Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၃.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မှန်မှန်နှင့်မြန်မြန်

*****************************************

ဆောင်းပါးကဏ္ဍ

မှန်မှန်နှင့်မြန်မြန်

(အောက်တိုဘာလ ၂၅ ရက်နေ့ထုတ်၊ ရန်ကုန်တိုင်း အတွဲ(၈)၊ အမှတ် (၄၁)တွင်ပါရှိသော ဆောင်းပါးရှင်ကျော်ဆွေ-ခင်ဦး၏ ဆောင်းပါးအား ကောက်နှုတ်ပါသည်)

လူ့အခွင့်အရေး(Human Right)ဆိုပြီး တစ်ကမ္ဘာလုံးနေရာအနှံ တောင်းဆိုတာ၊ ဆွေးနွေးညှိနှိုင်းတာ၊ အရေးယူပိတ်ဆို့တာ စတဲ့သတင်းတွေ အမြဲဖတ်နေရပါတယ်။ မြန်မာနိုင်ငံမှာလည်း လူ့အခွင့်အရေးရရှိဖို့ဆိုတာတွေ နေရာတိုင်းကြားနေရပါပြီ။ ယနေ့အချိန်မှာ လူ့အခွင့်အရေးကို ရှေ့တန်းတင်သည့် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေတဲ့ အစိုးရသစ်လည်း ကျွန်တော်တို့ဆီမှာရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ မရှိသင့်တော့သော်လည်း နေရာတော်တော်များများမှာ ရှိနေဆဲဖြစ်ပါတယ်။ကျွန်တော်တို့တစ်တွေဟာ မွေးကတည်းက ရသင့်ရထိုက်တာကို မရခဲ့တာများလာတဲ့အတွက် အချို့ကိစ္စတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှန်း မသိကြပါဘူး။

ဥပမာ-ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ လျှပ်စစ်မီးနဲ့ သောက်သုံးရေရှိမှုကိုပဲ လေ့လာကြည့်ပါ။ မီးပျက်တာ၊ မီးဖြတ်တာ၊ မီးအားမပြည့်တာ၊ ရေမလာတာ၊ ရေဖြတ်တာတွေကို တစ်ရပ်ကွက်လုံး တစ်ခါတရံတစ်မြို့လုံးေ ပးချင်သလိုပေးချင်သလိုပေး၊ ဖြတ်ချင်သလို ဖြတ်တာခံကြရဘူးမယ် ထင်ပါတယ်။ မီးရေဖြတ်ခံရတဲ့အတွက် ဆက်စပ်တဲ့လုပ်ငန်းတွေ ဘယ်လောက်ဆုံးရှုံးသည်ဖြစ်စေ ဘယ်သူမှလည်း တင်ပြရကောင်းမှန်းမသိသလို ဘယ်သူကမှလည်း တောင်းပန်ရမှန်း၊ ပေးလျော်ရမှန်း မသိကြပါဘူး။ နိုင်ငံအတော်များများမှာတော့ ရေလိုင်း၊ မီးလိုင်းပြင်လိုပါက သုံးစွဲသူကိုကြိုတင် အသိပေးရပါတယ်။ အသိမပေးဘဲ မီး၊ရေဖြတ်ပါက နစ်နာမှုအတွက်သုံးစွဲသူက တရားစွဲလို့ရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ မီးတွေ၊ ရေတွေပေးတဲ့ အနိမ့်ဆုံးဝန်ထမ်းတွေဖြစ်တဲ့ ပလိုင်ယာလေး ခါးကြားထိုးထားသောလိုင်းမင်းလို ခွလေးတစ်ချောင်းကိုင်ထားသော ရေလိုင်းချိန်းသူတွေကို တရားစွဲဖို့ထက် လက်ဖက်ရည်ဖိုးပေးဖို့ ကြိုးစားနေကြရပါတယ်။ အလားတူ တယ်လီဖုန်းတွေလိုင်းကျလို့ ဆက်မရတာ၊ အင်တာနက်ကြည့်မရတာ စတာတွေကို နေရာအတော်များများမှာ ပြည်သူတွေနေ့စဉ်လိုလို ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ ဒါသည်ဖြစ်ရိုးဖြစ်စဉ် သာမန်ကိစ္စမဟုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်တာ ဖြစ်ပါတယ်။ ဒါကိုလည်း ပြည်သူတွေနဲ့ ဝန်ထမ်းတွေနားလည်ဖို့လိုပါတယ်။

ကျွန်တော်တို့တစ်တွေ ဒီထက်တစ်ဆင့်တက်ပြီး ယာဉ်တိုက်မှုဖြစ်စဉ်တွေကိုကြည့်ပါက လူကိုကား(သို့မဟုတ်)ဆိုင်ကယ်က တိုက်တာဖြစ်စေ၊ ယာဉ်တစ်စီးနဲ့တစ်စီး တိုက်တာပဲဖြစ်စေ ဒဏ်ရာရတဲ့သူတွေကို အချို့နေရာတွေမှာ မကူညီရဲဘဲပစ်ထားရင်းက သွေးထွက်လွန်သေကြရတာတွေ ရှိပါတယ်။ ဒဏ်ရာရသူသွေးထွက်လွန်ရင် သေသွားနိုင်တယ်ဆိုတာ လူတိုင်းသိကြသော်လည်း ပါဝင်ပတ်သက်လိုက်တာနဲ့ အချိန်ကုန်၊ ငွေကုန် စိတ်ဆင်းရဲရတာတွေ ကြုံတွေ့ကြရပါများတော့ မကူညီရဲတဲ့အဖြစ်ရောက်ပြီး ဒဏ်ရာရသူက အကူအညီမဲ့ကာ အသက်ဆုံးရှုံးကြရပါတယ်။

တစ်ချို့သော သင်တန်းကျောင်းတွေမှာ ကလေးတွေနဲ့ကလေးမိဘတွေ ကြုံကြရတာလဲ ရေးပြလိုပါတယ်။ သင်တန်းကျောင်းတွေမှာ စီနီယာ၊ ဂျူနီယာ အစ်ကိုနဲ့ညီ အုပ်ချုပ်ခိုင်းကြတာတွေ ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ ငယ်သူကိုကြီးသူက ကူညီစောင့်ရှောက်စေဖို့ဖြစ်ပါတယ်။ သို့သော် စီနီယာတွေက စုထိုးလို့၊ အနိုင်ကျင့်လို့၊ နှိပ်စက်လို့ ကျိုးပဲ့အနာတရဖြစ်တာတွေ၊ ဆေးရုံတက်ရတာတွေ နောက်ဆုံးမှာ အငယ်တွေ ကြောက်လန့်ပြီး ကျောင်းထွက်ရတာတွေ ထိရှိပါတယ်။ ဘယ်လိုကျောင်းတွေမှာ ဖြစ်ကြတာလဲမေးရင် ဖြေရမှာကိုအလွန်ရှက်ဖို့ကောင်းပါတယ်။ ပြီးတော့ တစ်နှစ်တည်း တစ်ကျောင်းတည်းဖြစ်တာမဟုတ်ပါဘူး။ ဒီတော့ ကလေးနဲ့ကလေးမိဘတွေရဲ့ လူ့အခွင့်အရေးဆိုတာကို သက်ဆိုင်ရာကျောင်းအုပ်များ စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။

နောက်ပြီး လက်နက်ကိုင်ဆောင်ရတဲ့ ပြည်သူတွေရဲ့လုံခြုံရေးကိုတာဝန်ယူထားတဲ့ ဝန်ထမ်းတချို့လုပ်ငန်း တာဝန်ထမ်းဆောင်ရင်း လက်လွန်လို့ဆိုတဲ့ အသုံးအနှုန်းနဲ့ အစစ်အဆေးခံကြရသူတွေ အသက်သေတာတွေ မကြာခဏ ကြားနေဖတ်နေရပါတယ်။ လူရှိလို့ လူ့အခွင့်အရေး ဆိုတာရှိတာပါ။ လူကိုသတ်လိုက်ခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်မှုမှာ အမြင့်ဆုံးဖြစ်ပါတယ်။ ဓားပြတစ်ယောက်၊ သူပုန်တစ်ယောက်က ပြည်သူ တစ်ဦးကိုသတ်တာက သူပိုင်လက်နက်ကိုသုံးတာဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးက ပြည်သူကိုသတ်တာကတော့ ပြည်သူပေးတဲ့လစာ၊ ပြည်သူပေးတဲ့ လက်နက်နဲ့ ပြည်သူက အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်ကို တလွဲသုံးတဲ့အတွက် ဓားပြ၊သူပုန်တွေကျူးလွန်တဲ့ အပြစ်ထက် ပိုကြီးမယ်ထင်ပါတယ်။ ဒီလို အဖြစ်အပျက်တွေရဲ့နောက်မှာ သေဆုံးသူတွေရဲ့မိသားစုဝင်တွေ ဆက်ပြီးခြိမ်းခြောက်ခံရတာတွေလည်း ရှိပါတယ်။ ဒါဟာ ပြည်သူတွေရဲ့လုံခြုံမှုကို ထိပါးတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးတာလည်းအနှစ် ၆၀ ကျော်ခဲ့ပြီ၊ ခေတ်တွေလည်း အမျိုးမျိုးပြောင်းခဲ့ပြီ။ သို့သော် ယနေ့အထိ လူ့အခွင့်အရေးချိုးဖောက်တာတွေကို မတားဆီးနိုင်သေးပါဘူး။

ဒီနေရာမှာ ၁၉၈၈ ခုနှစ်က နယ်သာလန်နိုင်ငံမှာ ကျွန်တော်ကျောင်းတက်စဉ်က တွေ့ခဲ့ဖူးတဲ့ တိရိစ္ဆာန်လေးတွေကို ကာကွယ်ပေးကြတာလေး တစ်ချို့ရေးပြလိုပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့ ကျောင်းသားတွေနေကြတဲ့ အဆောက်အအုံက လမ်းမကြီးဘေးလမ်းသွယ်နှစ်ခုကြားမှာ တည်ရှိတဲ့ ၁၄ ထပ် ရှိသော ဟိုတယ်ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ တောင်ဘက်လမ်းမကြီးရဲ့ အခြားတဖက်တစ်ဖာလုံခန့်မှာ ရေကန်နဲ့တောတန်းလေးပါတဲ့ ပန်းခြံတစ်ခု ရှိပါတယ်။ တစ်ရက်မှာ ကျွန်တော်တို့ဟိုတယ်ရဲ့ ဘေးမှာကပ်လျက်ရှိတဲ့ မြက်ခင်းထဲက အလှအပလုပ်ထားတဲ့ချုံထဲမှာ တောဘဲမတစ်ကောင်ဝင်ဥပြီး အကောင်ပေါက်နေတာကို ဟိုတယ်ဝန်ထမ်းတွေ တွေ့သွားပါတယ်။ သူတို့တွေက တောဘဲမနဲ့ကလေးတွေကိုခြောက်လှန့်ပြီး မောင်းမထုတ်တဲ့အပြင် နောက်ရက်မှာ ဘဲမလေးတစ်ကောင် ကလေးလေးတွေနဲ့ ဝပ်နေပုံဆိုင်းဘုတ်လေးတစ်ခု ချုံနဲ့ခပ်လှမ်းလှမ်းလေးမှာ လာချပေးထားပါတယ်။

တစ်ပတ်လောက်အကြာမှာ တောဘဲမလေးက သူ့ကလေးတွေကို လမ်းမကြီးကိုဖြတ်ပြီး ရေကန်ရှိတဲ့ဆီကို ခေါ်ပါတော့တယ်။ ဘဲမလေးက ပျံနိုင်ပေမယ့် သူ့ကလေးတွေကမပျံနိုင်တော့  ဘဲမလေးကအရှေ့က ဘဲပေါက်စလေး ခုနစ်ကောင်နောက်က တန်းစီသွားနေတာပါ။ ဒီမှာတင် ယူနီဖောင်းဝတ်ထားတဲ့ ဝန်ထမ်းတစ်ဦးရောက်လာပြီး ကားတွေတားပေးထားပါတယ်။ တချို့ဆို ကားတွေပေါ်ကဆင်းပြီး ဘဲပေါက်စလေးတွေကို ဓါတ်ပုံ ရိုက်နေကြပါသေးတယ်။ ကျွန်တော်တို့ဆီမှာ ကလေးတွေကျောင်းဆင်းလို့ လမ်းဖြတ်ကူးတဲ့အခါ မော်တော်ပီကယ်တွေက ကားတားပေးသလိုပါပဲ၊ အလားတူပဲ နယ်သာလန်နိုင်ငံမှာ တောအုပ်တွေကြား ကားဖြတ်မောင်းရတဲ့အခါတိုင်း တောခွေး၊ ယုန်၊ သမင် စတဲ့အကောင် အရုပ်ကလေးတွေတွေ့ရ တက်ပါတယ်။ မေးကြည့်တဲ့အခါ တောကောင်လေးတွေ လမ်းဖြတ်လေ့ရှိတဲ့နေရာတွေမှာ  သူတို့ကိုမတိုက်မိစေဖို့ သတိပေးတဲ့အနေနဲ့ ဆိုင်းဘုတ်လေးတွေ ထားတာလို့သိရပါတယ်။ ဒါဟာ ဘာကိုပြလဲဆိုတော့ သူတို့ဆီမှာလူလူချင်းမပြောနဲ့ သူတို့နဲ့အတူရှိတဲ့ တိရစ္ဆာန်လေးတွေရဲ့ အခွင့်အရေးကိုလည်း စောင့်ရှောက်ပေးနေကြတာတွေ့ခဲ့ရပါတယ်

အထက်ကရေးပြတာက လွန်ခဲ့တဲ့ ၂၄ နှစ်ခန့်က အနောက်ဥရောပက နိုင်ငံတစ်နိုင်ငံမှာ ကျွန်တော်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့လည်းတစ်ဦးနဲ့တစ်ဦး စာနာမှုအပြည့်ရှိပြီး ဖြစ်ပါတယ်။ လိုနေတာကတော့ ပြည်သူတွေဗဟုသုတနည်းပါးတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ယနေ့အထိကိုယ်ခံရတာကို မပြောရဲတဲ့ အကြောက်တရား ဖြစ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်လိုသူများအတွက် အခွင့်အရေးတစ်ရပ်လို  ဖြစ်နေပါတယ်။ နောက်တစ်ခုက အရက်ယဉ်ကျေးမှုပါ။ လက်နက်ကိုင်ဆောင်ရတဲ့ အများဆုံးသောဝန်ထမ်းတွေဟာ အရက်နဲ့မကင်းကြတာတွေ များပါတယ်။ သူတို့တွေဟာ နေ့၊ ည တာဝန်တွေယူထားကြရပြီး လက်ထဲမှာလည်း လက်နက်ရှိတယ်။ အရက်ကလည်း =သောက်ထားတယ်ဆိုတော့ သူ့ခေါင်းထဲမှာ ဝန်ထမ်းစည်းကမ်းတို့၊ ဥပဒေတို့ဆိုတာရှိမှာ မဟုတ်ပါဘူး။ သင်တန်း(သို့မဟုတ်)ဌာနတစ်ခုမှာ တစ်ကြိမ်တစ်နေရာထက်ပိုပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ ဖြစ်ပေါ်နေပါက အပြစ်ကျူးလွန်သူကိုအရေးယူခြင်းထက် ဖြစ်ပေါ်လေ့ရှိတဲ့သင်တန်း(သို့မဟုတ်)ဌာနတစ်ခုလုံးကို သုံးသပ်ပြင်ဆင်ဖွဲ့စည်း(Reform)ဖို့လိုမယ် ထင်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်တာတွေကို အရေးယူရာမှာလည်း ချိုးဖောက်သူတစ်ဦးတည်း အရေးယူခြင်းထက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတစ်ခုလုံးနဲ့ ဌာနအကြီးအကဲတွေကို အရေးယူသင့်တယ်ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ယနေ့အခါမှာ ပြောင်းလဲမှုတွေရှိနေပါပြီ။ ဒီပြောင်းလဲမှုဟာ ငြိမ်းချမ်းတဲ့ပြောင်းလဲမှု(Peaceful Transitioning )လို့လည်း အမည်တပ်ကြတာရှိသလို တချို့ကလည်းဒီပြောင်းလဲမှုဟာ နူးညံ့စွာ ပြောင်းလဲတဲ့အတွက် ကတ္တီပါပြောင်းလဲမှု(Velvet Transitioning)လို့ပြောကြတာလည်းရှိပါတယ်။ သို့သော် ဘယ်လိုပဲပြောင်းလဲသည်ဖြစ်စေ ပြောင်းလဲမှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရဆဲ ပြည်သူတွေဆီ အမြန်ရောက်ဖို့တော့လိုပါတယ်။

***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment