Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၃၁.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. စီးပွားရေးထွန်းတောက်သည့် အရှေ့တောင်အာရှထဲသို့ မြန်မာနိုင်ငံပြန်လည်ပူးပေါင်းမည်လော

(Mydesert.com မှ 25 Oct 2012 ရက်စွဲပါ Morris Beschloss ရေးသားသည့် Will Myanmar Rejoin the Economically Enlightened Southeast Asian Block? ကိုဘာသာပြန်ဆိုသည်)

  1. အိန္ဒိယ-အမေရိကန်-ဂျပန်တို့ အာဖကန်၊ မြန်မာနှင့် အာဖရိကတို့တွင် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်စဉ်းစား

(31 October 2012 ရက်စွဲပါ DNA မှ India, US and Japan mull development co-operation ကိုဘာသာပြန်ဆိုသည်)

  1. မုန်တိုင်း Sandy အမေရိကန်အရှေ့မြောက်ပိုင်းတွင် ပြင်းထန်စွာတိုက်ခတ်

(31 October 2012 ရက်စွဲပါ BBC News မှ Storm Sandy: Transport chaos as floods recede ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

 စီးပွားရေးထွန်းတောက်သည့် အရှေ့တောင်အာရှထဲသို့ မြန်မာနိုင်ငံပြန်လည်ပူးပေါင်းမည်လော

(Mydesert.com မှ 25 Oct 2012 ရက်စွဲပါ Morris Beschloss ရေးသားသည့် Will Myanmar Rejoin the Economically Enlightened Southeast Asian Block? ကိုဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှဒေသတွင်များစွာအရေးပါ အခရာကျသည့်မြန်မာနိုင်ငံသည် ဆယ်စုနှစ် ၂ ခုတာမျှ လွတ်လပ်မှုနှင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုမှုဟူသော အကြောင်းကိစ္စများ အသံမထွက်နိုင်အောင် ဖိနှိပ်ထားခဲ့သည့် စစ်အာဏာရှင်စနစ်အောက်သို့ ရောက်ရှိခဲ့သည်။ သို့တိုင်အောင် မြန်မာစစ် အာဏာရှင်စနစ်မှာ ဗင်နီဇွဲလားခေါင်းဆောင် ဟူဂိုချာဗက်ဦးဆောင်သည့် အစ္စလာမစ်လိုလားသော အာဏာရှင်အစိုးရမျိုးနှင့် မတူပေ။ မြန်မာစစ်အစိုးရ သည်  တရုတ်၊ ရုရှား သို့မဟုတ် အမေရိကန်ပြည်ထောင်စုအပါအဝင် ပြိုလဲနေသည့် အနောက်ကိုလိုနီ ကမ္ဘာနိုင်ငံများနှင့် ဇာတ်လမ်းရှုပ်ထွေးမှုမရှိအောင် နေထိုင်ခဲ့သည်။

လတ်တလော မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုပြိုလဲသွားပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ဆောင်မှုများအတွက် အလားအလာရှိမည့် သဘာဝသယံဇာတများကို လှစ်ဟပြလာသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်အောင်လည်း တံခါးဖွင့်လာခဲ့သည်။

နောက်ဆုံးထွက်ပေါ်လာသည့် အရိပ်လက္ခဏာများအရ စီးပွားရေးဆန်သော မြန်မာအစိုးရသစ်သည် တိုင်းပြည်၏ပမာဏ များပြားလှသည့် သဘာဝသယံဇာတများကို လေ့လာဆန်းစစ်လျက် ရှိသည်။ ထို့ပြင် မြန်မာအစိုးရသည် တိုင်းပြည်ကိုကျေးကျွန်ဖြစ်စေပြီး ဆင်းရဲတွင်းနက်စေသည့် စီးပွားရေးကန့်သတ်ပိတ်ပင်မှုများကို ဖယ်ရှားပေးလိုက်ပြီဖြစ်သည်။

လူဦးရေ သန်း ၅၀ မျှခန့်သာရှိခြင်းကြောင့် အရှေ့တောင်အာရှဒေသတွင်း အငယ်စားမှအလတ်စား နိုင်ငံများစာရင်း၌သာ ပါဝင်သော်လည်း မြန်မာနိုင်ငံသည် ပူးတွဲအိန္ဒိယဒေသနှင့် စီးပွားရေးထွန်းသစ်စ အရှေ့တောင်အာရှနိုင်ငံများ(ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား)အကြား ထူးခြားအရေးပါသည့် ချိတ်ဆက်တစ်ခုသဖွယ် ဖြစ်နေပါသည်။ စီးပွားရေးအရ တက်ကြွမှုရှိသည့် အရှေ့တောင်အာရှဒေသ၏ အခန်း ကဏ္ဍတွင် မြန်မာနိုင်ငံ၏ပူးပေါင်းပါဝင်မှုမှာ နည်းပါးခဲ့ခြင်းကြောင့် တိုင်းပြည်၏ များစွာသောသယံဇာတများမှာ ခေါင်းပုံဖြတ်အသုံးချခံရစေမည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာလည်း ပါဝါနှင့် အာဏာတည်တံ့ခိုင်မြဲရေးကိုသာ အဓိကစိတ်ဝင်စားသည့် စစ်အစိုးရ၏ ဆိုးဆိုးရွားရွား လျစ်လျူရှုမှုကြောင့်သာ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏များစွာသော သဘာဝသယံဇာတများတွင် ခဲမဖြူ၊ ငွေ၊ ခရိုမီယမ်သတ္တု၊ ကြေးနီ၊ ရွှေ၊ တွင်းထွက်ကျောက်မျက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ပါဝင်သည်။ နှစ်ပေါင်းများစွာ နိုင်ငံရေးဖိနှိပ်ချုပ်ခြယ်မှုများရှိခြင်းနှင့် ခေတ်မီနည်းပညာမရှိခြင်း အစရှိသည်တို့ကြောင့် မြန်မာပြည်တွင် ရှာဖွေတူးဖော်မှု မပြုလုပ်ရသေးသော ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များစွာပင် ကျန်ရှိနေသေးသည်။

ပို၍ဆိုရလျှင် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်သော အခြေခံအဆောက်အဦးများ မရှိသလောက်ပင် လျော့နည်းခဲ့သည်။ အဆိုပါ အခြေခံအဆောက်အဦးကောင်းများသာ ရှိမည်ဆိုပါက သတ္တုတူးဖော်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး အစရှိသည်တို့တွင် အဆမတန်တိုးတက်ဖွံ့ဖြိုးမှုများဖြစ်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သလို ရေရှည်အတိုင်းအတာတွင် မယုံနိုင်လောက်အောင် ကြွယ်ဝ ချမ်းသာသည့် အာရှနိုင်ငံတစ်နိုင်ငံဖြစ်အောင် ဖန်တီးနိုင်မည်သာဖြစ်သည်။ ထွန်းသစ်စဒီမိုကရေစီစနစ်၏ ကမကထပြုမှုဖြင့် မြန်မာခေါင်းဆောင်များ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင် မည်သို့လုပ်ဆောင်မည်ဟူသည်ကိုပင် ဆက်လက်စောင့်ကြည့်ရုံသာ ရှိပါတော့သည်။

                                                                ****************************************

 အိန္ဒိယ-အမေရိကန်-ဂျပန်တို့ အာဖကန်၊ မြန်မာနှင့် အာဖရိကတို့တွင် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်စဉ်းစား

(31 October 2012 ရက်စွဲပါ DNA မှ India, US and Japan mull development co-operation ကိုဘာသာပြန်ဆိုသည်)

အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည် အာဖကန်နစ္စတန်၊ မြန်မာနှင့်အာဖရိကတို့တွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အလားအလာများကို စစ်ဆေးလျက်ရှိကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက အင်္ဂါနေ့ကပြောကြားလိုက်သည်။

အိန္ဒိယ-အမေရိကန်-ဂျပန်တို့မှ အကြီးတန်းတာဝန်ရှိသူများ၏ သုံးပွင့်ဆိုင်အစည်းအဝေးကို အိန္ဒိယနိုင်ငံတွင် တနင်္လာနေ့က ကျင်းပအပြီးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားရာတွင် မြန်မာ၊ အာဖကန်နစ္စတန်နှင့် အာဖရိကတို့နှင့်ပက်သက်၍ ဆွေးနွေးရာ၌ အိန္ဒိယ-အမေရိကန်-ဂျပန်တို့သည် သီးခြားစီဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ လုပ်ဆောင်နေခြင်းအား မည်သို့ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည်ကို ဆွေးနွေးကြသည်ဟု ဆိုသည်။

“ဒီအိုင်ဒီယာက  အခုမှအစပျိုးရုံပဲ ရှိပါသေးတယ်။ နောက်ထပ်ဆွေးနွေးပွဲတွေမှာ ဒီအကြောင်းကိုဆက်ဆွေးနွေးမှာပါ”ဟု ၎င်းကပြောသည်။ အဆိုပါသုံးနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ၏ မဟာဗျူဟာအမြင်ကိုလည်း ဖလှယ်ခဲ့ကြသည်ဟုဆိုသည်။ ၎င်းတို့သည် တောင်တရုတ်ပင်လယ်အရေး၊ ပင်လယ်ဓါးပြ တွန်းလှန်ရေးနှင့် ရေကြောင်းသွားလာရေး၊ လုံခြုံမှုများအားကောင်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ပူးတွဲအတွင်းဝန်(အရှေ့အာရှ) Gautam Bambawale၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို တောင်နှင့်ဗဟိုအာရှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Blake နှင့် ဂျပန်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားဒုတိယဝန်ကြီး Kenji Hiramatsu တို့က ဦးဆောင် လာကြသည်။

                                                    *******************************************

မုန်တိုင်း Sandy အမေရိကန်အရှေ့မြောက်ပိုင်းတွင် ပြင်းထန်စွာတိုက်ခတ်

(31 October 2012 ရက်စွဲပါ BBC News မှ Storm Sandy: Transport chaos as floods recede ကိုဘာသာပြန်ဆိုသည်)

စန္ဒီ(Sandy)မုန်တိုင်းသည် အနည်းဆုံးလူ(၄၀)ခန့် သေဆုံးစေပြီး၊ သန်းပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့သည်။ အမေရိကန် အရှေ့မြောက်တစ်လွှား သယ်ယူပို့ဆောင်ရေးများ ပြတ်တောက်သွားခဲ့သည်။ စန္ဒီမုန်တိုင်းသည် ကနေဒါနိုင်ငံဖက် မြောက်ဖက်သို့ဦးတည်သွားခဲ့သည်။

နယူးယောက်မြို့တွင် လူ(၁၈)ဦးခန့်သေဆုံးပြီး၊ သတင်းတစ်စုံတစ်ရာမထုတ်ပြန်မီအထိ အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်အားလုံး ပိတ်ထားမည်ဖြစ်သည်။

လေကြောင်းခရီးစဉ်(၁၈၀၀၀)ကျော် ပယ်ဖျက်ခဲ့ရကြောင်း FlightAware ဝက်ဆိုဒ်က ခန့်မှန်းထားသည်။

အစောပိုင်းက စန္ဒီသည်ကယ်ရစ်ဘီယမ်(Caribbean)သို့တိုက်ခတ်ခဲ့ရာ လူ(၇၀)ခန့်သေဆုံးခဲ့သည်။

စန္ဒီသည် စံချိန်တင်တိုက်ခတ်ခဲ့ရာ မဟက်တန်(Manhattan)ဗဟိုသို့ ၁၄ ပေ(၄.၂မီတာ)အထိမြင့်ခဲ့ပြီး၊ ယခင်က ၁၉၆၀ ခုနှစ် ဟာရီကိန်း Donna တိုက်ခတ်စဉ်က ၁၀ ပေ(၃မီတာ)သာရှိခဲ့ကြောင်း National Weather Service ကပြောသည်။

မုန်တိုင်းကြောင့် အင်္ဂါနေ့နေ့လည်တွင် Appalachian တောင်များပေါ်သို့ဆီးနှင်းများ ထူထဲစွာကျခဲ့သည်။ စန္ဒီသည် နယူးယောက်ပြည်နယ် အနောက်ပိုင်းသို့ အင်္ဂါနေ့နေ့လည်တွင်ဦးတည်ပြီး ဗုဒ္ဓဟူးနေ့တွင်ကနေဒါသို့ ရွေ့သွားမည်ဟုခန့်မှန်းကြသည်။

မုန်တိုင်းကြောင့်အနည်းဆုံး အိမ်များနှင့် စီးပွားရေးလုပ်ငန်းများ ရှစ်သန်းခန့်လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ရကြောင်း အမေရိကန်စွမ်းအင်ဌာနက ပြောသည်။

New York Stock Exchange ကပြောကြားရာတွင် ၎င်းသည် နှစ်ရက်တာမျှပိတ်ထားခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟုဆိုသည်။ Nasdaq Exchange သည်လည်း ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။ စတော့အိတ်ချိန်း နှစ်ရက်တာမျှပိတ်ခဲ့ရသည့် နောက်ဆုံးအကြိမ်မှာ ၁၈၈၈ ခုနှစ်က ဖြစ်သည်။

နယူးယောက်၏ မြေအောက်သွားလာရေးစနစ်သည်(၁၀၈)နှစ်အတွင်း အဆိုးဆုံးပျက်စီးခြင်းဖြစ်ကြောင်း Metropoliton Transit Authority (MTA)မှ အကြီးအကဲ Joseph  Lhota ကပြောသည်။

မြေအောက်လှိုဏ်များ ရေလွှမ်းခံရပြီး၊ ကွန်ရက်များပြန်လည်မဖွင့်လှစ်မီ လျှပ်စစ်ပစ္စည်းကိရိယာများ ပြန်လည်သန့်ရှင်းရေးလုပ်ရမည် ဖြစ်သည်။

နယူးယောက်မြို့တော်ဝန် Michael Bloomberg ကပြောကြားရာတွင် မြေအောက်သွားလာရေးစနစ်များ ပြန်လည်စတင်မည့်အချိန်ကို မပြော နိုင်သေးကြောင်း သို့သော် ဘတ်စ်ကားများမှာမူ ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ပြေးဆွဲနိုင်မည်ဟုမျှော်လင့်ကြောင်း ဆိုသည်။

နယူးယောက်၏ အဓိကလေဆိပ်အားလုံးကို ပိတ်ထားရသည်။ အဘယ့်ကြောင့်ဆိုသော် လေယာဉ်ပြေးလမ်းများ ရေလွှမ်းသွားသောကြောင့် ဖြစ်သည်။

နယူးယောက်၏ နေရာအတော်များများတွင် လျှပ်စစ်မီးပြန်ပေးနိုင်ရန် နှစ်ရက်သုံးရက်ခန့် ကြာနိုင်ကြောင်း Mr Bloomberg ကပြောသည်။

နယူးဂျာစီနှင့် နယူးယောက်မြို့ကိုဆက်သွယ်ထားသော Path commuter ရထားစနစ်မှာမူ(၁၀)ရက်ခန့် ပိတ်ထားရဦးမည်ဖြစ်ကြောင်း နယူးဂျာစီမြို့တော်ဝန် Chris Christie ကသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မုန်တိုင်းမှ ဒီရေလှိုင်းလုံးများသည် ၇ ပေ (၂.၂၅မီတာ)ထိမြင့်ပြီး နယူးဂျာစီ Turnpike ၏မြင့်သောနေရာများသို့ ရထားကားငယ်များကို တင်သွားစေသည်ဟု ၎င်းကပြောသည်။

သမ္မတ Barack Obama သည်ရှေ့လာမည့်အပတ် သမ္မတရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ခြင်းလုပ်ငန်းများကို သုံးရက်မြောက်အဖြစ် ဆက်လက် ရပ်နားထားမည် ဖြစ်သည်။ သို့မှာသာ ၎င်းသည် သန့်ရှင်းရေးလုပ်ငန်းများတွင် ကြီးကြပ်နိုင်မည် ဖြစ်သည်။

၎င်း၏ ရီပက်ဗလစ်ကင်ပြိုင်ဖက် Mitt Romney သည် အင်္ဂါနေ့ကအဓိကမကျသော မဲဆွယ်မှုကိုပြန်လည်စတင်ခဲ့ရာ Ohio တွင် မုန်တိုင်း ကယ်ဆယ်ရေးအခမ်းအနားအဖြစ် အသွင်ပြောင်းခဲ့သည်။

Mr Romney အားပြင်းထန်စွာထောက်ခံသူ ရီပက်ဗလစ်ကင်တစ်ဦးဖြစ်သူ မြို့တော်ဝန် Christie သည်မုန်တိုင်းကိစ္စ ကိုင်တွယ်မှုနှင့်ပတ်သက်၍ ဒီမိုကရက်သမ္မတကို ချီးကျူးခဲ့သည်။

မုန်တိုင်းပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် ကုန်ကျမည့်ငွေမှာ ဒေါ်လာ ၃၀-၄၀ ဘီလီယံ (ပေါင် ၁၈-၂၄ဘီလီယံ)ရှိနိုင်ကြောင်း BBC ၏ စီးပွားရေးသတင်းထောက် Mark Gregory ကပြောသည်။ ၎င်းသည် ၂၀၀၅ ခုနှစ်ကဟာရီကိန်း Katrina ကြောင့် ကုန်ကျငွေဒေါ်လာ ၁၀၀ ဘီလီယံထက် နည်းပါးပါသေးသည်။

အခြားတိုးတက်မှုများမှာ

-ဝါရှင်တန်ဒီစီရှိ အမေရိကန် ဖက်ဒရယ်အေဂျင်စီများ ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

-နယူးယောက်မြို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Queens တွင်အိမ်ခြေ (၅၀)ခန့်မီးလောင်ခဲ့သည်။

-မီးပျက်သွားပြီး မီးစက်လည်းပျက်သွားသောကြောင့် နယူးယောက်တက္ကသိုလ်၏ Tisch ဆေးရုံမှလူနာ(၂၀၀)ကျော် ပြောင်းရွေ့ပေးခဲ့ရသည်။

-နျူကလီးယာ ရီအက်တာသုံးခုမှာ လျှပ်စစ်မီးနှင့် အအေးပေးစနစ် ပြဿနာများကြောင့်ပိတ်ထားရပြီး စတုတ္ထမြောက်ရီအက်တာမှာလည်း ရေတက် လာမှုကြောင့်တပ်လှန့်ထားရသည်။

သမ္မတ Obama သည် Massachusetts၊ Connecticut၊ Rhode Island၊ နယူးဂျာစီနှင့် Pennsylvania တို့တွင် အရေးပေါ်အခြေအနေကြေညာ ထားသည်။

 *****************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment