Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၅.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မီဒီယာဖြင့်လက်တွဲ၍

*****************************************

ဆောင်းပါးကဏ္ဍ

မီဒီယာဖြင့်လက်တွဲ၍

မိုးမြင့်ငြိမ်း

ရေအိုင်ထဲက ဖားသူငယ်လို

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် တပ်မတော်အာဏာသိမ်းပြီးသည့် အချိန်ကတည်းက နိုင်ငံတော်အကြီးအ ကဲများ၊ အစိုးရဗျူရိုကရက်များသည် သတင်းမီဒီယာများ၏ အာနိသင်ကို သိသည့်အားလျှော်စွာ လူ့အဖွဲ့ အစည်းအတွင်း လွတ်လပ်သည့် သတင်းမီဒီယာများကို တည်ရှိခွင့်မပေးဘဲ မိမိတို့အစိုးရ ယန္တရားပိုမိုကောင်းမွန်အောင် လည်ပတ်နိုင်ရေးအတွက်သာ မီဒီယာကိုဝါဒဖြန့်ချီရေးလက်နက်အဖြစ် အသုံးပြုခဲ့ကြသည်။ ရလဒ်အားဖြင့် မြန်မာ လူ့အဖွဲ့အစည်းသည်  ပွင့်လင်းမြင်သာမှုမရှိသည့် လူ့အဖွဲ့အစည်းအဖြစ် ရောက်ရှိခဲ့ရပြီး ပြည်ပ ကမ္ဘာနှင့် အဆက်အသွယ်ပြတ်ခဲ့သည်။ ဖွံ့ဖြိုးရေး ဘောဂဗေဒပညာရှင် အမတရာဆင်းပြောသကဲ့သို့ ရေအိုင်ထဲကဖားသူငယ်လို သတင်းမီဒီယာ ပွင့်လင်းလွတ်လပ်မှုမရှိသည့်အတွက်ကြောင့် ပြည်သူ အများမှာ ကိုယ့်လူ့အဖွဲ့ အစည်း ဘာဖြစ်လို ဖြစ်နေသည်၊ ဘယ်အခြေအနေရောက်နေပြီလဲကို သိရှိခဲ့ခြင်းမရှိပေ။

ဝါဒဖြန့်ချီရေးလက်နက်

              သို့နှင့် ကမ္ဘာ့တိမ်းညွန့်မှုများနှင့်အလှမ်းဝေးနေခဲ့ရပြီး ၂၀ ရာစုနှစ်တစ်လျှောက်လုံးယှဉ်ပြိုင်ခဲ့သည့် ideology ကြီးနှစ်ခု၏ နောက်ဆုံး ဇာတ်ကွက်ဖြစ်သော ဘာလင်တံတိုင်းပြိုကျခဲ့သည့် ဖြစ်ရပ်ကိုတောင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အသံသဲ့သဲ့လေးသာ ကြားသိခဲ့ရသည်။  န.ဝ.တ/ န.အ.ဖ စစ်အစိုးရလက်ထက်တွင်လည်း မှန်ကန်သည့် သတင်းအချက်အလက်များကို ပြည်သူများ သိရှိပိုင်ခွင့်မရှိဘဲ စောင်ရေ သန်းချီထုတ်ဝေသည့် နိုင်ငံပိုင်မီဒီယာများကို အသုံးပြု၍ ဝါဒဖြန့်ချီရေးလက်နက်အဖြစ်သာ အသုံးပြုခဲ့သည်။ စစ်အစိုးရလက်ထက်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့သော်လည်း ဗဟိုဦးစီးစနစ်ဖြစ်နေခြင်းကြောင့် နိုင်ငံသားအားလုံး တန်းတူဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့် ဈေးကွက် အခင်းအကျင်းမျိုးဖြစ်မလာဘဲ ခရိုနီအရင်းရှင်စနစ်သာ ကြီးထွားခဲ့သည်။ လွတ်လပ်သည့် မီဒီယာများမရှိသည့်အတွက်ကြောင့် လူ့အဖွဲ့အစည်းအတွင်း သတင်းစီးဆင်းမှု နှေးကွက်လျက်ရှိလေရာ ဈေးကွက်စီးပွားရေး၏ မတည်ငြိမ်မှုကိုလည်း အချိန်မီထိန်းသိမ်းနိုင်ဖို့ ခဲယဉ်းခဲ့သည်။ ဥပမာအားဖြင့် ၂၀၀၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် အာရှဓနဘဏ်ဒေဝါလီခံမှုမှာ ပြည်သူများ၏မယုံကြည်မှုအပေါ် တာဝန်ရှိသူများက သတင်းမီဒီယာများမှတစ်ဆင့် အချိန်မီရှင်းပြ ပေးနိုင်ခဲ့လျှင် ပြည်သူအများ ဆုံးရှုံးနစ်နာမည်မဟုတ်။ ယင်းဖြစ်စဉ်ကို တလောကဖြစ်သွားခဲ့သည့် ကမ္ဘောဇဘဏ် ကောလဟာလနှင့် နှိုင်းယှဉ်ကြည့်လျှင် သတင်းမီဒီယာလွတ်လပ်ခွင့် အရေးကြီးပုံအထင်းသား တွေ့မြင်ရမည်ဖြစ်သည်။ ကမ္ဘောဇဘဏ် တာဝန်ရှိသူများနှင့် ဗဟိုဘဏ်တာဝန်ရှိသူများမှ မီဒီယာ များမှတစ်ဆင့် အာမခံပေးခဲ့ခြင်းကြောင့် ပြည်သူများ၏ ယုံမှားသံသယများ ကင်းရှင်းသွားခဲ့လေသည်။

အစိုးရသစ်၏ မီဒီယာဖြေလျှော့မှုများ

ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ပြည်သူအများဆုံးမလိုလားသည့် ဝန်ကြီးဌာနကိုပြောပါဆိုလျှင် ပြန်ကြားရေးဝန်ကြီးဌာနသာ ဖြစ်ပါ လိမ့်မည်။ အကြောင်းရင်းမှာ ယခင်စစ်အစိုးရလို အစိုးရ၏အဓမ္မလုပ်ရပ်များအပေါ် ဗြောင်လိမ်ပေးနေသည့် ဝန်ကြီးဌာနဖြစ်နေမည်ကို စိတ်အချဉ်ပေါက် နေ၍ဖြစ်သည်။ သို့သော် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအောက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှာလည်း လူအပြောင်းအလဲ၊ မူ အပြောင်းအလဲများဖြင့် အသွင်သစ်ဖြင့် လှုပ်ရှားလာပြန်သည်။ သတင်းမီဒီယာ လွတ်လပ်ခွင့်အား တဖြည်းဖြည်း ဖြေလျှော့ပေးလာသည့်အတွက် ပုဂ္ဂလိက သတင်းမီဒီယာများ၏အရည်အသွေးမှာ တစ်ဟုန်ထိုးတက်လာခြင်းကြောင့် နိုင်ငံပိုင်မီဒီယာများအနေဖြင့်လည်း အသွင်မပြောင်းလျှင် ပြည်သူ၏ ယုံကြည်အားပေးမှုကို ရရှိတော့မည်မဟုတ်။ ထိုအတွက်ကြောင့် အောက်တိုဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် “နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှု သတင်းစာများအဖြစ် ကူးပြောင်းရေးပြင်ဆင်နေပြီဖြစ်သည်”ဟူသောသတင်းမှာ ပြန်ကြားရေးဝန်ကြီးဌာန၏ အရေးကြီးသည့် ခြေလှမ်းများပင် ဖြစ်သည်။ အမှန်စင်စစ် သတင်းအချက်အလက် သိရှိပိုင်ခွင့်အပြည့်ရှိသည့် ဒီမိုကရေစီနိုင်ငံများတွင် ပြန်ကြားရေးဝန်ကြီးဌာနဟူ၍ မရှိခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီရင့်ကျက် ခိုင်မာလာသည်နှင့်အမျှ ပြန်ကြားရေးဝန်ကြီးဌာနမှာ  ပျက်ပြယ်သွားမည်သာ ဖြစ်သည်။

မီဒီယာမှာ ကြောက်ရမည်မဟုတ်

သမ္မတဦးသိန်းစိန်အနေဖြင့် သတင်းမီဒီယာဖြေလျှော့မှုများ ပြုလုပ်လာခြင်းနှင့်အတူ မီဒီယာကိုပညာသားပါပါ ကိုင်တွယ်တက်လာလေပြီ ဖြစ်သည်။ ယခင်လို လွယ်အိတ်လေးတစ်လုံးဖြင့် သတင်းလိုက်နေသည့် ခပ်နွမ်းနွမ်းသတင်းသမား ပုံစံမျိုးမဟုတ်ဘဲ laptop ၊ smart phone များဖြင့် သတင်းယူနေသည့် ခေတ်ပြောင်းသတင်းသမားများကို အထင်သေး၍တိုက်ခိုက်ခဲ့လျှင် တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ခံရဖို့ရှိနိုင်သည်။ မီဒီယာကို ပါးပါးနပ်နပ် အသုံးပြုတတ်လျှင် အရေးကိစ္စအများစု ပြေလည်ပေမည်။ သမ္မတဦးသိန်းစိန် ပြည်တွင်း မီဒီယာများနှင့် နိုင်ငံတော်သမ္မတအိမ်တော်တွင် ပထမဆုံး လက်ခံတွေ့ဆုံစဉ်တုန်းက “ကျွန်တော်တို့မီဒီယာဟာ တကယ်တော့ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ နားတွေ၊ မျက်စိတွေပဲ ဖြစ်တယ်။ ပြည်သူတွေ သိဖို့အတွက်ကတော့ ပြည်သူသိအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အဖွဲ့တွေကတော့ ခင်ဗျားတို့အဖွဲ့တွေပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီကနေ့ဒီအစိုးရနဲ့ ကျွန်တော်တို့ ဒီလုပ်ဆောင်ချက်တွေက ဒီစတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့မီဒီယာနဲ့ ပေါင်းစပ်လိုက်မှသာလျှင် ဒါပိုမိုပြီးတော့ ထိရောက် အောင်မြင် မယ်လို့ ကျွန်တော်ခံယူပါတယ်။ မီဒီယာက ကျွန်တော်တို့ အစိုးရအတွက်တော့ အရေးကြီးတဲ့ဆက်သွယ်ရေး ယန္တရားတွေဖြစ်တယ်လို့ ခံယူထားပါ တယ်”ပာု ပြောကြားသွားခဲ့ပါသည်။ သမ္မတ၏မီဒီယာများသို့ပြောကြားခဲ့သည့် ဤလုပ်ရပ်နှင့်ဤစကားမှာ မြန်မာနိုင်ငံတွင် နိုင်ငံတော် အကြီးအကဲများနှင့် ဗျူရိုကရက်များတွင် မီဒီယာမှာကြောက်ရမည်မဟုတ်ဟူသော မှန်ကန်သောအသိ စတင်နိဒါန်းပျိုးခြင်းပင်ဖြစ်သည်ဟု ယုံကြည် ပါကြောင်း…..။

***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment