ ကူညီခဲ့ရုံ သက်သက်သာဆိုရင် မြန်မာပြည်သားတွေက ဂျပန်တွေကို ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရမှာပါ။ တိုင်းတစ်ပါးသားရဲ့ စေတနာဆိုတ အကန့်အသတ်နဲ့ပဲ လာနိုင်ပါတယ်။

မတရားနယ်ချဲ့ကုပ်သွေးစုပ်စနစ်ကို ကိုယ်စားပြုသူတွေဖြစ်ခဲ့လို့သာ အင်္ဂလိပ်နဲ့ဂျပန်ကို မြန်မာပြည်သူတွေနဲ့လက်တွဲပြီး မြန်မာ့မြေပေါ်ကနေ တွန်းလှန်မောင်းထုတ်ခဲ့ရတာပါ။ ဒါကြောင့် တိုင်းပြည်နဲ့လူမျိုးကို အကာအကွယ်ပေးတယ်ဆိုတာမျိုး ချစ်စိတ်တစ်ခုတည်းနဲ့ ကာကွယ်တာမဟုတ်ပါဘူး။ ကောင်းကျိုးချမ်းသာတွေ၊  လွတ်လပ်ခွင့်တွေမျှဝေပေးတဲ့ တိုင်းတစ်ပါးသားကို တွန်းလှန်တိုက်ခိုက်ပစ်တဲ့ တပ်မတော်…ကမ္ဘာ့သမိုင်းမှာ အင်မတန်မှ ရှားပါးပါလိမ့်မယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်အကျိုးယုတ်စေတဲ့ မိစ္ဆာအန္တရာယ်အဖြစ် ကွက်ကွက်ကွင်းကွင်းသိမြင် သဘောပေါက်လို့သာ တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ဖို့ ဆုံးဖြတ်လုပ်ကိုင်ကြတာပါ။ တရုတ်ဖြူကျူးကျော်မှုကတော့ ပြောစရာမလိုအောင် ဆိုးဆိုးရွားရွားဗြောင်ကျလွန်းလှ ပါတယ်။

တပ်မတော်ဆိုတာ အစိုးရတစ်ခုရဲ့လက်အောက်ခံ ဗျူရိုကရက်ယန္တရားတစ်ခုဖြစ်တယ်လို့ ကျွန်တော် သဘောပေါက်မိပါတယ်။ သက်ဆိုင်ရာ အစိုးရကကျင့်သုံးတဲ့ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးပုံစကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လုံခြုံချောမွေ့မှုရှိဖို့ အဖျက်အမှောင့်ရန်က ကာကွယ်ပေးဖို့၊ ပြည်ပကျူးကျော်မှုအန္တရာယ်က ကာကွယ်ပေးဖို့ တာဝန်ယူရတာပါ။ ဒီနေရာမှာ မိတ်ဆွေတစ်ဦးပြောဖူးတဲ့ စကားလေးကို ပြန်ကြားယောင်မိပါတယ်။ သူက အမေရိကန်စစ်ကားထဲက တပ်ခွဲမှူးတစ်ဦးပြောဆိုခဲ့တဲ့စကားကို ဖောက်သည်ချ ပြောပြတာပါ။ ရှေ့တန်းစစ်မျက်နှာမှာ တပ်စခန်းချနေခိုက် တပ်ခွဲမှူးက သူ့ ရဲဘော်တွေကို “ငါတို့ဒီနေရာကို ရောက်လာတာဟာ ဒီမိုကရေစီကိုကာကွယ်ဖို့ဖြစ်တယ်။ ဒီမိုကရေစီကျင့်သုံးဖို့တော့မဟုတ်ဘူး”လို့ ပြောသွားတာလေးပါ။

သူ့စကားအရ တပ်မတော်အတွင်းမှာ ဒီမိုကရေစီကျင့်စဉ်တွေ အပြည့်အဝကျင့်သုံးဖို့ မဖြစ်နိုင်ပေမယ့် ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မြဲဖို့နဲ့ အမျိုးသား လုံခြုံရေးကို အကာအကွယ်ပြုရာမှာ တပ်မတော်ဟာ ထိရောက်ထက်မြက်မှုအရှိဆုံး ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုအဖြစ် ထင်ရှားနေပါတယ်။ အဲဒီလို ကာကွယ်တဲ့အခါမှာ အစိုးရချမှတ်တဲ့ပေါ်လစီမူဝါဒတွေဟာ တိုင်းသူပြည်သားတွေအတွက် အမှန်တကယ်အကျိုးစီးပွားဖြစ်ထွန်းဖို့တော့ လိုအပ်ပါတယ်။ ဒါမှသာ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်ပြီးသားဖြစ်မှာပါ။ မြောက်ကိုရီးယားနိုင်ငံမှာ အသုံးတွင်ကျယ်တဲ့ နှိုးဆော်ဆောင်ပုဒ်တစ်ခု ရှိပါတယ်။ “အဖ နိုင်ငံတော်ကိုကာကွယ်ကြ”တဲ့။ အမိမြေကို ကာကွယ်ကြဆိုတာပဲ ကြားဖူးပါတယ်။ သူတို့ကျမှ “အဖနိုင်ငံတော်ကို ကာကွယ်ကြ”ဆိုတော့ ရုတ်တရက် နားရှုပ်စရာကြီးပါ။ သူတို့ပြောတဲ့ အဖနိုင်ငံတော်ဆိုတာ ကိုရီးယားပြည်သူ့တော်လှန်ရေးပါတီဦးဆောင်တဲ့ ကိုရီးယားဒီမိုကရက်တစ် သမ္မတ နိုင်ငံတော်အစိုးရကို ဆိုလိုတာပါ။ မြောက်ကိုရီးယားတပ်မတော်က အဖနိုင်ငံတော်ကို ကာကွယ်ခဲ့ရ၊ အကာအကွယ်ပေးနေရဆဲပါ။ အဖနိုင်ငံတော်ကို အကာအကွယ်ပေးခြင်းဟာ မြောက်ကိုရီးယားပြည်သူလူထုကို ကာကွယ်နေတာလို့ သူတို့နားလည်မှတ်ယူထားကြပါတယ်။

အရင်တုန်းက တရုတ်ပြည်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေဟာ ပစ္စည်းမဲ့အာဏာရှင်စနစ်ကို ကာကွယ်ပေးခဲ့ရသူတွေပါ။ မဆလခေတ် မြန်မာ့တပ်မတော်ဟာလည်း ဆိုရှယ်လစ်စနစ်ကို ကာကွယ်သူတွေ ဖြစ်ခဲ့ရပါတယ်။ တစ်ပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ တပ်မတော် ရဲ့အခန်းကဏ္ဍဟာ ဒီတိုင်းလိုလိုပဲရှိပါတယ်။ ဒါပေမဲ့ တစ်ပါတီအစိုးရတွေ အာဏာရှင်ဆန်လာတဲ့အခါ တပ်မတော်ဟာ ပြည်သူ့ဘက်က ရပ်တည်ပြီး အစိုးရကိုဖြုတ်ချတဲ့ ဖြစ်စဉ်မျိုးကျတော့ တကယ့်ကိုရှားပါတယ်။ တစ်ပါတီစနစ်အောက်မှာ တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းရသလို ပြည်သူတွေရဲ့ ဒီမိုကရေစီ ခန်းခြောက်ကြရပါတယ်။

မြန်မာနိုင်ငံရဲ့အတိတ်သမိုင်းဖြစ်ရပ်တွေကို ပြန်ပြောင်းသုံးသပ်ကြည့်တဲ့အခါမှာလည်း ဒီအဖြေကို တွေ့မြင်နိုင်ပါတယ်။ ပါတီစုံစနစ်ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာတော့ ပြည်သူလူထုအများစုကြိုက်တဲ့ပါတီက အစိုးရဖွဲ့တာပါ။ ဒီမိုကရေစီရဲ့အခြေခံမူအရ နိုင်ငံရေးအယူအဆ မတူညီတဲ့ပါတီတွေ အသီးသီး ပေါ်ပေါက်လာပြီး ပြည်သူလူထုကို အပြိုင်မဲဆွယ်စည်းရုံးကာ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုအရှိဆုံးပါတီက အာဏာရပြီးအစိုးရ ဖြစ်လာ ပါတယ်။

သူတို့ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး ပုံစံတွေနဲ့ တိုင်းပြည်ရေးရာတွေကို စီမံခန့်ခွဲပါတယ်။ တက်လာတဲ့အစိုးရအဖွဲ့ရဲ့ လုပ်ငန်း ဆောင်တာလိုအပ်ချက်တွေကို တပ်မတော်က ပြည်သူလူထုအကျိုးငှာ ဖြည့်ဆည်းဆောင်ရွက်ပေးရပါတယ်။ အစိုးရကို တာဝန်ခံတယ်ဆိုရာမှာ အစိုးရ အာဏာတည်မြဲရေးသက်သက်ကို တာဝန်ခံတာမဟုတ်ဘဲ ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူ့ဆန္ဒကို အကာအကွယ်ပြုရခြင်းသာ ဖြစ်ပါတယ်။ သို့သော် ပါတီစုံစနစ်မှာ ဒီမိုကရေစီဆိုတဲ့ဝေါဟာရဟာ တစ်ပါတီ၊ အဖွဲ့အစည်းတစ်ခုပိုင်မဟုတ်ဘဲ အားလုံးသော ပါတီအဖွဲ့အစည်းတွေကသာ “လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်”ဆိုတဲ့ ဒီမိုကရေစီအခြေခံပေါ်မှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါကြောင့်ပါတီတစ်ခုခုက(အထူးသဖြင့် အာဏာရပါတီက)တခြား ပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေရဲ့ လွတ်လပ်မှုအခြေခံကို ထိပါးစော်ကားလာပြီဆိုရင် ဒီမိုကရေစီအခြေခံမူကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တဲ့အတွက် အစိုးရပင် ဖြစ်လင့်ကစား အဲဒီပါတီရဲ့လုပ်ရပ်ကို ထောက်ခံကာကွယ်ပေးဖို့မလိုပါ။

တပ်မတော်က ဘယ်ပါတီ(ပြည်ခိုင်ဖြိုး၊ တစည၊ NLD)အစိုးရဖြစ်ဖြစ် ဘက်လိုက်အကာအကွယ်ပေးဖို့ မလိုပါ။ ပြည်သူက ရွေးချယ်တင်မြှောက် လိုက်တဲ့ အစိုးရရဲ့ ပြည်သူ့အကျိုးပြုလုပ်ရပ်ကိုသာ ကူညီကာကွယ်စောင့်ရှောက်ပေးဖို့ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုရဲ့ ခေတ်ကာလအခြေအနေနဲ့ အုပ်ချုပ်တဲ့ အစိုးရပုံစံကိုမူတည်ပြီး တပ်မတော်ရဲ့အခန်းကဏ္ဍဟာလည်း ကွဲပြားခြားနားမှုရှိပါတယ်။ ကိုလိုနီလွတ်မြောက်ရေး လှုပ်ရှားမှုကာလမှာ တိုင်းတစ်ပါးနယ်ချဲ့ရန်ကို တွန်းလှန်တိုက်ထုတ်ရေးဟာ တပ်မတော်ရဲ့ အဓိကဦးစားပေးကဏ္ဍဖြစ်လို့ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်တဲ့သဘောက ရှင်းလင်းမြင်သာပါတယ်။

တစ်ပါတီအစိုးရလက်ထက်ကျတော့ တပ်မတော်သားတွေက ပါတီဝင်ဖြစ်၊ တပ်မတော်ခေါင်းဆောင်တွေက ပါတီအကြီးအကဲဖြစ်၊ အုပ်စိုးသူ အာဏာရပါတီနဲ့ တပ်မတော်အကြား ထွေးရောယှက်တင်ဖြစ်ကာ တပ်မတော်ရဲ့ပုံရိပ် ညှိုးနွမ်းညစ်ထည်းရပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်မှာ တပ်မတော်က ဘယ်ပါတီနဲ့မဆို ကင်းကင်းရှင်းရှင်းနေပြီး မိမိတို့ရဲ့မူလကာကွယ်ရေးတာဝန်ကိုသာ ဦးလည်မသုန် ထမ်းဆောင်ရင်း တပ်မတော်ရဲ့အခန်းကဏ္ဍကို ပီပီပြင်ပြင်ပုံဖော်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို မယိုင်လဲအောင်အကာအကွယ်ပြုပေးခြင်းဟာ တိုင်းပြည်နဲ့လူမျိုးရဲ့အကျိုးစီးပွားကို အကာအကွယ်ပြုခြင်းပါပဲ။ ဒီမိုကရေစီ စနစ်ကို ကာကွယ်တာဟာ ဘယ်ပါတီအဖွဲ့အစည်းတစ်ခုရဲ့အကျိုးကိုမှ အကာအကွယ်ပေးတာ လုံးဝမဟုတ်ပါ။ ဒီမိုကရေစီအခြေခံမူတွေ ခိုင်မြဲအသက်ဝင် မှသာ တိုင်းပြည်စုစည်းညီညွတ်မှုရှိမှာ ဖြစ်ပါတယ်။

အေးချမ်းသာယာဖွံ့ဖြိုးပါတယ်။ လူမျိုးစုတွေ တန်းတူရည်တူရှင်သန်လာတဲ့အခါ တပ်မတော်သားတွေ ပြည်တွင်းစစ်တိုက်စရာမလိုတော့ပါ။ လူထုလူတန်းစားသမဂ္ဂတွေ ဖွဲ့စည်းခွင့်၊ လူထုလိုလားချက်တွေကို ငြိမ်းချမ်းစွာ စုဝေးဆန္ဒထုတ်ဖော်ခွင့်ရှိလာတဲ့အချိန်မှာ တပ်မတော်က အရေးအခင်းတွေ နှိမ်နင်းပေးဖို့ မလိုတော့ပါ။ ဒီအချက်တွေဟာ ဒီမိုကရေစီအခြေခံကောင်းတွေ အမြစ်တွယ်ခိုင်မာမှသာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီရှင်သန်နေခြင်းဟာ တပ်မတော်သားတွေအတွက်လည်းအကျိုးပေးကောင်းပါတယ်။

လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းဟာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေချိန်ဖြစ်တာနဲ့အညီ တပ်မတော်ဟာလည်း ဒီမိုကရေစီကို အကာအကွယ်ပြုတဲ့ တပ်မတော်အဖြစ် ဂုဏ်သိက္ခာရှိရှိရပ်တည်သွားနိုင်ခဲ့ပြီလို့ ဆိုချင်ပါတယ်။

 

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment