Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၀.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စင်ကာပူ သင်ခန်းစာ

*****************************************

ဆောင်းပါးကဏ္ဍ

စင်ကာပူ သင်ခန်းစာ

ဇေယျသူ

(အောက်တိုဘာ ၂၀ရက်ထုတ် The Voice Weekly ဂျာနယ် အတွဲ(၈) အမှတ်(၄၂)မှ ထုတ်ယူတင်ပြချက်။)

မြန်မာ့အုပ်ချုပ်ရေးယန္တရားသည် အရည်အသွေးမြှင့်တင်ရေးအတွက် သမ္မတဦးသိန်းစိန်ခရီးစဉ်တွင် စင်ကာပူနှင့် မြန်မာတို့ သဘောတူညီခဲ့ကြပြီး  မြန်မာအစိုးရအရာရှိကြီးများ  စင်ကာပူနိုင်ငံတွင် သင်တန်းများ တက်ရောက်လျက်ရှိကြပြီ။ စင်ကာပူမှရရှိခဲ့သော အကြံဉာဏ်များသည် မြန်မာနိုင်ငံ ဖွံ့ဖြိုး ရေးကို တစ်နည်းနည်းဖြင့် သြဇာသက်ရောက်မည်ဖြစ်သည့်အတွက် စင်ကာပူပုံစံ နိုင်ငံတည်ဆောက်ရေး (Singapore Model) မြန်မာနိုင်ငံတွင်  အလုပ် ဖြစ်နိုင် မဖြစ်နိုင်ကို လေ့လာရန်လိုအပ်သည်။  မည်သည့်နေရာတွင် မြန်မာနိုင်ငံနှင့် အပ်စပ်သည်၊ မည်သည့်နေရာတွင် မြန်မာနိုင်ငံနှင့် မအပ်စပ်နိုင်တို့ကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်။

စင်ကာပူသည် ဒေသတွင်းသာမက တစ်ကမ္ဘာလုံးတွင် အအောင်မြင်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သောကြောင့် အတုယူရန်များစွာရှိကြောင်း အထူးပြောစရာမလို။ စင်ကာပူသည် ဖြေမဲ့လက်မဲ့ သုညဘဝမှ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ မျိုးဆက်တစ်ဆက်ခွဲကာလ (နှစ်သုံးဆယ်) အတွင်း ခုန်ပြန်ကျော် လွှား တက်လာခဲ့သည်။ စင်ကာပူတက္ကသိုလ်သို့၏ အဆင့်အတန်းသည်လည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များနှင့် ပုခုံးချင်းယှဉ်နိုင်ပြီး စင်ကာပူ ထိပ်တန်း တက္ကသိုလ်များသည် အာရှထိပ်တန်း တက္ကသိုလ်များစာရင်းတွင်  တစ်မှတစ်ဆယ်အတွင်း ပုံမှန်ဝင်လိုနေကြသည်။ ယခုဆောင်းပါးတွင် စာရေးသူ မီး မောင်းထိုးပြလိုသည်မှာ စင်ကာပူမော်ဒယ်ကို မြန်မာပြည်ကအတုယူရာတွင် မဖြစ်မနေသတိထားရမည့် စင်ကာပူနှင့် မြန်မာအခြေခံ ကွာဟချက်များ ဖြစ်သည်။

နိုင်ငံလော၊ မြို့လော

စင်ကာပူသည် နိုင်ငံယောင်ဆောင်ထားသော မြို့ဖြစ်သည်။ နိုင်ငံတစ်ခု၏ င်္ကြန်အင်လက္ခဏာများပါသော မြို့တစ်မြို့ဟုဆိုရမည်။ အင်္ဂလိပ်ဘာ သာဆိုလျှင် City Stateမြို့ပြနိုင်ငံဖြစ်သည်။ လူဦးရေငါးသန်းသာရှိပြီး ရန်ကုန်မြို့၏ လူဦးရေခန့်နှင့် ရန်ကုန်မြို့အကျယ်အဝန်းခန့်သာ ရှိသည်။

စင်ကာပူသည် သေးငယ်လွန်းသောကြောင့် တစ်ချက်မှားသွားလျှင် အားလုံးပြန်အဖတ်ဆယ်မရနိုင်၊ သောက်သုံးရေကို ပြည်ပမှ ဝယ်ယူရသော ကြောင့် စင်ကာပူကိုသတ်လိုလျှင် အထူးအထွေလုပ်ရန်မလို၊ ရေဖြတ်လိုက်ရုံ။ ထိုသို့အတိမ်းအစောင်းမခံသည့်အတွက် စင်ကာပူသည် လုံခြုံရေးကို အဓိက ထားသည်။ လုံခြုံရေး အဓိကထားသောကြောင့်  ထိန်းချုပ်ခြင်းကို အားသန်သည်။ အပ်ကျသည်ကိုပင် အစိုးရက သိနိုင်သောအခြေအနေ ဖြစ်လာသည်။ သေးလွန်းသောကြောင့် အုပ်ချုပ်ရေးစနစ်တွင် အထက်နှင့်အောက် အဆင့်နည်းပါးသည်၊ အလွှာနည်းသည်။ စင်ကာပူ၏ အုပ်ချုပ်ရေးသည် အကောင်းဆုံး သော အုပ်ချုပ်ရေးများထဲတွင် ပါဝင်သော်လည်း စင်ကာပူ၏ လုပ်ပုံကိုင်ပုံများကို မြန်မာနိုင်ငံက လိုက်ပါလုပ်လိုက်လျှင် အောင်မြင်နိုင် မအောင်မြင်နိုင် စဉ်းစားဖို့ လိုသည်။ မြန်မာနိုင်ငံသည် လူဦးရေ သန်း၆၀နှင့် အရှေ့တောင်အာရှတွင် မြေနေရာ တစ်စပ်တစ်ဆက်တည်း အကြီးအမားဆုံးနိုင်ငံ၊ ဗြိတိန်နှင် ပြင်သစ်နှစ်နိုင်ငံပေါင်းသလောက် ကျယ်ဝန်းသည့်နိုင်ငံဖြစ်သောကြောင့် စင်ကာပူနှင့် သဘောသဘာဝချင်း ကွာခြားသည်။

မြို့နှင့်တော

စင်ကာပူတွင် ကျေးတောသားမရှိ၊ မြို့သူမြို့သားချည်းဖြစ်သည်။ ထို့ကြောင့် စင်ကာပူကို ကွပ်ကဲရာတွင် အုပ်ချုပ်ရေးစနစ်သည် မြို့ပြစီမံကွပ်ကဲ မှု (Urban Management)နှင့် လုံလောက်သည်။ စီမံကိန်းချရာတွင်လည်း မြို့ပြစီမံကိန်း(Urban Planning)နှင့် လုံလောက်သည်။ မြန်မာနိုင်ငံသည် လူနေ ကျဲပါးသေးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး ဖွံ့ဖြိုးလိုလျှင် ကျေးလက်ဖွံ့ဖြိုးရေး (Rural Development)မဖြစ်မနေ ဆောင်ရွက်ရမည်။

လယ်ယာ

အရှေ့တောင်အာရှနိုင်ငံအများစု တိုးတက်လာခြင်း၏အစ မြစိမ်းရောင်တော်လှန်ရေး (Green Revolution) ကဟု ဆိုရလောက်အောင် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းသည် အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်အောင် အဓိကအခန်းကဏ္ဍမှ စွမ်းဆောင်ပေးခဲ့သည်။ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့သည် မြစိမ်းရောင်တော်လှန်ရေးဖြင့် စခဲ့ပြီးမှ တစ်ဆင့်ချင်းတက်သွားရခြင်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ ၇၀ရာခိုင် နှုန်းမှာ လယ်ယာကဏ္ဍနှင့် တနည်းမဟုတ်တနည်း ပတ်သက်နေပြီး မြေလွတ်မြေရိုင်းပေါများခြင်း၊ ရေခံမြေခံကောင်းမွန်၊ လုပ်သားပေါများသောကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့တွင် ဖွံ့ဖြိုးနိုင်ခြေ မြင့်မားသည်။ မြန်မာ့ရည်မှန်းချက်မှာ စက်မှုနိုင်ငံဖြစ်သော်လည်း ဖွံ့ဖြိုးရေးကို လယ်ယာနှင့် စတင်မောင်း နှင်မည်ဟု  ပြည်တွင်းပြည်ပပညာရှင်များကည တစ်ခဲနက် သဘောတူထားကြသလို နိုင်ငံတော်၏ စီမံကိန်းများတွင်လည်း ထည့်သွင်းရေးဆွဲထားပြီး ဖြစ် သည်။ စင်ကာပူသည် မြေလွတ်မြေရိုင်းမရှိ မိုးမျှော်တိုက်များဖြင့် ကွန်ကရစ်တောကြီးမျက်မည်း (Concrete Jungle)။ အရိုင်းဆန်စရေန် တမင်ပစ်ထား သော မြေကွက်လပ်များသာ ရှိသည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် အခြေခံကျသော လယ်ယာပြုပြင်ပြောင်းလဲရေးကို စင်ကာပူထံမှာ သင်ယူမရနိုင်။

ကွဲပြားခြားနားခြင်း

စင်ကာပူသည် ‘အရောင်စုံ အသွေးစုံတို့ ယှဉ်တွဲနေထိုင်သည့် လူ့အသိုက်အမြုံ’ (Divrese Society) ဟု မိမိကိုယ်ကို သတ်မှတ်လေ့ရှိသော်လည်း တိုင်းရင်းသားပေါင်း ၁၃၅မျိုးရှိသည့် မြန်မာနိုင်ငံလောက်မူ အရောင်အသွေးမစုံလင်နိုင်။ ပထဝီအနေအထား ကွဲပြားခြားနားမှုမျိုးတွင် ပိုပြီးအလှမ်းကွာလှ သည်။ မြန်မာနိုင်ငံသည်  နှင်းဖုံးတောင်များရှိသလို ပင်လယ်ကမ်းရိုးတန်းလည်း ရှည်လျားလှသည်။ မြစ်အသွယ်သွယ်  ခက်ဖြာစီးဆင်းနေသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိသလို မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် သဲကန္တာရနီးနီး ပူပြင်းခြောက်သွေ့သည်။ ထိုသို ပထဝီဝင်အနေအထားခြင်း ကွာခြားလှသည့် ဒေသအသီးသီးတွင် နေထိုင်သူတို့၏ ကွဲပြားခြားနားသော လိုအပ်ချက်များကို လိုအပ်ချက်အလိုက် ဆီလျော်အောင် ဖြည့်ဆည်းပေးရန်မှာ မြန်မာနိုင်ငံအ တွက် ကြီးမားလှသည့် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်သည်။ မြန်မာပြည်မြောက်စွန်း ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင်နေထိုင်သူနှင့် တောင်စွန်း တနင်္သာရီ တိုင်း ကော့သောင်းမြို့နယ်တွင်နေသူတို့ လိုအပ်ချက်များ  မကွာဟ။

သဘာဝသံယံဇာတ

စင်ကာပူတွင် သဘာဝသံယံဇာတ နတ္ထိ ရေပင်ဝယ်သောက်ရသည်။ စင်ကာပူသည်  နိုင်ငံသားတို့၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ လူသား သံယံဇာတ သက်သက်ဖြင့် အချိန်တိုအတွင်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။  စင်ကာပူတွင် သဘာဝသံယံဇာတမရှိသဖြင့် အာရုံထွေပြားစရာမရှိ၊ လူသားသံယံဇာတ သာ အားကိုးရာဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည် သဘာဝသံယံဇာတ ကြွယ်ဝသည်။ တွင်းထွက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း ပေါကြွယ်ဝသလို သစ်တောနှင့် မြစ်ချောင်း အင်းအိုင်တို့ ပေါများသည်။ လောလောဆယ်တွင် သဘာဝသံယံဇာတကို ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်သေးသောကြောင့် သံယံဇာ တကျိန်စာ  (Resource Curse) သင့်နေသလို ဖြစ်နေသော်လည်း လုပ်တတ်ကိုင်တတ်လျှင် “သဘာဝသံယံဇာတ မင်္ဂလာ” (Resource Blessing)အဖြစ် ပြောင်းသွားကာ တိုင်းပြည်ဖွံ့ဖြိုးရေးကို အရှိန်အဟုန်ဖြင့် ဆွဲတင်နိုင်မည်။ ထိုသို့ မြန်မာနိုင်ငံအတွက် အလွန်လိုအပ်သည့် သဘာဝသံယံဇာတ စီမံခန့်ခွဲမှု (Natural Resource Management) ဖြင့် တိုင်းပြည်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းမျိုး စင်ကာပူအတွေအကြုံမှ လေ့လာမရနိုင်။

နိုင်ငံရေးစနစ်

စင်ကာပူဖွံ့ဖြိုးတိုးတက်အောင် စတင်ချိန် ၁၉၆၅ မှအောင်မြင်ချိန် ၁၉၉၀အထိ နှစ်ဆယ့်ငါးနှစ်အတွင်း ဝန်ကြီးချုပ်မှာ လီကွမ်ယု၊ ဂိုချောက်ထောင်၊ လီရှန်လွန်း ဝန်ကြီးချုပ်သုံးယောက် သာရှိသေးသည်။ စင်ကာပူ စတင်လွတ်လပ်ရေး ရကတည်းက လီကွမ်ယု၏ People Action Party PAPက အာဏာ ဆက်တိုက်ရယူထားနိုင်ခဲ့ပြီး အတိုက်အခံပါတီသည် PAPကို စိန်ခေါ်နိုင်ပုံမပေါ်သေး။ ခြုံပြောရလျှင် စင်ကာပူသည စနစ်တည်ငြိမ်သလို ခေါင်းဆောင် အပြောင်းအလဲလည်း နည်းသည်။ မြန်မာနိုင်ငံမှာ ယခုမှ စနစ်သစ် စတင်စရှိသေးသည့်အတွက် စနစ်မငြိမ်သေး။ စနစ်သစ်လည်ပတ်ပုံ၊ ပျော့ကွက်ကောင်း ကွက်များကို တိုင်းသူပြည်သားများကို သာမကနိုင်ငံရေးသမား၊  နိုင်ငံရေးသိပ္ပံပညာရှင်တို့ပင် နားလည်ရန် ကြိုးစားနေကြရသည်။ ဒီမိုကရေစီ နည်းစနစ် အားဖြင့် ငါးနှစ်တစ်ကြိမ် အစိုးရအတင်အချ ပြုလုပ်မည်ဖြစ်သောကြောင့် အလှည့်ကျစနစ်နှင့် အသားကျရန် ကြိုးစားရဦးမည်။ ခြုံပြောရလျှင် နိုင်ငံရေးစနစ် နှင့် နိုင်ငံရေးယဉ်ကျေးမှု(Political Culture)ချင်း မတူ။

Singaore Story ခေါ် စင်ကာပူတို့ ဖွံ့ဖြိုးတိုးတက်ပုံဇာတ်လမ်းသည် ကျွန်းငယ်လေးတစ်ခု ကိုယ်ထူကိုယ်ထဖြင့် အောင်မြင်လာသော  အားကျ ဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သည်။ ဘာမျှမရှိသောဘဝမှ ကြီးပွားအောင်လုပ်ပုံ၊ တိုင်းငယ်ပြည်ငယ်ဖြစ်သော်လည်း နိုင်ငံကြီးများ လေးစားရသည့် ဘဝ ရောက်အောင် မည်သို့ဆောင်ရွက်ရပုံ၊ တစ်ခုတည်းသော အရင်းအမြစ်ဖြစ်သည့်  (Human Capital) ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ပုံ စသည်ဖြင့် စင်ကာပူထံမှ မြန်မာက လေ့လာသင်ယူစရာ များစွာရှိသည်။ တစ်ချိန်တည်းတွင် မွေးရာပါဇာတိအရ ကွဲပြားသည့်အတွက် မည်သို့မျှ ထပ်တူမကျနိုင်သည့် မေးခွန်းများစွာ ရှိကြောင်းလည်း သတိပြုနိုင်ပါမှ ယူသင့်ယူထိုက်သည်များကို ယူနိုင်မည်ဖြစ်ပြီး Myanmar Story ကို အောင်မြင်စွာ ရေးသားနိုင်မည်။

***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment