Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၀.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. ဦးပိုင်၊ မြန်မာဝမ်ဘိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို လက်ပန်တောင်းတောင် ဒေသခံများ အမှုဖွင့်
  1. အေးရှားဝေါလ်ကုမ္ပဏီက ပေးရမည့်အကြွေးများနှင့်ပတ်သက်၍ အကြွေးရှင်တို့က စာနယ်ဇင်းရှင်းလင်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တိုးချဲ့ရန်ဟုဆိုကာ မတရားသဖြင့် ငွေကြေးကောက်ခံ
  2. ကိုရီးယား-မြန်မာ ပူးပေါင်း၍ e-Government စနစ်ပေါ်ပေါက်ရေးဆောင်ရွက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဦးပိုင်၊ မြန်မာဝမ်ဘိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို လက်ပန်တောင်းတောင် ဒေသခံများ အမှုဖွင့်

မုံရွာ၊ အောက်တိုဘာ ၁၀။

အောက်တိုဘာလ ၈ ရက် နေ့လည် ၁ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ် ရဲစခန်းသို့ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ကြောင့် လယ်ယာ မြေများ သိမ်းဆည်းခံခဲ့ရသည့် ကျေးရွာများမှ တောင်သူလယ်သမား ၂၀၀၀ ကျော် စုရုံးရောက်ရှိလာပြီး ဦးပိုင်၊ မြန်မာ ဝမ်ဘိုနှင့် မြို့နယ် အုပ်ချုပ်ရေးတို့အား အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။

လယ်ယာမြေများ ဆုံးရှုံးသွားခဲ့သည့် ဒေသခံ တောင်သူလယ်သမားများမှ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဦးပိုင်မှ စီမံကိန်းတာဝန်ခံ ဦးမြင့်အောင်တို့အား အာဏာအလွဲသုံးစားပြုလုပ်မှု၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ပြည်သူပိုင်လယ်ယာမြေများ မတရားသိမ်းပိုက်မှု၊ ပြည်သူများ ထွန်ယက် စိုက်ပျိုးနေမှုကို လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဟန့်တားခြိမ်းခြောက်မှု၊ မြန်မာဝမ်ဘို မိုင်းနင်းကော့ပါး လီမိတက်အား ပြည်သူပိုင် လယ်ယာ မြေများကို မတရားသိမ်းပိုက်မှု၊ ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံမှုတို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း အမှုဖွင့်ရာတွင် ပါဝင်ခဲ့သည့် ဒေသခံများထံမှ သိရှိရသည်။

ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ စခန်းမှူး ဖြစ်သူ ရဲအုပ်လှငွေက အမှုလာရောက်ဖွင့်သော ကျေးရွာပေါင်း (၂၆) ရွာမှ ဒေသခံ တောင်သူ ၂၀၀၀ ကျော်ကိုယ်စား တစ်ရွာလျှင် ကိုယ်စားလှယ် ၃ ယောက်စီဖြင့် အမှုဖွင့်ရန်ပြောဆိုခဲ့ပြီး ၉ ရက်နေ့ ညနေ ၄ နာရီတွင် အမှုကို လက်ခံ၊ လက်မခံ အကြောင်းပြန်မည်ဟု ပြောဆိုခဲ့သောကြောင့် ရွာသားများမှ ရွာအလိုက်ကိုယ်စားလှယ်များကို အမှုဖွင့်ရန်အတွက် စုပေါင်းလက်မှတ်ထိုးပြီး ပေးအပ် ခဲ့ကြောင်း ၀က်မှေးကျေးရွာမှ မဖြူဖြူဝင်းက ပြောပြခဲ့သည်။

ဦးပိုင်ကုမ္ပဏီမှ လက်နက်ဖြင့် ခြိမ်းခြောက်သည့် ကိစ္စရပ်နှင့် မြန်မာဝမ်ဘိုမှ ရိုင်းပြစွာဆက်ဆံသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမှုဖွင့်ခဲ့ သည်ကို လက်ခံကြောင်း ရဲအုပ်လှငွေမှ ၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ် ခန့်တွင် တုံရွာသို့ အကြောင်းကြားခဲ့သည်ဟု သိရသည်။

“မြို့နယ် အုပ်ချုပ်ရေးမှူးက ဆားလင်းကြီး ရဲစခန်းမှာ အမှုဖွင့်လို့မရဘူး။ ခရိုင်မှာ ဖွင့်ရမယ်လို့ ရဲအုပ်လှငွေက ပြောပါတယ်၊ မိမိတို့ ဖက်ကလည်း ဆားလင်းကြီးမြို့နယ်မှာနေလို့ ဒီမှာ အမှုလာဖွင့်တာ ဖြစ်ပါတယ်။ ဒီမှာ  ဖွင့်လို့မရရင် ခရိုင်မှာ သွားဖွင့်မှာ ဖြစ်ပါတယ်” ဟု အမှုဖွင့်ရာတွင် ပါဝင်ခဲ့သူ တုံရွာမှ ကိုအောင်သန်းမျိုးက ပြောဆိုသည်။

လက်ပန်တောင်းတောင် ဒေသခံရွာသားများဖက်မှ ရပ်တည်ပြီး ၎င်းတို့ အရေးကိစ္စများကို တစိုက်မက်မက် ဆောင်ရွက်ပေးနေသူ နိုင်ငံရေး အကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်မှ တာဝန်ခံ ကိုဟန်ဝင်းအောင်မှ “ ဒေသခံရွာသားတွေက ၈ ရက်နေ့မှာ ဆာလင်းကြီး ရဲစခန်းမှာ သွားပြီး အမှုဖွင့်တယ်။ ရဲအုပ်လှငွေက လူတွေက အရမ်းများနေတယ်၊ ရွာတစ်ရွာချင်းအလိုက် ကိုယ်စားလှယ် ၃ ယောက်စီရွေးပြီး စခန်းထဲကို လာပါ၊ အမှုဖွင့်ပါလို့ ပြောတယ်။ ဒါလူ့အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် အမှုဖွင့်တာပါ။ တဖက်ကလည်း လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် လှုပ်ရှားမှုကလည်း တပြိုင်တည်း ဖြစ်ပေါ်နေပါတယ်။ အခု တရားစွဲတာကို ကြည့်ခြင်းအားဖြင့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ကိစ္စဟာ ဒေသခံ များအတွက် တရားဥပဒေကို လေးစားတယ်၊ အားကိုးတယ် ဆိုတဲ့ ပြရုပ်ဖြစ်ပါတယ်၊ တကယ်အားကိုးလို့ ရမရကတော့ လက်တွေ့က အဆုံးအဖြတ် ပေးသွားမှာပါ ” ဟု ပြောဆိုခဲ့သည်။

ဆည်တည်းရွာမှ ကိုဌေးဝင်းကလည်း အများ ပြည်သူပိုင်တဲ့ မြေယာတွေမှာ စွန့်ပစ်မြေစာတွေ လာပုံတာကို မိမိတို့ ဒေသခံ တောင်သူတွေက မပုံရန် သွားရောက်တားမြစ်ခဲ့ကြောင်း၊ ၀မ်ဘိုကုမ္ပဏီမှ တရုတ်များက (မဖွယ်မယာ အပြုအမူတွေနဲ့) ရိုင်းပြစွာ ဆက်ဆံတဲ့အတွက် ၎င်းတို့ကို အမှုဖွင့်ရခြင်း ဖြစ်ကြောင်း ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အပါအ၀င် ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝမ်ဘို တရုတ်များကိုပါ အမှုဖွင့်ရန် ပြောဆိုခဲ့ကြောင်း၊ ရိုင်းပြစွာ ဆက်ဆံတဲ့ လူမျိုးခြား တရုတ်တွေကို အဓိကထားပြီး တရားစွဲဆိုမှုကို ပြု လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဥပဒေရေးရာ အကြံပေးဖြစ်သူ အထက်တန်းရှေ့နေ ဒေါ်ဟန်စုယဉ်မှ “ ပုံမှန်ကတော့ အမှုဖွင့်ပြီ ဆိုရင် လက်ခံပေးရမယ်။ အကျိုးအကြောင်းဆီလျော်စွာနဲ့ အမှုဖွင့်ပြီ၊ တရားစွဲဆိုပြီရင် လက်အောက်ငယ်သားဆိုပြီး၊ အထက် အာဏာပိုင်ဆိုပြီး လက်မခံ လို့ မရဘူး။ အခု မြို့နယ်အုပ်ချုပ်ရေးမှူးကို အမှုဖွင့်တာ ခရိုင်ကို လုပ်ထုံးလုပ်နည်းအရ တင်ရမယ်ဆိုရင်လည်း ခရိုင်က ခွင့်ပြုမိန့် ချပေးရမယ်။ နောက်ပြီး တော့ တောင်သူ လယ်သမားတွေက အခုလိုမျိုးထုနဲ့ထည်နဲ့ အမှုဖွင့်တာ၊ တရားစွဲဆိုဖို့ ကြိုးစားတာ မြန်မာပြည်မှာ ပထမဦးဆုံးအကြိမ်လို့ ထင်ပါတယ်။ ကျမတို့ ရှေ့နေလောကမှာလည်း မကြားဖူးသေးဘူး၊ ဥပဒေရှုထောင့်အရ ဆိုရင်တော့ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စရပ်ကြီး တစ်ခုပါဘဲ၊ မဏ္ဍိုင် ၄ ရပ်ရှိတဲ့ အထဲမှာ တစ်ရပ်ဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင် ကို ကျမတို့ စောင့်ကြည့် အကဲခတ်နေမှာပါ” ဟု ပြောပြခဲ့သည်။

ဆားလင်းကျြီးမြို့နယ် ရဲစခန်းမှူးဖြစ်သူ ရဲအုပ်လှငွေကို ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်ခွင့် မရရှိခဲ့ပေ။

၁၈၊ ၁၊ ၂၀၀၁ ရက်စွဲပါ စာအမှတ် ၅/၄၁-၅ (၁၀၃) / ဦး ၆ ဖြင့် လယ်ယာမြေကို သတ္တုတွင်း လုပ်ငန်းပိုင်မြေအဖြစ် ပြောင်းလွှဲရန် အတွက် လ/န (၃၉) ဖြင့် လက်ပန်တောင်းတောင်ခြေတ၀ိုက်ရှိ လယ်ယာမြေများကို သိမ်းယူခဲ့သည်။ ၂၀၁၀ ခုနှစ် နိုင်ငံတော်အေးချမ်း သာ ယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်တွင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြားပေါင်တို့ ရှေ့မှောက်တွင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာဝမ်ဘို မိုင်းနင်းကော့ပါးလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်အတွက် သဘောတူ လက်မှတ်ရေးထိုး စာချုပ် ချုပ်ဆိုခဲ့ကြသည်။

                ရဲရင့်

--------------------------------------------------------------------------------------------------------------------------------

အေးရှားဝေါလ်ကုမ္ပဏီက ပေးရမည့်အကြွေးများနှင့်ပတ်သက်၍ အကြွေးရှင်တို့က စာနယ်ဇင်းရှင်းလင်း

အေးရှားဝေါလ်ကုမ္ပဏီက ပစ္စည်းဖိုးနှင့် လုပ်အားခအကြွေး ကျပ်သန်းပေါင်း ၁၁၁၆.၀၁ ပေးရမည့် အကြွေးများနှင့် ပတ်သက်၍ အကြွေးရှင် လုပ်ငန်းရှင်ကြီး ၁၀ ဦးက အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် စီးတီးစတား ပိာုတယ်၌ စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် လုပ်ငန်းရှင်ကြီးတစ်ဦးက အေးရှားဝေါလ်ကုမ္ပဏီမှ ပစ္စည်းဖိုးနှင့် လုပ်အားခကြွေးငွေ ကျပ် သန်းပေါင်း တစ်ထောင်ကျော်အား မပေးသည့်အတွက် လုပ်ငန်းရှင်များက နိုင်ငံတော်သမ္မတနှင့် အစိုးရရုံးဌာနများသို့ တိုင်ကြားစာပေးပို့ခဲ့သည့်အတွက် ယင်း ကုမ္ပဏီဘက်က တစ်နှစ်အတွင်း ပေးချေမည်ပာု ကတိပြုခဲ့သော်လည်း ပေးချေခြင်း မရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ယင်းအကြွေးကိစ္စများအတွက် ကုမ္ပဏီဘက်က ကျေနပ် သည်အထိ ဖြေရှင်း လာ စေရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရစရာရှိတဲ့အကြွေးတွေကို တောင်းရမှာပါပဲ။ သတ်မှတ်ရက်အတွင်းမှာ မပေးဘူးဆိုရင်တော့ ဆန္ဒဖော်ထုတ်ပြီး တောင်းဖို့အထိ ရှိပါတယ်။ သဘောတူညီချက်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက် ကုမ္ပဏီကို သတ်မှတ်ချိန်အတွင်း ပြန်အပ်နိုင်ရင် ကုန်ကျစရိတ်ရဲ့ ၉၀ ရာခိုင်နှုန်း ကို ကုမ္ပဏီဘက်က ၉၀ ရာခိုင်နှုန်းပေးချေဖို့နဲ့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ တစ်လခွဲအကြာမှာ ပေးချေဖို့နှစ်ဘက်သဘောတူညီထားတာပါ”ပာု အေးရှားဝေါလ်ကုမ္ပဏီထံမှ ကြွေးရရန်ရှိသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် အေးရှားဝေါလ်ကုမ္ပဏီထံမှ ကြွေးများလက်ငင်းမရနိုင်သေးသည့်အတွက် လုပ်ငန်းရှင်များမှာ ကြွေးပူများမိပြီး လုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့်အတွက် လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ယင်းပြဿနာများကို အလုပ်သမား ဝန်ကြီးဌာနက နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း အေးရှားဝေါလ်ကုမ္ပဏီက တစ်နှစ်အတွင်း ပြန်ဆပ်မည်ပာုသာပြောဆိုထားကြောင်း သိရသည်။

“ဘယ်အချိန်ပြန်ဆပ်မယ်ဆိုတဲ့ ရက်အတိအကျကိုပြောတာ မပာုတ်ပါဘူး။ တစ်နှစ်အတွင်း ပြန်ဆပ်မယ်လို့ပဲ ပြောထားတာပါ။ ဒါကြောင့် သုံးလအတွင်း အပြီးဆပ်စေလိုတဲ့အတွက် ခုလိုစာနယ်ဇင်းရှင်လင်းပွဲတွေလုပ်ရတာပါ”ပာု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အေးရှားဝေါလ်ကုမ္ပဏီထံမှ ရရန်ရှိသည့်အကြွေးများကို ပထမအဆင့်အနေဖြင့် ဆန္ဒထုတ်ဖော်၍ တောင်းဆို သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဘက်မှ ထပ်ပေါင်းခြင်းမပြုပါက ဥပဒေကြောင်းအရ ဆက်လက်တရားစွဲဆိုမှု ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

YC

 ******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တိုးချဲ့ရန်ဟုဆိုကာ မတရားသဖြင့် ငွေကြေးကောက်ခံ

ရွှေကူ၊ အောက်တိုဘာ ၉။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ဆင်တပ်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်လှိုင်မှ ကျေး ရွာအုပ်ချုပ်ရေးမှူးရုံး တိုးချဲ့ရန် အကြောင်းပြချက်ဖြင့် ငွေကြေးများ မတရားသဖြင့် ကောက်ခံနေကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။

အဆိုပါ ငွေကြေး မတရားကောက်ခံရခြင်း၏ ရည်ရွယ်ချက်မှာ ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာပိုင် သာရေး၊ နာရေးသုံးပစ္စည်းများ ထားရှိရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို တိုးချဲ့ဆောက်လုပ်ရန်အတွက်ဖြစ်ကြောင်း၊ တစ်အိမ်ထောင်ကို ငွေကျပ်ငါးထောင် မထည့်မနေရ ကောက်ခံကြောင်း၊ ယင်းရွာ၌ အိမ်ခြေ သုံးရာကျော်ခန့် ရှိကြောင်း ဆင်တပ်ကျေးရွာနေ ဦးညိန်းက ပြောကြားသည်။

ယင်းသို့ ငွေကြေးကောက်ခံမှုအပေါ်ကျေးရွာတွင်းနေ ပြည်သူများမှ ယခုအချိန်သည် မြစ်ရေတိုး၍ ရေကြီးရေလျှံမှု များဖြစ်နေသည့်အတွက် စိုက်ခင်းများအတွင်း ရေဝင်ပြီး ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးများနှင့် ရင်ဆိုင်နေရသည့်အတွက် ယင်းသို့ ငွေကြေးကောက်ခံမှုကို ခေတ္တဆိုင်းငံ့ထား စေလိုကြောင်း ပြောကြားမှုအပေါ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်လှိုင်မှ အာဏာသုံးကာ ဖိအားပေးခြိမ်းခြောက်ခဲ့ကြောင်း၊ သွားရောက်ပြောဆိုသည့် ရွာ၏ ရပ်မိရပ်ဖသုံးဦးအား ဓာတ်ပုံများ ရိုက်ယူထားကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ ဆက်လက်ပြောကြားချက်အရ သိရသည်။

“ဘာပဲဖြစ်ဖြစ် ငါတို့ရုံးက ကောက်ခံတာကို ထည့်ကိုထည့်ရမယ်ဆိုတဲ့ အာဏာရှင်ဆန်ဆန် စကားလုံးတွေသုံးပြီး မထည့်ရင် ရွာကနေ နှင်ထုတ်မယ်တို့ ဘာတို့ ပြောတော့ ရွာသားတွေက ကြောက်လည်းကြောက်တော့ စိတ်ညစ်ပြီး အောင့်ခံနေရတာပေါ့။ အခုအချိန်အထိ မထည့်နိုင်သေးတာ အိမ် ခြောက်ဆယ်လောက် ကျန်သေးတယ်။ သူတို့လည်း နေ့တိုင်းလို လို ဖိအားပေးခံနေရတယ်” ဟု ဆင်တပ်ကျေးရွာနေ ဦးလှဖေက ပြောကြားသည်။

အဆိုပါ ငွေကြေးကောက်ခံမှုနှင့် ပတ်သတ်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်လှိုင်က ရွာသားများအနေဖြင့် မကျေနပ်ပါက တိုင်ချင်ရာသို့ တိုင်နိုင်ကြောင်း၊ ငါတို့အထက်တွင် လူကြီးများစွာရှိကြောင်း၊ ဒါကြောင့် မင်းတို့တိုင်ချင်ရာသို့ တိုင်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

“ကျွန်တော် သိရသလောက် ရပ်/ကျေးနည်းဥပဒေမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကနေ ငွေကြေးတောင်းခံခြင်း မပြုရဆိုတာ ပါတယ်လေ။ ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့အချိန်မှာ အရင်စနစ်ဟောင်းက အကျင့်ဆိုးတွေကို ချန်ထားခဲ့သင့် ပြီ။ အထက်ပိုင်းမှာ ပြောင်းလဲ နေပေမယ့် အောက်ခြေမှာ မပြောင်းလဲသေးပဲ အရင်လို ခေါက်ရိုးကျိုးနေတုန်းပဲ။ ဒီတော့ ကျေးလက်ဒေသတွမှာ ဒီမိုကရေစီစနစ်ဆိုတာဘာလဲ  ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရတွေကို သိရှိနာလည်းအောင် ဆောင်ရွက်ဖို့ အထူးလိုအပ်နေပါတယ်။ ကျေးလက်ကလူတွေ ဒီမိုကရေစီစနစ်ဆိုတာ ဘာမှန်း မသိရင် စနစ်ပြောင်းသွားပေမယ့် အရင်လို ဖိနှိပ်ခံနေရဦးမှာပဲ”ဟု ရွှေကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးဇာနည် မင်းက ဆိုသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများသည် ဧရာဝတီဖြစ်ရေတိုးမှုကြောင့် လွန့်ခဲ့သည့် နှစ်ပတ် ကျော်မှ စတင်၍ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Moe Z

--------------------------------------------------------------------------------------------------------------------------------

ကိုရီးယား-မြန်မာ ပူးပေါင်း၍ e-Government စနစ်ပေါ်ပေါက်ရေးဆောင်ရွက်မည်

ကိုရီးယား-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း e-Government စနစ်လျင်မြန်စွာ ပေါ်ပေါက်လာနိုင်စေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နှစ်နိုင်ငံပူးပေါင်းပြီးတော့ e-Government စနစ်ပေါ်ပေါက်လာနိုင်စေရေးအတွက် ဆောင်ရွက်သွားမှာပါ။ ဒီ အတွက် Master Plan တစ်ခု ကိုလည်း ရေးဆွဲသွားမှာပါ။ ခုလောလောဆယ်တော့ မြန်မာ-ကိုရီးယား နှစ်နိုင်ငံဆွေးနွေးမှု တွေ ပြုလုပ်နေပါပြီ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ ဝန်ကြီးဌာနအချို့၌ e-Government စနစ်ကိုစတင်အသုံးပြု ဆောင် ရွက်နေပြီဖြစ်သော်လည်း ဆော့ဖ်ဝဲ ပိုင်းဆိုင်ရာအဆင်မပြေမှုများနှင့် ဝန်ထမ်းများ၏ အိုင်တီမကျွမ်းကျင်မှုများကြောင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး ယင်းအခက်အခဲများ ပြေလည်နိုင် စေရန် ကိုရီးယားနိုင်ငံနှင့်ပူးပေါင်း၍ အကောင် အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကာ ကိုရီးယားနိုင်ငံနှင့် အဆင်ပြေမှုမရှိပါက အခြားနိုင်ငံများနှင့် ချိတ် ဆက်၍ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ အီလက်ထရွန်နစ်ဆိုင်ရာ လုပ်ငန်းတွေမှာကို အခြေခံလိုအပ်ချက်တွေ အများကြီး ရှိနေသေး ပါတယ်။ ဒါကြောင့် eGovernment စနစ် အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့အတွက်ဆို နိုင်ငံတကာက နည်းပညာနဲ့ အကူအညီ တွေ အများကြီးလိုအပ်နေပါသေးတယ်။ ဒီလိုအပ်ချက်တွေကို ပြင်ဆင်နိုင်ဖို့အတွက် တစ်ခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သင့်ပါတယ်”ပာု မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း e-Government စနစ်အား သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးနှင့် ဦးစီးဌာနအသီးသီးတွင် စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ယင်း လုပ်ငန်းစဉ်များကို ၂၀၁၁ ခုနှစ် အစိုးရသစ်လက်ထက်မှစတင်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref:Popular News

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

ခိုင်မာကျစ်လစ်တဲ့ အလုပ်သမားသမဂ္ဂဟာ စီးပွားရေးကုန်ထုတ်လုပ်ငန်းမှာ ကြီးမားတဲ့ကဏ္ဍကို ရောက်လာပါ လိမ့် မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမား တွေနဲ့ ရှေ့ဆက်ပူးတွဲလုပ်ဆောင်သွားဖို့ ကျွန်တော်တို့အာမခံချက် လာပေးတာပါ။

အောက်တိုဘာ ၁၀ရက်ထုတ် Popular Newsဂျာနယ် အတွဲ(၄)အမှတ်(၄၀)တွင်ပါရှိသည့် “အပြည်ပြည်ဆိုင်ရာ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ်ရုံး မြန်မာ၌ ဖွင့်ခွင့်ရရန် တောင်းဆိုမည်” သတင်းမှ အာရှပစိဖိတ်ဆိုင်ရာ အထွေထွေ အတွင်းရေးမှူး Mr.Noriyuki Suzuki၏ပြောကြားချက်အပေါ် ကောက်နှုတ်တင်ပြချက်။

--------------------------------------------------------------------------------------------------------------------------------

ကျွန်မအနေနဲ့ တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြားမှာ ပိုပြီးတော့ကောင်းတဲ့ဆက်ဆံရေး၊ ပိုပြီးတော့ မိတ်ဆွေဆန်တဲ့ ဆက်ဆံရေးဖြစ်ဖို့ တတ် နိုင်တဲ့ဘက်က အားပေးချင်ပါတယ်။ ဒါဟာကျွန်မတို့နိုင်ငံရဲ့ အနေအထားကြောင့်မို့ မဟုတ် ပါဘူး။ ကမ္ဘာကြီးရဲ့ အနေအထားကြောင့် ဖြစ်ပါတယ်။

အောက်တိုဘာ ၁၀ရက်ထုတ်ပြည်သူ့ခေတ်ဂျာနယ်အတွဲ(၃) အမှတ်(၁၁၅)တွင် ပါရှိသည့် “နိုင်ငံရေးပါတီ တစ်ခု ၏ ခေါင်း ဆောင် ဖြစ်သည့်အတွက် သမ္မတအဖြစ်တာဝန်ယူရန် သတ္တိရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်း မှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

--------------------------------------------------------------------------------------------------------------------------------

အထူးသဖြင့် ချင်းပြည်နယ်လွှတ်တော် ကအသက်မဝင်သေးဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က ခိုင်းမှလုပ် တတ်တဲ့ အမူအကျင့်ဟောင်းတွေနဲ့ အစိုးရ အဖွဲ့ဝန်ကြီးတွေထဲမှာ လူသားအရင်းအမြစ်အားနည်းမှုကြောင့်ပဲ။ ဒီတော့အောက်ခြေ ဝန်ထမ်းတွေကလည်း အရိုအသေတန်လာမယ်။ သူတို့က ဒီငါးနှစ်ပဲလုပ်မှာ။ ငါတို့က လစာပေးတာလည်းမဟုတ်ဘူးဆိုတဲ့ စိတ်ရှိနေကြတယ်။

အောက်တိုဘာ၁၀ရက်ထုတ် 7Day Newsဂျာနယ် အတွဲ(၁၁) အမှတ်(၃၁)တွင်ပါရှိသည့် ပြည်နယ်ဝန်ကြီးများ ဒေသတွင်းရှိ သက်ဆိုင်ရာဌာနများ အပေါ် သြဇာမလွှမ်းမိုး သတင်းမှ ချင်းတိုးတက်ရေးပါတီမှ ဦးငယ်ပီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment