Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၂.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကမ္ဘာပျက်မယ့်နှစ်မှာ ဒီမိုကရေစီကို ဖက်ပြီးသေရပါလို၏

*****************************************

ဆောင်းပါးကဏ္ဍ

ကမ္ဘာပျက်မယ့်နှစ်မှာ ဒီမိုကရေစီကို ဖက်ပြီးသေရပါလို၏

နေသန်မောင်

(စက်တင်ဘာ ၂၂ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ် (၃၈)မှ ထုတ်ယူတင်ပြချက်။)

ကမ္ဘာပျက်မည့်နှစ်မှာတိုင်းပြည်သစ်တည်ရသည့် အခွင့်အလမ်းကို ရရှိသည့်အချိန် မြန်မာနိုင်ငံတွင် နိုင်ငံသားတို့၏ စိတ်ခံစားချက်များ အပြောင်း အလဲများဖြင့် ယိမ်းထိုးနေကြသည်။ လေပူနှင့်လေအေးတို့ ထိတွေ့သောအချိန်တွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်တတ်သော သဘာဝကဲ့သို့ ပြင်ပသို့တံခါးချပ်များ တိုးဖွင့်လာလေလေ တံခါးပိတ်ကာလ အောက်မျိုးဆက်နှစ်ဆက် မျှနေထိုင်ခဲ့ရသော ခံစားချက်များ ပွင့်ထွက်ပေါက်ကွဲသွားကြသည်။

“ဒီမိုကရေစီ ဆိုသည်မှာ ပန်းတိုင်မဟုတ်၊ ဖြစ်စဉ်တစ်ခုဆိုသည့် အဆိုကိုလည်းမယုံကြည်နိုင်ကြ၊ အနိစ္စ၏ မမြဲတတ်သော၊ ပြောင်းလဲတတ်သော သဘာဝကို နားမလည်ကြ၊ ပြုပြင်ပြောင်းလဲရေး ကာလ၁၇လကြာမြင့်ချိန် လူတိုင်း၏စိတ် (Mindset) မှာ လစ်ဘရယ်ဒီမိုကရေစီအတွက် အခုအခံတစ်ခုပင် ဖြစ်နေသည်ကို တွေ့ရသည်။ အနာလည်းသိပြီ၊ ဆေးလည်းရှိသည်ကို တွေ့ရသည်။ သို့သော် အနာရှိသည်ကို လက်မခံချင်။ (Denial Stage)တွင် ပေကပ် ရပ်နေသည်။” အစွန်းရောက် အမျိုးသားရေး ခံစားချက်များက လမ်းကြောင်းမှားဆီသို့ ဦးတည်ကြသည်။ အာဏာနှင့် လုပ်ပိုင်ခွင့်၏ အရသာကို ဓားသွား ပေါ်က ပျားရည်စက်လို တပ်မက်နေကြဆဲရှိသည်။ အဖြစ်အပျက်တစ်ခုကို ဘက်ပေါင်းစုံအမြင်ဖြင့် ရှုမြင်သုံးသပ်မှုကို ဒေါသတကြီး တိုက်ခိုက်လိုစိတ်များ ပြည့်လျှံနေသည်။ နေရာတစ်ခုအတွက် အလုအယက်ဖြစ်နေကြသည်။ အသိအမှတ်ပြုခံချင်သူ များလာသည်။ သူတို့-ငါတို့ (Us vs. Them) ခွဲခြားမှုများ လာသည်။ အတွင်းနှင့်အပြင်၊ ထောင်ကျနှင့် ပြည်ပြေး ခွဲခြားမှု၊ မယုံသင်္ကာမှု၊ စိတ်မချရမှု…..။ အာဏာရှိသူနှင့် အာဏာမဲ့သူတို့အကြား ယုံကြည်မှုတည် ဆောက်မှု၊ မျိုးဆက် ဟောင်း-မျိုးဆက်သစ်အကြား ယုံကြည်မှုတည်ဆောက်ရေးများ အရေးတကြီးလိုအပ်နေသော်လည်း ပြည်သူလူထုအချင်းချင်း အကြား၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကင်းမဲ့နေသည့်အချက်မှာ ခိုင်မာစွာမြစ်တွယ်နေသည်။

ဒီမိုကရေစီချောက်ကမ်းပါးသည် ထိုယုံကြည်မှု ပြိုကွဲနေရာတွင် အစပြုသည်။ လစ်ဘရယ်မားကတ်တို့၏ ကျဆုံးမှုသည် ထိုနေရာတွင် အခြေ တည်သည်။ လူထုအခြေပြုအဖွဲ့အစည်းများ၏ နိဂုံးသည် ထိုနေရာတွင် ဖြစ်ပေါ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်ကို မြန်မာနိုင်ငံသားများကိုယ်တိုင်သာ ရွေးချယ်ရမည်ဖြစ်သည်။ ၂၀၁၅ကျော်လျှင် အဆင်ပြေသွားမှာပါဟု အချို့က မျက်စိမှိတ်ပြီး ကြွေးကြော်ကြသည်။ လက်ရှိ ၂၀၁၂ကို အတိမ်းအစောင်း မခံဘဲ ဦးတည်မှသာ ၂၀၁၅လွန် မြန်မာပြည်သည် စိတ်ချရကောင်း စိတ်ချနိုင်မည်သာဖြစ်သည်။ သန်း၆၀စလုံး၏ Mindset ကို ငါးနှစ်နဲ့ ပြောင်းလဲနိုင် မည်ဟု ကမူးရှူးထိုး ယုံကြည်နေခြင်းသည် ကံကြမ္မာနှင့် အလောင်းအစားလုပ်လိုခြင်းသာ ဖြစ်သည်။ နာတာရှည်ဖြစ်သော လူမမာကို ပြန်လည်သန်စွမ်း ကျန်းမာအောင် ကုသရန် ရောဂါ၏အရင်းအမြစ်ကို ရှာဖွေရမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အန္တရာယ်ကျရောက်စေမည့် ချောက်ကမ်းပါးများသည် ခေတ်မီပညာရေးဖြင့် နှစ်ငါးဆယ်ကျော် ကင်းကွာခဲ့ရသည့် အခြေအနေများအပေါ် မူတည်နေသည်။ မြန်မာနိုင်ငံ၏ ပညာရေးကို ယခုမှ စတင်ကာ ပြုပြင် ပြောင်းလဲပါက မျိုးဆက်တစ်ဆက်သာ စောင့် ရမည်။ သို့မဟုတ်ပါက ပလိုင်းပေါက်ဖြင့် ဖားကောက်ရသည့် အနေအထားဖြစ်သွားမည်။ သို့သော် အဖြစ် အပျက်၊ အပြောင်းအလဲအလိုက် အမှန်ကိုအမှန်အတိုင်းမမြင်နိုင်ဘဲ ခံစားမှုများ စူဝေနေသူများဖြင့် တိုင်းပြည်သစ်ကို မတည်ဆောက်နိုင်ပေ။ အမျိုးသား ရေး ကြွေးကြော်သံများကို အသားပေးမည်ဆိုပါက မြန်မာနိုင်ငံတွင် လူမျိုးပါင်း ရာနှင့်ချီရှိသည်ကို သေသေချာချာ ပြန်လည်ဆန်းစစ်စေလိုသည်။

ကုန်လွန်ခဲ့သည့် နွေဦးသည် ပျော်ရွှင်တက်ကြွဖွယ်ရာကောင်းသော စိတ်အားထက်သန်မှု၊ အမျိုးသားရေးဂုဏ်သိက္ခာများ မြင့်တက်ရမှုတို့ဖြင့် ကြည်နူးစရာကောင်းသော ပန်ချီကားတစ်ချပ် ဖြစ်ခဲ့သည်။ ဒီမိုကရေစီ၏ ဆူညံမှုတို့ဖြင့် စီစီဝေနေသည်။ သို့သော် အမြင်သဘောထား မတူညီမှုများကို အန္တ ရာယ်ပြုလိုသည့် ခံစားချက်များ ပျိုးထောင်နေသည်ဆိုပါက… မြန်မာတို့အတွက် ရွေးချယ်စရာလမ်း သိပ်များများစားစား မရှိတော့ပေ။ ရန်-ငါစည်းခြားမှုကို ခုံမင်နေဆဲဖြစ်ပါက စစ်အေးခေတ် အတိတ်မှာသာ ဆက်လက်နေထိုင်လိုက်ခြင်းက ပိုမို အဆင်ပြေပါမည်။ ၂၀၁၂အတွက် အဆင်ပြေမည်မဟုတ်ပါ။ မြန်မာ နိုင်ငံ ယနေ့ကျရောက်ဖြတ်သန်းနေရမည့် ခေတ်သည် ၂၁ရာစု ဂလိုဘယ်လိုက်ဇေးရှင်း လမ်းကြောင်းပေါ်က ခေတ်မီရေးနှင့် လစ်ဘရယ်ဒီမိုကရေစီကို အင်စတော်လေးရှင်း Speed မြန်မြန်လုပ်ရေးဖြစ်ပါသည်။ မျက်စိပိတ်နားပိတ်ဖြင့် ကမ္ဘာပေါ်က နိုင်ငံများဖြင့် ရန်ဖြစ်တမ်းကစားဖို့မဟုတ်။

ခေတ်မီရေးနှင့် လစ်ဘရယ်ဒီမိုကရေစီ စည်းဝါးညီရန် နိုင်ငံသားတိုင်း ခေတ်သစ်ပညာရေးကို မှီဝဲဖို့လိုသည်။ အနာဂတ်ကို ပြုစုပျိုးထောင်ရ တော့မည်။ စိတ်ဓာတ်ဟောင်း၊ အတွေးအခေါ်ဟောင်းများ ၊အကျင့်ဟောင်းများဖြင့် ခေတ်သစ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်မဟုတ်ပေ။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက စစ်အာဏာရှင်စနစ်သို့ တိုင်းပြည် ပြန်မကျရောက်စေရန် တရားဥပဒေစိုးမိုးမှုကို မြန်မြန်အကောင်အထည်ဖော်ရန် တိုက် တွန်းထားသည်။ သမ္မတဦးသိန်းစိန် အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့်ကို စတင်နေပြီဖြစ်သည်။ ထို Waveသည် ပထမ Wave ထက် လှုပ်လှုပ်ရှားရှား ပိုများမည်။ ကမ္ဘာ့နိုင်ငံများနှင့် တစ်သားတည်းဖြစ်လာမည်။ ဟမ်ဘာဂါစား၊ ကိုလာသောက်နေမည့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ် နက်ဖြန်သန်ဘက်ခါ ရောက်မည်။ မြန်မာတို့ Mindset ပြောင်းဖို့ ခေါင်းလောင်းသံများ မြည်ဟည်းနေပါသည်။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment