Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဝန်ထမ်းဟူသည်

*****************************************

ဆောင်းပါးကဏ္ဍ

ဝန်ထမ်းဟူသည်

(စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် နေပြည်တော်တိုင်း(မ်)ဂျာနယ် အတွဲ(၁) အမှတ်(၄၄)မှ ထုတ်ယူဖော်ပြချက်။)

အီကိုဇင်

ဝန်ထမ်း ဝန်ထမ်းနှင့် ကြားကြားနေရသည်မှာ ဝန်ထမ်းစွမ်းဆောင်ရည်၊ ဝန်ထမ်းဘဝ၊ ဝန်ထမ်းလစာ၊ ပင်စင်၊ ခံစားခွင့်၊ လုပ်သက်စသည် စ သည်။ ယနေ့ခေတ်ကြီးထဲတွင် ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ လွယ်ကူလှသည်တော့ မဟုတ်ပေ။ နိုင်ငံဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ ပိုလို့ပင် ခက်ခဲသေးသည်ဟု နားလည်မိသည်။ ဝန်ထမ်းတစ်ယောက်ခန့်ထားဖို့ဆိုသည်မှာ အဆင့်ပေါင်းများစွာကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ဒီကြားထဲအကြောင်းကြောင်းကြောင့် နှုတ် ထွက်သူများကလည်း ဒုနှင့်ဒေး။ မည်သို့ပင်ဖြစ်စေ ရှိပြီးသားဝန်ထမ်း၊ ရှိပြီးသားအရည်အချင်း၊ ရှိပြီးသားကျွမ်းကျင်မှုတွေနှင့်ပင် ရည်မှန်းချက်ပြည့်မီ အောင်မြင်အောင် ဆက်လက်ချီတက်ကြ၊ အလုပ်ဆက်လုပ်နေကြရဦးမည်ဖြစ်သည်။ ဤသို့ဆိုလျှင် ပစ္စက္ခအခြေအနေနှင့် အလုပ်လည်ပတ်မှုယန္တရားတွေ ကရော…

ပွင့်လင်းလွတ်လပ်လာသော နိုင်ငံတကာက အာရုံစိုက်ခံလာရသော အပြောင်းအလဲတစ်ခုသို့ ဦးတည်နေသော ခေတ်သစ်၊ စနစ်သစ်တစ်ရပ်ကို ယနေ့ မျက်ဝါးထင်ထင် တွေ့မြင်နေရပြီး ပြည်သူအား ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်သည့် နိုင်ငံကို ဆင်းရဲမှုသံသရာမှ လွတ်မြောက်နိုင်ရေး လမ်းပြ ဖော်ဆောင်ပေးနိုင်သည့် တောလက်ကျေးရွာမကျန် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် လမ်းညွှန်မှုပေးနေသည့် အစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် လိုက်ပါအကောင်အထည်ဖော်ရသည့် ဝန်ထမ်းအဖွဲ့အစည်းဖြစ်လို့ နေပါပြီ။ ဆိုတော့ လုပ်နေကျအလုပ်တွေထက်ပိုများသော အလုပ်တွေကို ခေတ်၊ စနစ်၏ တောင်းဆိုမှုများအရ အချိန်နှင့် တပြေးညီဖြစ်ရန် မြန်မြန်ဆန်ဆန်ဆောင်ရွက်လာကြရပြီး အဆင့်မြင့်နည်းပညာအသုံးပြု ဆောင်ရွက်ရမှုစသည့် စိန်ခေါ်မှု များစွာကို တွေ့ကြုံရင်ဆိုင်နေရသည့် အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်လို့လာပါသည်။

ဌာန၊ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်မားရန်အတွက် ခေတ်မီနည်းပညာသုံး facilities တပ်ဆင်ဆောင်ရွက်လျက်ရှိသည်သာမက ဝန်ထမ်း စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုမြင့်မားစေရန်အတွက် လုပ်ငန်းလိုအပ်ချက်အလိုက် မြှင့်တင်ဆောင်ရွက်ရေးကို အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ကာလလည်း ဖြစ်ပါသည်။ သို့ဆိုလျှင် ဝန်ထမ်းများဘက်သို့ တစ်လှည့်သုံးသပ်ကြည့်ပါက ခေတ်မီမြန်ဆန်တိုးတက်လာသည့် အုပ်ချုပ်မှုယန္တရား အပြောင်း အလဲနှင့်အညီ ပြောင်းလဲနိုင်စွမ်းရှိပြီး လိုက်ပါပြောင်းလဲသူများ၊ ပြောင်းလဲနိုင်စွမ်းရှိသော်လည်း အကြောင်းကြောင်းကြောင့် မပြောင်းလဲလိုသူများ၊ ကိုယ် ရည်ကိုယ်သွေးအရ လိုက်ပါပြောင်းလဲနိုင်စွမ်းမရှိသူများ၊ အပြောင်းအလဲဖြစ်နေမှန်းပင်မသိ ဘာပြောင်းလဲရမည်မှန်းမသိဘဲ နေရင်းထိုင်ရင်း လုပ်ငန်းခွင် နှင့် အံဝင်ခွင်ကျမဖြစ်တော့သူများ၊ နေသာသလိုနေရသည်ကို အကျင့်ပါလာသူများစသည် စသည်…

အများပြည်သူနှင့် ထိတွေ့၍ ဝန်ဆောင်မှုပေးနေရသော ဝန်ထမ်းများအနေနှင့် မိမိ၏လုပ်ဆောင်ချက်တိုင်းသည် အရေးကြီးကြောင်း၊ ပြည်သူ ဝန်ထမ်းအဖြစ် ပြည်သူနှင့် တိုက်ရိုက်တွေ့ရသဖြင့် ပြည်သူ၏အထင်ကြီးမှု၊ လေးစားမှု၊ အားကိုးမှုရရှိရန် မိမိ၏စွမ်းဆောင်ရည်ဖြင့် အကောင်းဆုံး ဆောင်ရွက်ပေးမှုသည် အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခုလုံးအတွက် အရေးကြီးကြောင်း၊ သေးငယ်သော မူလီလေးပင်ဖြစ်စေကာမူ ကြီးမားသော စက် ယန္တရားလည်ပတ်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သကဲ့သို့ပင် ဝန်ထမ်းတစ်ဦး၏ အကောင်းဆုံးဝန်ဆောင်မှုသည် good governance အတွက် အခြေခံပင် ဖြစ်ကြောင်း စသည်စသည်တို့ကို သိရှိရန် လေ့ကျင့်ပျိုးထောင်ထားခဲ့သော်..

ဝန်ထမ်းစွမ်းဆောင်ရည် တိုးတက်ရန်အတွက် နည်းလမ်းအသွယ်သွယ်ကို စဉ်းစားရာ၌ ဘယ်လိုမျိုး ဆောင်ရွက်သင့်သလဲ၊ ယခင်က ဘာတွေ လုပ်ခဲ့သလဲ။ ယခု ဘယ်နည်းလမ်းသုံးမလဲ။ မက်လုံး incentive ပေးသည့် နည်းလမ်းကရော ထိရောက်မှုရှိသလား စသည် စသည်။

ဝန်ထမ်းစွမ်းဆောင်ရည်တိုးတက်စေရန် သင်တန်းများက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်အသီးသီးမှ ဖွင့်လှစ်သည့်သင်တန်းများ၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ၊ မွမ်းမံသင်တန်းများ၊ အဆင့်မြင့်နည်းပညာရပ်၊ အိုင်တီပညာရပ်ဆိုင်ရာ သင်တန်းများ စသည် စသည်။ သို့ရာတွင် ဝန်ထမ်းအများစုမှာ ငွေရေးကြေးရေးနှင့် လူမှုရေးအခက်အခဲ၊ ဖတ်ရှူလေ့လာသင်ကြားလိုစိတ်၊ သင်တန်းတက်ခြင်းဆိုင်ရာ အားပေးစေ့ဆော်မှုစသည် စသည်တို့သည် သင်တန်းတက်ရောက်မှုနှင့် ဆက်နွယ်လျက်ရှိသည်။ အသက်ကန့်သတ်ချက်ရှိသည့် သင်တန်းမျိုး၌ မိမိ အသက်သည် ထိုကန့်သတ်အသက်ကျော်သည်အထိ နည်းလမ်းအမျိုးမျိုးဖြင့် ရှောင်လွှဲနေသည်များလည်း ရှိတတ်သေးသည်။

ဝန်ထမ်းတိုင်းမျှော်မှန်းသည့် ရာထူးတိုးမြှင့်ရေး အမှတ်ပေးရာ၌ သင်တန်းတက်ရောက်မှုသည် အဓိကအမှတ်ရစေမည်ဆိုလျှင် သင်တန်းများသို့ မလွဲမသွေတက်ရောက်လာကြမည် ဖြစ်သည်။ သို့ဆိုပါက သင်တန်းတက်ရောက်သူတိုင်း စွမ်းဆောင်ရည်မြင့်ပါသလားဟု မေးနိုင်ပါသည်။ အချို့ဌာနများ တွင် ယင်းစနစ်ကျင့်သုံး၍ မဖြစ်မနေလာရောက်ကြသော်လည်း စွမ်းဆောင်ရည်တိုးမြှင့်မှုနှင့် ဆက်စပ်မှုရှိ၊ မရှိကိုမူခန့်မှန်းရန် ခဲယဉ်းတက်ပြန်သည်။ ဝန်ထမ်း၏ ကိုယ်ရည်ကိုယ်သွေးနှင့် မိမိအလုပ်ပေါ်ထားရှိသည့် သဘောထားပေါ်တွင် မူတည်နေကြောင်း တွေ့ရှိနိုင်ပါသည်။

သဘာဝအရင်းအမြစ်ရှားပါး၍ လူ့စွမ်းအားအရင်းအမြစ်ကို အဓိကအားထား၍ တိုးတက်မှုရရှိသောနိုင်ငံများတွင် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း အမျိုးမျိုးကို တစ်နှစ်လျှင် နာရီမည်မျှတက်ထားမှသာ ရာထူးတိုးမြှင့်ရေးစဉ်းစားမည် စသည်ဖြင့် သတ်မှတ်ထားခြင်းသာမက သင်တန်းတက်ရောက်နိုင် ရေးအတွက် ဌာနအနေဖြင့် ပံ့ပိုးကူညီနိုင်သည်များကို ဆောင်ရွက်ပေးပါက ထိရောက်မှုရှိမည် ဖြစ်သည်။ သင်တန်းတက်ရောက်နိုင်ရန်အတွက် မည်သို့ပံ့ပိုး မည်၊ ထူးချွန်ပါက ဂုဏ်ပြုဆုချီးမြှင့်မည်၊ ရာထူးတိုးမြှင့်ရာတွင် ဦးစားပေးစဉ်းစားမည် စသည် စသည်။

ရာထူးတိုးမြှင့်ရာတွင် ဝန်ထမ်းအတွက် အထက်အရာရှိမှ ရေးသားရသည့် ဝဖဟုခေါ်ကြသည့် အကဲဖြတ်မှတ်တမ်းသည် ဝန်ထမ်း၏ စွမ်းဆောင် ရည်ကို တိကျစွာအကဲဖြတ်နိုင်သည့် စံချိန်၊ စံညွှန်းများပင်ဖြစ်သည်။ တာဝန်ကိုလိုလားစွာ ထမ်းရွက်ခြင်း၊ လုပ်ငန်းကျွမ်းကျင်မှု၊ ယုံကြည်စိတ်ချရခြင်း၊ လေ့လာဆည်းပူးခြင်း၊ ကြိုးစားမှုရှိခြင်း၊ တီထွင်ကြံဆတတ်ခြင်း၊ ရုံး/အလုပ်ရုံစည်းကမ်းများလိုက်နာခြင်း၊ အများအကျိုးအတွက် စေတနာ့ဝန်ထမ်း ဆောင် ရွက်ခြင်း၊ ဆက်ဆံရေးပြေပြစ်ခြင်း၊ ခေါင်းဆောင်မှုပေးနိုင်ခြင်းတို့အပေါ် အကဲဖြတ်၍ အမှတ်ပေးရမည့် အချက်(၁၀)ချက်ကို အမှတ်ပြည့် ၁၀ မှတ်စီ သတ် မှတ်ထားပြီး ကနဦးမှတ်တမ်းရေးသူက အချက်အလိုက်အကဲဖြတ်အမှတ်ပေးခြင်း ဖြစ်ပါသည်။ ထပ်ဆင့်မှတ်တမ်းရေးသူက မှတ်ချက်ထပ်မံ ဖော်ပြပေးပါ သည်။ သို့သော် ယင်း ဝဖ ပုံစံမှာ ဝန်ထမ်းတစ်ဦးအတွက် စဉ်ဆက်မပြတ်ဘဲ သုံးသပ်အကဲဖြတ်နေရသည့် ပုံစံမျိုးမဟုတ်ဘဲ ရာထူးတိုးမြှင့်စဉ်းစားချိန်တွင်မှ သာ ဖြည့်သွင်းရခြင်းမျိုးဖြစ်သဖြင့် တစ်ခါတစ်ရံတစ်နှစ်စသည် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်။

လုပ်သက်အလိုက်ပေးသည့်အမှတ်နှင့် အဆိုပါ ဝဖ ရမှတ်များပေါင်း၍ စဉ်းစားရာ၌ စဉ်ဆက်မပြတ်အကဲဖြတ်ခြင်းမရှိခဲ့သည့် ဝဖ ရမှတ်များသည် တစ်ဦးနှင့်တစ်ဦး မတိမ်းမယိမ်းဖြစ်နေတတ်ပြီး တိတိကျကျသတ်မှတ်ထားသည့် လုပ်သက်ရမှတ်များက အဓိကဦးဆောင်လျက်ရှိတတ်ရာ လုပ်သက်များ သူက အသာစီးရသည့် သဘောဖြစ်ပေါ်လာပြန်သည်။ ထိုများပြားသော လုပ်သက်များကို ဘယ်လိုရလာပါသလဲ။ စားလိုက်၊ သောက်လိုက်၊ ခုံချင်းဆက်ပြီး အိပ်လိုက်၊ ဈေးဝယ်ထွက်လိုက်၊ တကယ်လုပ်ရမယ့် အလုပ်ကိုတော့ တာဝန်ကျေနာရီပိုင်းလောက်လုပ်ပြီး ကိုယ်ဝန်ဆောင်မှုပေးရမည့် ပြည်သူအား အချိန်ကြာမြင့်စွာ စောင့်ခိုင်းလိုက်စသည် စသည်များဖြင့် များလာသည့်လုပ်သက်များပေလား။ တိုးမြင့်လာသည့် ရာထူးအလိုက်ဆောင်ရွက်နိုင်စွမ်းရှိ မရှိ သေချာကျနဆန်းစစ်နိုင်ခြင်းမရှိဘဲ ထိုသို့သောနည်းလမ်းဖြင့် ရာထူးတိုးမြင့်လာသူတွေများလာပါက အထက်၊ အောက်၊ ဘေးဝန်ထမ်းအားလုံးအတွက်၊ အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာမည်မှာ ဧကန်မလွဲပါပေ။

အုပ်ချုပ်မှုယန္တရားကောင်းသည်ဆိုပါက နိုင်ငံတစ်ခုတွင် ဝန်ထမ်း၏လုပ်ဆောင်ချက်အရပေးသည့်စနစ် performance related pay ကို မက်လုံး အဖြစ် ကျင့်သုံးကြောင်းလေ့လာ သိရှိရပါသည်။ ဝန်ထမ်း၏လုပ်ဆောင်ချက်ကို မည်သူက မည်သည့်နည်းလမ်း အသုံးပြုတိုင်းတာ၍ မည်သို့ပေးသည်ကို မသိရှိရသေးသော်လည်း  အဆိုပါနိုင်ငံတွင် ဝန်ထမ်းများသည် တစ်နေ့လျှင် ၁၂ နာရီမှ ၁၆နာရီအထိ အလုပ်လုပ်တတ်ကြကြောင်း၊ စားပွဲပေါ်တွင် လုပ်စရာ အလုပ်ကုန်မှ ပြန်တတ်ကြကြောင်း၊ ညည့်နက်သည်အထိ ရုံးများတွင် မီးများလင်းလျက် အလုပ်လုပ်ကြကြောင်း၊ ကမ္ဘာပေါ်တွင် မွေးဖွားနှုန်းအနည်းဆုံး နိုင်ငံဖြစ်သဖြင့် ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ရက်သတ်မှတ်၍ အဆိုပါနေ့တွင် ည၇နာရီထိုးသည်နှင့် ရုံးများပိတ်၊ မီးမှိတ်သည့်စနစ်ကိုပင် ကျင့်သုံးရ ကြောင်း မှတ်သားဖွယ်သိရှိရပါသည်။ ဝန်ထမ်းတွေကပဲ တာဝန်သိစိတ်နှင့် အလုပ်အကြွေးတင်မှာကြောက်ကြလေသလား သို့တည်းမဟုတ် သူတို့ကျင့်သုံး သည့် performance related pay ကပဲစွမ်းရော့သလားဆိုတာ သူတို့ကပဲ သိနိုင်လိမ့်မည်ဟု…

ကျောင်းသားလူငယ်များကို ဟောပြောသည့် စာပေဟောပြောပွဲတစ်ခု၌ ဟောပြောသူမှ ကျောင်းသားများ စာကြိုးစားချင်စိတ်ပေါ်လာစေရန်၊ အစွမ်းကုန်(အသားကုန်) ဆောင်ရွက်ရန် ဟောပြောခဲ့ပြီး အစွမ်းကုန်မလုပ်ဘဲ လုပ်နိုင်သလောက်လုပ်တာ ဝန်ထမ်းဖြစ်ကြောင်း၊ ဟောပြောသည်ကို နား ထောင်ခဲ့ဖူးပါသည်။ စိတ်ဆိုးရအခက်၊ ထောက်ခံရအခက်ကြီးပါ။ အသားကုန်ဝန်ထမ်းများ မရှိမဟုတ်၊ ရှိပါသည်။ အရည်အတွက်အများစုကမူ သူပြောသ လိုပါပဲ။ လုပ်နိုင်သလောက်သာ တစ်ခါတစ်လေ လုပ်နိုင်တာထက်လျော့ပြီးတော့တောင်လုပ်ကြပါသေးသည်။ တက်မှန်းသိရင် ခိုင်းနေဦးမယ်။ မတတ်ချင် မသိချင်ယောင်ဆောင်နေဦးဆိုသူက အများစုပင်။ စွမ်းဆောင်ရည်ပြည့်ဝဖို့ဆိုတာကတော့ …

အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး အသိုက်အဝန်းတစ်ခုအသွင် ဖြစ်ပေါ်လာမည့် ၂၀၁၅ခုနှစ်တွင် နိုင်ငံများအတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းလာတော့မည် ဖြစ်သည်။ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှု အရည်အချင်းအစရှိသည်တို့ လွတ်လပ်စွာပြိုင်ဆိုင်လာနိုင်ပြီး၊  ပြိုင်ဆိုင် မှုပြင်းထန်လာမည့် ထိုအချိန်တွင် မိမိဘက်မှ ကြိုတင်ပြင်ဆင်ထားမှုမရှိပါက အလဲထိုးခံရဖွယ်ရှိပါသည်။ ပြိုင်ဆိုင်မှုများ အုပ်ချုပ်မှုယန္တရားအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်မည် မဟုတ်သော်လည်း နှိုင်းယှဉ်ခြင်းအားဖြင့် နောက်ကျမကျန်ရစ်ခဲ့ရန် အရေးကြီးသည်။

ချုပ်၍ဆိုရသော် အစိုးရအုပ်ချုပ်မှုယန္တရားအတွင်းရှိ ဝန်ထမ်းများစွမ်းဆောင်ရည် တိုးမြှင့်ရန်နှင့်ပတ်သက်၍ ပြည်သူအများဖက်မှ ဝန်ထမ်းများ၏ ဘဝကို စာနာနားလည်ပြီး ပြောကြ၊ ရေးကြ၊ သုံးသပ်၊ အကဲဖြတ်ကြပါ။ ပြည်သူ့အသံသည် အခြေအနေကိုရောင်ပြန်ဟပ်နိုင်သည့် ကြေးမုံသဖွယ်ဖြစ်သည် ကို သဘောတူလက်ခံရပါမည်။ ဝန်ထမ်းများ စွမ်းဆောင်ရည်တိုးတက်စေရန်နှင့် ပတ်သက်၍လည်း နည်းလည်းအသွယ်သွယ်ကို စဉ်းစားဆောင်ရွက်ကြ ရန် အချိန်တန်ပြီဟု မီးမောင်းထိုးပြလိုက်ရကြောင်းပါ။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment