Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၃.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး၌ လမ်းကြောင်းမှန်ပေါ်ရောက်ရှိဟု အမေရိကန်ပြော

(22 October 2012 ရက်စွဲပါ Reuters ၏ U.S says Myanmar'on right track' over North Korea arms   ties ကိုဘာသာပြန်ဆိုသည်)

  1. ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်နေသောမြန်မာကို ကုမ္မဏီများဝိုင်းရံလာ

(Business Day မှ 22 October 2012 ရက်စွဲပါ “ Businesses circle as Burma prepares investment law” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ရခိုင်ပြည်နယ်တွင် ပဋိပက္ခထပ်မံဖြစ်ပွား ၃ ဦးသေဆုံး

(BBC News မှ 22 October 2012 ရက်စွဲပါ “ Burma Rakhine violence: Three killed in clashes” သတင်းကို ဘာသာပြန်ဆိုသည်)

******************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး၌ လမ်းကြောင်းမှန်ပေါ်ရောက်ရှိဟု အမေရိကန်ပြော

(22 October 2012 ရက်စွဲပါ Reuters ၏ U.S says Myanmar'on right track' over North Korea arms   ties ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့်စစ်တပ်ချင်း ဆက်ဆံရေးကိုစွန့်လွှတ်ရန် လမ်းကြောင်းမှန်ပေါ်သို့ရောက်ရှိနေပြီဟု အမေရိကန်ပြည်ထောင်စုက ယုံကြည်ကြောင်းနှင့် ထိုကိစ္စမျိုးမှာအချိန်ယူရသည် ဆိုသည်ကိုလည်း အသိအမှတ်ပြုပါကြောင်း မြောက်ကိုရီးယား နျူးကလီယား အငြင်းပွားမှုဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်က တနင်္လာနေ့ကပြောကြားခဲ့သည်။

မြောက်ကိုရီးယား မူဝါဒနှင့်ပတ်သက်သော အမေရိကန်အထူးကိုယ်စားလှယ်က Glyn Davies Beiging တွင်သတင်းထောက်များသို့ ပြောကြားရာတွင် ဝါရှင်တန်သည် အဆိုပါဆက်ဆံရေးကို စိုးရိမ်နေဆဲဖြစ်ပြီး ထိုကိစ္စမှာ ယခင်မြန်မာအစိုးရလက်ထက်က စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

“မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ထင်ပါတယ်။ သူတို့ဟာ DPRK နဲ့ဆက်ဆံရေးကို အခြေခံကစပြီးပြောင်းပစ်ဖို့ မဟာဗျူဟာကျကျ ဆုံးဖြတ်ထားခဲ့ပါတယ်။ နောက်ဆုံး မြောက်ကိုရီးယားနဲ့ဆက်ဆံရေး ရပ်ဆိုင်းပစ်မှာပါ”ဟု Davies ကပြောသည်။

“ဒါပေမယ့် နှစ်နိုင်ငံဆက်ဆံရေးက ကြာပြီဆိုတော့ တဖြည်းဖြည်းအချိန်ယူရပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည်ပြီးခဲ့သည့်နှစ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးကိုလည်း ပုံမှန် ဖြစ်စေခဲ့သည်။ အမေရိကန်ကလည်း အရေးယူမှုများကို ဖယ်ရှားပေးခဲ့သည်။

ဇွန်လက မြန်မာနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံသည် ခရီးပေါက်ခြင်းမရှိသေးသည့် နျူးကလီယားဆိုင်ရာ သုတေသနလုပ်ငန်းများ စွန့်လွှတ်ခဲ့ပြီး၊ မြောက်ကိုရီးယားနှင့် နိုင်ငံရေးအရ၊ စစ်ရေးအရ နီးကပ်သောဆက်ဆံရေးကို နောက်ဆုတ်ခဲ့ကြောင်းပြောခဲ့သည်။

လွန်ခဲ့သောနှစ်နှစ်က မြန်မာနိုင်ငံသည် နျူးကလီယားလက်နက်အစီအစဉ်အရ မြောက်ကိုရီးယားထံမှ ယူရေနီယမ် သန့်စင်သည့်နည်းပညာ ရယူခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော အရေးယူမှုများကို လိုက်နာခြင်းရှိ၊ မရှိစောင့်ကြည့်သော ကုလသမဂ္ဂအဖွဲ့အစည်းကလည်း ပြုံယမ်း၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံကြား လက်နက်နှင့်ဆက်နွယ်သော သဘောတူညီချက်များ ရှိခဲ့သည့်သတင်းများကို စုံစမ်းစစ်ဆေးခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ ၂၀၀၉ ခုနှစ်က မအောင်မြင်သော ဒုံးကျည်စမ်းသပ်မှုများအပြီးတွင်၊ ကုလသမဂ္ဂက ကြီးလေးသော အရေးယူမှုများချမှတ်ခဲ့ပြီး ၎င်း၏အမြတ်အစွန်းကြီးသော လက်နက်ရောင်းဝယ်မှုကို ပိတ်ပင်ခဲ့သည်။ ၎င်း၏ အဓိကမဟာမိတ်ဖြစ်သော တရုတ်ကပင် အရေးယူမှုများကို လိုက်နာခဲ့သည်။

                                                    *****************************************

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်နေသောမြန်မာကို ကုမ္မဏီများဝိုင်းရံလာ

(Business Day မှ 22 October 2012 ရက်စွဲပါ “ Businesses circle as Burma prepares investment law” သတင်းကိုဘာသာပြန်ဆိုသည်)

မျှော်တလင့်လင့်စောင့်စားနေကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ရက်ပိုင်းအတွင်းအပြီးသတ် ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့ကပြောကြားသည်။ မြန်မာနိုင်ငံ၏ ပြိုကျသွားသောစီးပွားရေးကို ပြန်လည်ထူမတ်ရန် နိုင်ငံရပ်ခြားကုမ္မဏီများကို အစိုးရကစည်းရုံး ဆွဲဆောင်လျက်ရှိသည်။

ကြန့်ကြာနေသော ယင်းဥပဒေကြမ်းကိုလွှတ်တော်က ပြီးခဲ့သောလတွင် အတည်ပြုခဲ့သော်လည်း လိုအပ်ချက်များရှိနေသောကြောင့် ပြင်ဆင်ရန် သမ္မတကပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

အာဏာရပြီး ၁၈ လအကြာတွင်ပါတီအတွက် စည်းရုံးရေးဆင်းသည့်အနေဖြင့် ပြုလုပ်သည်ဟုယူဆရသော ပထမဆုံးရှားရှားပါးပါး ပြည်တွင်း သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန်က “ကျွန်တော်တို့ နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေပါတယ်”ဟု ပြောဆိုခဲ့သည်။

“ဒီအခွင့်အရေးတွေ ထွက်ပေါ်လာဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လုံးဝလိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုပြန်လည်ပြင်ဆင်ဖို့ လွှတ်တော်ကိုတင်ပြထားပါတယ်။ ဒီဥပဒေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ တစ်ထပ်တည်းဖြစ်ရမယ်။ ဒါမှ ရင်းနှီးမြှူပ်နှံသူတွေ ရောက်လာမှာပါ”ဟု ဦးသိန်းစိန်က ပြောကြားသွားသည်။

ပြည်တွင်းကုမ္မဏီများနှင့် ဖက်စပ်လုပ်ငန်းထုထောင်ရာတွင် နိုင်ငံခြားကုမ္မဏီများကို ၅၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခွင့်ပေးသော ယခင်ဥပဒေ မူကြမ်းသည် ကိုယ်ကျိုးစီးပွားကာကွယ်လွန်းသည်ဟု အချို့ကဆိုကြသည်။ ပြန်လည်ပြင်ဆင်နေသည့် ဥပဒေမူကြမ်းအသေးစိတ်ကိုမူ ယခုတိုင်မသိရ သေးပါ။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတကြွယ်ဝခြင်း၊ လူဦးရေများခြင်း(သန်း၆၀)၊ တရုတ်နှင့်အိန္ဒိယအကြား အကွက်အကွင်းကောင်းသော နေရာတွင်တည်ရှိနေခြင်းတို့ကြောင့် ဒေသတွင်း အလားအလာကောင်းသော နောက်ဆုံးပေါ်ဈေးကွက်သစ် တစ်ခုအဖြစ် ရင်းနှီးမြှူပ်နှံသူများစွာက ခန့်မှန်း ရှုမြင်ထားကြသည်။

မြန်မာအစိုးရ၏ နိုင်ငံရေးအပြောင်းအလဲများ ဆက်တိုက်ပြုလုပ်ပြမှုကို အနောက်အုပ်စုကတုန့်ပြန်သည့်အနေဖြင့် အရေးယူဒဏ်ခတ် Sanctions များကို ဆက်တိုက်ရုတ်သိမ်းနေသောကြောင့်၊ စီးပွားရေးစန်းထလာတော့မည့် မြန်မာ့ဈေးကွက်တွင်ဝေစုရရန် Coca-cola နှင့်  GE အပါအဝင် နိုင်ငံတကာကော်ပိုရိတ်ကုမ္မဏီကြီးများ ဝင်ရောက်အခြေချနေကြပြီ ဖြစ်သည်။

သြစတေးလျမှ Wood side Petroleum သည်လည်း တံခါးဖွင့်မြန်မာနိုင်ငံသို့ ဝင်ရောက်လာကာ၊ ရခိုင်ကမ်းလွန်တွင် တောင်ကိုရီးယား Daewoo နှင့်ရေနံ၊ ဓါတ်ငွေ့ ရှာဖွေရန် သဘောတူလက်မှတ်ရေးထိုးလိုက်ပြီဟု Business Day ကသောကြာနေ့တွင် သတင်း ထုတ်ပြန်ထားသည်။

သြစတြေးလျားကုမ္မဏီသည် ယင်းသဘောတူစာချုပ်လက်မှတ်ထိုးခြင်းဖြင့် အလားအလာအလွန်ကောင်းနေသော မြန်မာရေနံ၊ ဓါတ်ငွေ့ နယ်ပယ်၏တံခါးဝတွင် ခြေချလိုက်ခြင်းပင်ဖြစ်သည်။

                                                            *********************************************

ရခိုင်ပြည်နယ်တွင် ပဋိပက္ခထပ်မံဖြစ်ပွား ၃ ဦးသေဆုံး

(BBC News မှ 22 October 2012 ရက်စွဲပါ “ Burma Rakhine violence: Three killed in clashes” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအနောက်ပိုင်းရခိုင်ပြည်နယ်၌ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များအကြား ပဋိပက္ခဖြစ်ပွားမှုတွင် လူ ၃ ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိကျေးရွာအချို့တွင် အိမ်ခြေပေါင်း  ၃၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့က BBC သို့ ပြောကြားသည်။

ဇွန်လက ရခိုင်ပြည်နယ် အဓိကရုဏ်းကြောင့် အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း ယခုပထမဆုံးအကြိမ် အကြမ်းဖက်မှု ပြန်လည် ဖြစ်ပွားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လူပေါင်း ၁၀၀ ခန့်သေဆုံး၍ ထောင်၊ သောင်းချီကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသောအကြမ်းဖက်မှုများ ငြိမ်သက်သွားသော်လည်း တင်းမာမှုများတစ်ငွေ့ငွေ့ဖြင့် ကြီးထွားလျက်ရှိသည်။

ယခုနောက်ဆုံးအကြမ်းဖက်မှုမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သရက်အုပ်နှင့် ပရိန်ကုန်းကျေးရွာများတွင် တနင်္ဂနွေနေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက BBC သို့ ပြောကြားသည်။

တနင်္လာနေ့တွင်မူ အိမ်ပေါင်းများစွာ မီးလောင်ပြာကျသွားခဲ့သည်ဟု ဆိုသည်။

ယခုနောက်ဆုံးမီးလောင်မှုအတွက် ရခိုင်နှင့်မွတ်ဆလင်များ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲပြစ်တင်နေကြပြီး အကြောင်းရင်းမှန်ကို မသိရသေးဟု သတင်းများကဆိုသည်။

ဇွန်လက အကြမ်းဖက်အဓိကရုဏ်းနှင့်ပက်သက်၍ ကုလသမဂ္ဂဦးဆောင်သော စုံစမ်းရေးအဖွဲ့ကို မြန်မာအာဏာပိုင်များက ပယ်ချခဲ့သော်လည်း ပြည်တွင်းစုံစမ်းရေး ကော်မရှင်တစ်ရပ်ကို သြဂုတ်လတွင်ဖွဲ့စည်းပေးခဲ့သည်။

ထို့အပြင် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကမြန်မာနိုင်ငံတွင် ရုံးဖွင့်မည့်ကိစ္စကို သံဃာတော်များနှင့် ပြည်သူများ၏ ကန့်ကွတ် မှုကြောင့် အစိုးရက တားမြစ်ပိတ်ပင်ခဲ့သည်။ သို့သော် လူသားခြင်းစာနာကူညီမှုအစီအစဉ်များကိုမူ တားမြစ်ထားခြင်းမရှိကြောင်း မြန်မာအာဏာပိုင်များ က ထုတ်ပြန်ကြေညာ ထားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment