Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၉.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. သမ္မတဦးသိန်းစိန်၏ အမေရိကန်-တရုတ် ချိန်ခွင်လျှာညှိပေးသည့် လုပ်ဆောင်ချက်

(The News မှ 27 September 2012 ရက်စွဲပါ Thein Sein's China-US balancing act ကိုဘာသာပြန်ဆိုသည်)

  1. အငြင်းပွားကျွန်းများရှိ အချုပ်အခြာအာဏာပိုင်နက်ကိစ္စ တရုတ်သတိပေး

(BBC သတင်းဌာနမှ 26 September 2012 ရက်စွဲပါ China warns on sovereignty at island talks with Japan ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ သွင်းကုန်ပိတ်ပင်ကန့်သတ်မှု အမေရိကန်ဖယ်ရှားလိုက်မှုကြောင့် Yoma နှင့် Interra ကုမ္ပဏီတို့၏

စတော့ရှယ်ယာ နှုန်းများမြင့်တက်

(Stock News Singapore မှ 27 September 2012 ရက်စွဲပါ Yoma, Interra up on US plans to ease Myanmar import ban ကိုဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

သမ္မတဦးသိန်းစိန်၏ အမေရိကန်-တရုတ် ချိန်ခွင်လျှာညှိပေးသည့် လုပ်ဆောင်ချက်

(The News မှ 27 September 2012 ရက်စွဲပါ Thein Sein's China-US balancing act ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ နေပြည်တော်သို့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo အပါအဝင် တရုတ်အစိုးရအရာရှိကြီးများ လတ်တလော လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခြင်းသည် နှစ်နိုင်ငံနီးကပ်သော ချစ်ကြည်ရင်းနှီးမှုအား ပြန်လည်ခိုင်မာအောင် ကြိုးပမ်းလိုက်ခြင်းပင်ဖြစ်သည်။

ယခုရက်သတ္တပတ်အတွင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ သမ္မတဦးသိန်းစိန်သွားရောက်ကာ ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောဆိုခြင်းသည် မြန်မာအစိုးရအတွက် ကမ္ဘာတစ်ဝန်းမှ ပရိသတ်သစ်များကို ပေါ်ထွန်းစေပြီး အစိုးရ၏ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ကိုင်သွားမည်ဟူသော ကတိကဝတ်ကို ဖော်ကျူးရာရောက်သည်။

သမ္မတဦးသိန်းစိန်၏ပန်းတိုင်မှာ မြန်မာနိုင်ငံသို့ဖွံ့ဖြိုးရေးအကူအညီများ ဝင်ရောက်လာရေးနှင့် နှစ်ပေါင်းများစွာ တိုင်းပြည်ကို ဝန်ထုပ်ဝန်ပိုးကြီး သဖွယ်ဖြစ်စေခဲ့သည့် အမေရိကန်စီးပွားရေး ပိတ်ဆို့အရေးယူမှုများအားလုံး ဖယ်ရှားလာရေးပင် ဖြစ်သည်။

ပြီးခဲ့သည့်ရက်သတ္တပတ် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်သောကုန်စည်ပြပွဲသို့ သွားရောက်လည်ပတ်စဉ် သမ္မတဦးသိန်းစိန်က အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးစာမျက်နှာသစ် ပြန်လည်ထူထောင်လာခြင်းအတွက် ထိပ်တန်းရင်းနှီးမြှုပ်နှံသူ နိုင်ငံဖြစ်သော တရုတ်ပြည်အနေဖြင့် စိုးရိမ်စရာမရှိပါကြောင်း တရုတ်ခေါင်းဆောင်များကို အာမခံပြောဆိုခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား အပြန်အလှန်စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကိုးခုနှင့် ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီမှုစာချုပ် နှစ်ခုတို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

"မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ပထဝီ မဟာဗျူဟာအရေးကိစ္စက တရုတ်အစိုးရအတွက် စိုးရိမ်စရာပါပဲ။ မြန်မာနိုင်ငံဟာနှစ်ပေါင်းများစွာ တရုတ်ပြည်ရဲ့ အနီးကပ်မိတ်ဖက်ဖြစ်လာပြီးမှ ချက်ခြင်းလက်ငင်းကြီး ပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတဲ့အချက်ကို အသေအချာဖြစ်အောင် တရုတ်အစိုးရက လုပ်ထားချင်တဲ့ ဆန္ဒရှိနေတယ်"ဟု သမိုင်းပညာရှင်နှင့် သမ္မတဦးသိန်းစိန်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဒေါက်တာသန့်မြင့်ဦး၏ ပြောကြားချက်ကို Financial Times သတင်းစာက ရေးသားဖော်ပြသည်။

"တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ လာရောက်လည်ပတ်သွားတဲ့ကိစ္စမှာ အကြောင်းကိစ္စတွေ အများကြီးရှိပါတယ်။ အဲဒီအကြောင်း ကိစ္စတွေထဲက သမ္မတဦးသိန်းစိန်အတွက် အရေးကြီးတဲ့အချက်ကတော့ မြန်မာနဲ့အနောက်နိုင်ငံတွေ ဆက်ဆံရေးလျင်မြန်စွာ တိုးတက်ကောင်းမွန်နေတဲ့ ကိစ္စဟာ တရုတ်ပြည်အတွက် အမျက်ဒေါသဖြစ်စရာမလိုတဲ့ ကိစ္စဖြစ်တယ်ဆိုတာကို သေချာအောင်လုပ်ဖို့ပါပဲ။ အမေရိကန်အစိုးရကလည်း မြန်မာအနေနဲ့ ဆက်ဆံရေးတွေကို ချိန်ခွင်လျှာမျှပေးဖို့ လိုတယ်ဆိုတဲ့အချက်ကို နားလည်သဘောပေါက်ပုံရပါတယ်"ဟု ဦးသန့်မြင့်ဦးကပြောသည်။

တရုတ်နိုင်ငံ၏ ရည်မှန်းချက်တစ်ခုမှာ ကချင်ပြည်နယ်တွင်းရှိ ဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံတန် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင် လည်ပတ်ရေးပင်ဖြစ်သည်။ အဆိုပါစီမံကိန်းကို သမ္မတဦးသိန်းစိန်က  ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းပစ်လိုက်သည်။ စီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုများ ပြန်လည်စတင်နေပြီဟု သိရသည်။

တရုတ်အစိုးရအရာရှိကြီးများသည် မြန်မာပြည်တွင်း အများပြည်သူများနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုရရှိအောင် လုပ်ဆောင်လျက်ရှိသည်။ ကျေးလက်ဒေသရှိ ကျေးရွာများတွင် စာသင်ကျောင်းများ၊ ဆေးခန်းများတည်ဆောက်ပေးခြင်း၊ သောက်သုံးရေတွင်းများ တူးဖော်ပေးခြင်း အစရှိသည်တို့ စီမံကိန်းကြီးများဖြင့်ပြုလုပ်ကာ ၎င်းတို့၏ ကောင်းမွန်သောဆန္ဒကို ထုတ်ဖော်ပြသလျက်ရှိသည်။ မည်သို့ပင်ဆိုစေ မကြာသေးခင်ကာလက တရုတ်ပိုင် ကြေးနီသတ္တုတွင်းကြောင့် မြေယာသိမ်းခံရမှုအပေါ် မကျေနပ်သော ကျေးရွာသားများက ဆန္ဒပြပွဲများကို တစ်လကြာခန့်ပြုလုပ်ခဲ့ကြသည်။

တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိနေစဉ် သမ္မတဦးသိန်းစိန်က "မြန်မာနိုင်ငံအပေါ် နှစ်ကာလကြာရှည်စွာ မမှိတ်မသုန် ထောက်ပံ့ပေးခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံအား မြန်မာပြည်သူများက မည်သည့်အခါမျှ မေ့လျော့သွားမည်မဟုတ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အခက်အခဲ အကျပ်အတည်းဖြစ်သည့် အချိန်ကာလများသို့ရောက်ရှိနေစဉ် မြန်မာဘက်မှမားမားမတ်မတ် ရပ်တည်ပေးခဲ့မှုကိုဖြစ်ကြောင်း"ကြေညာချက်ထုတ်ပြန်သည်။

"လက်ရှိအနေအထားမှာ မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေး အပိုင်းထဲကိုရောက်နေပါတယ်။ ဒါပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဆက်ဆံရေးတိုးတက်ဖွံ့ဖြိုးဖို့ အလေးအနက်ထားလျက်ရှိပါတယ်။ တရုတ်နိုင်ငံအပေါ် စစ်မှန်တဲ့မိတ်ဆွေအဖြစ် ရှုမြင်တဲ့မူဝါဒဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး"ဟု သမ္မတဦးသိန်းစိန်က တရုတ်ဒုတိယသမ္မတကို ပြောကြားသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရာ၌ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခြင်း၊ မီဒီယာဆင်တာဆည်းဖြတ်မှု လျှော့ချပေးခြင်း၊ အလုပ်သမား ဥပဒေများရေးဆွဲပေးခြင်း၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်ပြုခြင်း အစရှိသည်တို့ကို ထည့်သွင်းပြောကြားခဲ့ရာ ပြည်တွင်း၊ ပြည်ပအသိုင်းအဝိုင်း၏ ချီးမွမ်းသြဘာပေးခြင်းခံရသည်။

                                                                ***********************************************

အငြင်းပွားကျွန်းများရှိ အချုပ်အခြာအာဏာပိုင်နက်ကိစ္စ တရုတ်သတိပေး

(BBC သတင်းဌာနမှ 26 September 2012 ရက်စွဲပါ China warns on sovereignty at island talks with Japan ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံအနေဖြင့် မိမိ၏အချုပ်အခြာအာဏာ ထိပါးချိုးဖောက်ခြင်းခံရမှုများကို သည်းခံသွားမည်မဟုတ်ဟု ဂျပန်နိုင်ငံကို သတိပေးပြောဆို လိုက်ကြောင်းသိရသည်။ တရုတ်နှင့်ဂျပန်အကြား အငြင်းပွားကျွန်းများ ပြဿနာအတွက် ဦးတည်ပြုလုပ်သည့် အဆင့်မြင့်ပုဂ္ဂိုလ်များဆွေးနွေးပွဲတွင်  တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zhang Zhijun က ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ယင်းသို့ သတိပေးလိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ အဆင့်မြင့်အရာရှိကြီးများ အဆင့်ဆွေးနွေးပွဲသည် အငြင်းပွားကျွန်းများရှိရာသို့ ထိုင်ဝမ်မှဒါဇင်ခန့်ရှိသည့် လှေများဆန္ဒပြရန်ရောက်ရှိ လာချိန်တွင်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ဂျပန်တွင် ဆန်ကာကူဟုခေါ်ပြီး တရုတ်တွင်ဒိုင်အောယုဟုဆိုသည့် အဆိုပါကျွန်းများကို ဂျပန်ကထိန်းချုပ်ထားသော်လည်း တရုတ်နှင့် ထိုင်ဝမ်တို့က ၎င်းတို့နှင့်သက်ဆိုင်ကြောင်း တောင်းဆိုထားသည်။

ယင်းကျွန်းများအနက် ကျွန်းသုံးကျွန်းကိုဂျပန်အစိုးရက ပုဂ္ဂလိကလက်ဝယ်မှ ဝယ်ယူလိုက်သည့် အချိန်မှစ၍ ဒေသတွင်းတင်းမာမှုများ မြင့်တက် လျက်ရှိသည်။

ကမ်းခြေစောင့်သင်္ဘောများအပါအဝင် ထိုင်ဝမ်သင်္ဘောများမှာ ယခုအခါ အဆိုပါ အငြင်းပွားကျွန်းဒေသမှ ထွက်ခွာသွားပြီဖြစ်သည်။ ဂျပန်အစိုးရက ကျွန်းသုံးကျွန်းဝယ်ယူလိုက်ကြောင်း ကြေညာပြီးနောက် လတ်တလောနေ့ရက်များတွင် တရုတ်နိုင်ငံမှ စောင့်ကြည့်လေ့လာရေးသင်္ဘောများသည် အဆိုပါ ဧရိယာသို့ ဖြတ်သန်းဝင်ထွက်သွားလာလျက်ရှိသည်။

ယင်းကျွန်းများ ပိုင်ရှင်ပြဿနာသည် နှစ်ကာလကြာရှည်စွာဖြစ်ခဲ့သည့် ပြဿနာဖြစ်သော်လည်း ယခုနောက်ဆုံးအကြိမ်တွင်မူ တရုတ်နိုင်ငံ မြို့အတော်များများ၌ ဂျပန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်သည်အထိ ဖြစ်ခဲ့သည်။

ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Chikako Kawai မှာနှစ်ရက်တာမျှပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲတက်ရောက်ရန် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့သို့ တနင်္လာနေ့က ရောက်ရှိလာသည်။

"လတ်လော ခက်ခဲတဲ့အခြေအနေကြောင့် ဒု-ဝန်ကြီး Zhang Zhijun နဲ့ပတ်သက်ပြီး ဘာတွေစဉ်းစားနေတယ်ဆိုတာနဲ့ တရုတ်နိုင်ငံက ဘာတွေ စဉ်းစားနေတယ်ဆိုတာကို ရှင်းပြဖို့ ကျွန်တော်စီစဉ်ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား အရေးကြီးတဲ့ ဆက်ဆံရေးအတွက် ဖြစ်ပါတယ်"ဟု Chikako Kawai ကဆွေးနွေးပွဲ မကျင်းပမီပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောကြေညာချက်တွင်မူ မစ္စတာ Chikako Kawai ၏သုံးသပ်ချက်တစ်စုံတရာအား ကိုးကားဖော်ပြထားခြင်း မရှိပေ။ သို့သော် တရုတ်ဒု-ဝန်ကြီး Zhang Zhijun က ဂျပန်အနေဖြင့် နည်းလမ်းများပြောင်းလဲကျင့်သုံးရန် မစ္စတာ Chikako Kawai ကိုပြောကြားကြောင်း ဖော်ပြထားသည်။

"တရုတ်နိုင်ငံအနေဖြင့် မိမိ၏အချုပ်အခြာအာဏာပိုင်နက်ကို ထိခိုက်စေမည့် ဂျပန်နိုင်ငံ၏ တစ်ဖက်သတ်လုပ်ရပ်များကို မည်သည့်အခါမျှ သည်းခံသွားမည်မဟုတ်ပေ"ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

"ဂျပန်အနေဖြင့် မိမိ၏ထင်မြင်ယောင်မှားမှုများကို မဖြစ်မနေဖယ်ရှားပစ်ရမည်ဖြစ်ပြီး အမှားများကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် ခိုင်မာသော လုပ်ဆောင်ချက်များလုပ်ကိုင်ရမည်။ ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားပြီးဖြစ်သည့် နားလည်မှုများနှင့် သဘောတူလိုက်ရောမှုများ ပြန်လည်ဖြစ်ပေါ်လာအောင် လုပ်ကိုင်ရမည်"ဟု ဆိုသည်။

ဂျပန်အစိုးရက ကျွန်းများကိုဝယ်ယူခဲ့ခြင်းမှာ တိုကျိုမြို့တော်ဝန် လက်ယာဝါဒီ Shintaro Ishihara ၏ ရန်ပြုလိုသည့်အစီအစဉ်ဖြစ်သည့် ကျွန်းများဝယ်ယူမည့်အစီအစဉ်ကို တုံ့ပြန်သည့်အနေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ Shintaro Ishihara ကကျွန်းများကို အများပြည်သူဆိုင်ရာ အလှူအတန်းများပြုလုပ်ရေးအတွက် ဝယ်ယူရန်ဦးစွာစီစဉ်ခဲ့သည်။

တရုတ်နှင့် ဂျပန်နှစ်ဖက်စလုံးတွင် ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်နေချိန်၌ အဆိုပါ ကျွန်းဝယ်ယူသည့်ကိစ္စဖြစ်ပေါ်လာရာ တင်းမာမှုများ ပြန်လည်လျော့ကျသွားရေးအတွက် လုပ်ဆောင်ရန်ခက်ခဲသည့် အနေအထားတွင်ရှိသည်။

ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda အစိုးရကလည်း ရွေးကောက်ပွဲမကျင်းပမီ လက်ရှိအချိန်တွင် လူကြိုက်များရေပန်းစားမှု လျော့ကျလာလျက် ရှိသည်။ တရုတ်နိုင်ငံသည်လည်း လာမည့်ရက်သတ္တပတ်များအတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲများကို ဖြစ်ပေါ်စေမည့် ကွန်မြူနစ်ပါတီကွန်ဂရက် ကျင်းပရန် ရှိသည်။

လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ်သော်လည်း အခမ်းအနားကျင်းပမည့် အစီအစဉ်များကို နှစ်ဖက်စလုံးက ဖယ်ရှားထားကြသည်။ တရုတ်နိုင်ငံတွင်း ဂျပန်ဆန့်ကျင်ရေးဆန္ဒပြမှုများ ပြင်းထန်စွာဖြစ်ပေါ် လာပြီးနောက် ဂျပန်ကုမ္ပဏီကြီးများက ၎င်းတို့၏လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းပစ်လိုက်ကြသည်။

တရုတ်နှင့် ထိုင်ဝမ်တို့ကမူ အငြင်းပွားကျွန်းများသည် သမိုင်းအစဉ်အဆက်အရ ၎င်းတို့၏အချုပ်အခြာအာဏာ ပိုင်နက်များဖြစ်သည်ဟု ဆိုထားကြသည်။ ထိုင်ဝမ်ကမ်းခြေစောင့်ကြပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာလ ၂၅ ရက်နေ့တွင် အငြင်းပွားကျွန်းများရှိရာနေရာသို့ ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၅၈ စီး ဝင်ရောက်သွားကြောင်း၊ ၎င်းတို့သည် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများခြံရံလျက် သွားရောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

"ငါးဖမ်းတဲ့ အခွင့်အရေးဆိုတာ အချုပ်အခြာအာဏာကိစ္စထက် ပိုပြီးအရေးကြီးပါတယ်။ ဒါပေမဲ့ ငါးဖမ်းပိုင်ခွင့်ဆိုတာလည်း အချုပ်အခြာအာဏာ ပိုင်မှုကိုဆိုလိုတာပါပဲ"ဟု ငါးဖမ်းသင်္ဘောများ  အုပ်စုဖွဲ့သွားလာမှုကိုဦးဆောင်ခဲ့သူ Chen Chunsheng ကပြောသည်။

                                                            ********************************************

မြန်မာနိုင်ငံမှ သွင်းကုန်ပိတ်ပင်ကန့်သတ်မှု အမေရိကန်ဖယ်ရှားလိုက်မှုကြောင့် Yoma နှင့် Interra ကုမ္ပဏီတို့၏ စတော့ရှယ်ယာ နှုန်းများမြင့်တက်

(Stock News Singapore မှ 27 September 2012 ရက်စွဲပါ Yoma, Interra up on US plans to ease Myanmar import ban ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှ ပို့ကုန်တင်သွင်းမှုအား ကန့်သတ်ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးလိုက်သည့်သတင်း ထွက်ပေါ်လာပြီးနောက် Yoma Strategic Holding Ltd ကဲ့သို့ စင်ကာပူမှတ်ပုံတင် မြန်မာကုမ္ပဏီများ၏ စတော့ရှယ်ယာနှုန်းထားများ မြင့်တက်သွားသည်။

Yoma ၏ရှယ်ယာမှာ ၉ ရာခိုင်နှုန်း(၀ ဒဿမ ၄၈၅ဒေါ်လာ)မြင့်တက်သွားပြီး ရှယ်ယာ ၅၂ ဒဿမ ၇  နှုန်းရောင်းချခဲ့ရသည်။ မြန်မာအခြေစိုက် စွမ်းအင်ကုမ္ပဏီဖြစ်သော Interra Resources Ltd မှာ ၅ ဒဿမ ၁ ရာခိုင်နှုန်း(ဝ ဒဿမ ၄၁၅ ဒေါ်လာ)မြင့်တက်သွားကာ ရှယ်ယာ ၂၀ ဒဿမ ၃ သန်း ရောင်းချခဲ့ရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သမ္မတဦးသိန်းစိန်နှင့် ဗုဒ္ဓဟူးနေ့ကတွေ့ဆုံရာတွင် "အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမှတင်ပို့သော ကုန်ပစ္စည်းများ ကန့်သတ်ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း"ပြောကြားသည်။ ထိုသို့ ဖယ်ရှားပေးမှုသည် နှစ်ပေါင်းများစွာနိုင်ငံရေးနှင့် စီးပွားရေးအရ အထီးကျန်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအတွက် ကြီးမားသော အကူအညီအထောက်ပံ့တစ်ခုဖြစ်သည်။

"ဒီသတင်းဟာ မြန်မာ့စီးပွားရေးလုပ်ငန်းတွေအတွက် အပြုသဘောဆောင်တဲ့ သတင်းကောင်းတစ်ခုပါပဲ။ မြန်မာစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပွင့်လင်းလာတဲ့ဈေးကွက်နဲ့ ကုန်သွယ်မှုတွေကြောင့် ကြီးမားတဲ့အကျိုးအမြတ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်"ဟု ပြည်တွင်းမှကုန်သည်တစ်ဦးက ဆိုသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment