Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၃.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ပိုက်လိုင်းလုံခြုံရေးအတွက် အစိုးရတပ်များတပ်အင်အားပိုမိုတိုးချဲ့ 
  2. DATA စင်တာလုံခြုံနိုင်ရန် နည်းပညာအများအပြားအသုံးပြုရန် လိုအပ်

နိုင်ငံရေးသတင်း

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အတည်ပြုပြဋ္ဌာန်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ပိုက်လိုင်းလုံခြုံရေးအတွက် အစိုးရတပ်များတပ်အင်အားပိုမိုတိုးချဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပိုက်လိုင်းလုံခြုံရေးအတွက် နမ့်ဆန်နှင့် မန်တုံမြို့နယ်အကြားတွင် အစိုးရတပ်ရင်း ၁၀ ရင်းကျော်အပြင် တပ်အင်အား ပိုမိုတိုးချဲ့ထားရကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်အကြားတွင် အစိုးရတပ်နှင့် တိုင်းရင်းသားပူးပေါင်းတပ်များ မကြာခဏတိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။ ထို့ပြင် ပလောင်ဒေသတွင်လည်း အစိုးရတပ်နှင့် တိုင်းရင်းသားပူးပေါင်းတပ်တို့ မကြာခဏရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်အတွက် ဒေသခံပြည်သူများမှာ လွတ်ရာသို့ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်းသိရသည်။

ယခုကဲ့သို့ တိုင်းရင်းသားပူးပေါင်းတပ်များနှင့် တပ်မတော်တို့ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာ ပလောင်ဒေသတွင် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့၏ ပူးပေါင်းတပ်ဖွဲ့များက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်နေစဉ်အတွင်း အစိုးရတပ်များက လာရောက်ပစ်ခတ်ခဲ့သည့် အတွက်ကြောင့်ဖြစ်ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းရင်ဆိုင်တိုက်ပွဲများကြောင့် အစိုးရဘက်မှ ၈ ဦးထက်မနည်းသေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်များတွင် ဒဏ်ရာအနာတရ ဖြစ်ပွားမှုမရှိသေးကြောင်း သိရသည်။

     YC

                                ********************************************************************************

 DATA စင်တာလုံခြုံနိုင်ရန် နည်းပညာအများအပြားအသုံးပြုရန် လိုအပ်

မြန်မာ MICTDC ကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ Hitachi ကုမ္ပဏီတို့မှလာမည့် ၂၀၁၃ ခုနှစ်တွင် ပူးပေါင်းလုပ်ဆောင်သွားမည့် Data Center လုံခြုံရေး အတွက် နည်းပညာအများအပြား အသုံးပြုရန်လိုအပ်ကြောင်း ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလုပ်ဆောင်မည့် Data Center တွင်နိုင်ငံတော်အဆင့် လျှို့ဝှက်ထားသည့် သတင်းအချက်အလက်များကို သိုလှောင်သိမ်းဆည်းထားမည် ဖြစ်သည့်အပြင် ပြည်သူလူထု သိရှိနိုင်စေရန်အသုံးပြုမည့် သတင်းအချက်အလက်များကိုပါ သိမ်းဆည်းထားမည် ဖြစ်သည့်အတွက် Data Center လုံခြုံမှု ရှိစေရေးမှာ နိုင်ငံတော်အဆင့်လုံခြုံရေးကဲ့သို့ အထူးအရေးကြီးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း Data Center ပေါ်ပေါက်လာခြင်းအားဖြင့် အိုင်စီတီဖွံ့ဖြိုးမှုနည်းပညာရပ်များ တိုးတက်လာမည်ဖြစ်သည့်အပြင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါကလည်း ၎င်းတို့အတွက် Network Facilities နှင့် ဝန်ဆောင်မှုကောင်းများ ပေးသွားနိုင်မည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် Data Center ပေါ်ပေါက်ရေးအတွက် ပြည်တွင်းရှိ နည်းပညာကျွမ်းကျင်သူများက မိုဘိုင်းအက်ပလီကေးရှင်များ ရေးဆွဲလျက်ရှိပြီး ယင်းလုပ်ငန်းများပြီးမြောက်သွားပါက သတင်းများနှင့် အချက်အလက်များ Update ဖြစ်နိုင်စေရန် ဝန်ကြီးဌာနများနှင့်ချိတ်ဆက်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

      YC

******************************

နိုင်ငံရေးသတင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အတည်ပြုပြဋ္ဌာန်း

အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်ကြား အပြန်အလှန်ပြင်ဆင် ပေးပို့နေကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို နိုင်ငံတော်သမ္မတမှ နိုဝင်ဘာ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးအတည်ပြုပြီး ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတမှပြင်ဆင်၍ လွှတ်တော်သို့ပြန်လည်ပေးပို့သည့် အဆိုပါဥပဒေကြမ်းကို နိုဝင်ဘာ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့ပြီး သမ္မတမှပြင်ဆင်စေချင်သည့် ၁၁ ချက်တွင် ၁၀ ချက်ကို ပြင်ဆင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ယခုအခါတွင် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုအထူးရရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသင့်၊ မသင့် ယခုထုတ်ပြန်လိုက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို စောင့်ကြည့်လေ့လာလျက်ရှိကြောင်း သိရသည်။

ထိုသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ ပြဋ္ဌာန်းလိုက်သည့်အတွက် မြန်မာနိုင်ငံသို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်မည် ဖြစ်ခြင်းကြောင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအပေါ် အပေါင်းလက္ခဏာ ဆောင်သော်လည်း မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံ အားနည်းချက် အပါအဝင် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်နိုင်သည့် အိမ်နီးချင်းကမ္ဘောဒီယား၊ ဗီယမ်နမ်အစရှိသည့် နိုင်ငံများကြောင့်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာမှု အဟန့်အတားမဖြစ်စေရန် အစွမ်းကုန်ယှဉ်ပြိုင်သွားနိုင်ရန်လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဝေဖန်သုံးသပ်ပြောကြားသည်။

                         **********************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မြန်မာနိုင်ငံအစိုးရဟာ တံခါးခွင့်စနစ်ကျင့်သုံးမှုနဲ့ ပတ်သက်လို့ပြောရရင် ထူးခြားတဲ့အမြန်နှုန်းနဲ့ သွားနေပါတယ်။ လာမယ့်လတွေမှာ အဲဒီပေးစရာရှိတဲ့ ကြွေးကျန်ကိစ္စတွေ တစ်ခါတည်းရှင်းလင်းသွားပြီးတာနဲ့ ရန်ပုံငွေကူညီထောက်ပံ့မယ့်အစီအစဉ်ကို ကျွန်မတို့အနေနဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးလုပ်ကိုင် သွားမှာဖြစ်ပါတယ်။”

နိုဝင်ဘာလ ၅ ရက်နေ့ထုတ် The Voice Journal အတွဲ(၈)၊ အမှတ်(၄၄)တွင်ပါရှိသော “မြန်မာနိုင်ငံဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ချေးငွေ အထောက်အပံ့ကမ္ဘာ့ဘဏ်ပြန်လည်ပေးအပ်”သတင်းမှ မစ္စ Pamela Cox ပြောကြားချက်အားကောက်နှုတ်ချက်။

---------------------------------------------------------------------------

“လယ်ယာမြေဆိုတာ တောင်သူလယ်သမားတွေရဲ့ ဘဝပါ။ ဒီလယ်ယာမြေတွေဆုံးရှုံးသွားရင် လယ်သမားတွေရဲ့ဘဝတွေ ဆုံးရှုံးသွားသလိုပဲ။ နေရာ အစားထိုးပေးလို့ မြေနေရာတွေရပေမယ့် လုပ်စားလို့မရတဲ့အတွက် အရမ်းအခက်အခဲဖြစ်တယ်။”

နိုဝင်ဘာလ ၅ ရက်နေ့ထုတ် The Voice Journal အတွဲ(၈)၊ အမှတ်(၄၄)တွင်ပါရှိသော “သီလဝါစီမံကိန်းကြောင့် လယ်သမားများ လက်မဲ့မဖြစ်စေရဟု အစိုးရကတိပေး”သတင်းမှ မြစ်စုံစီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော အင်ဂျင်နီယာတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------

“တနှစ်ကို ၈ လလောက် ကျင်းပနေရတာတော့များတယ်။ ဒါပေမယ့် တစ်ကယ်လိုအပ်လို့ ဒီလောက်အချိန်ကြာရင် ပြဿနာမရှိဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာရော၊ လွှတ်တော်ပြင်ပမှာပါ အလုပ်လုပ်ဖို့လိုတယ်လေ။ ဒီတော့တိုင်းဒေသက လုပ်ရမယ့်အလုပ်တွေကို ပြည်ထောင်စုလွှတ်တော်မှာ အချိန်ကုန်ခံပြီး မဆွေးနွေးသင့်ဘူးပေါ့ဗျာ။ ဥပမာ လမ်းခင်းတာ၊ လမ်းပြင်တာလောက်တော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်မှာပြီးသင့်တယ်။ ဒါဆိုရင် အချိန်တွေ ပိုထွက်လာမှာပေါ့။ ခြောက်လလောက်ဆိုတာကတော့ အသင့်တော်ဆုံးပေါ့။ တစ်ကြိမ်ကျင်းပရင် နှစ်လဆို လုံလောက်နိုင်ပါတယ်

အောက်တိုဘာလ ၂၉ ရက်နေ့ထုတ် Messenger Journal အတွဲ(၃)၊ အမှတ်(၂၃)တွင်ပါသော “လွှတ်တော်အစည်းအဝေး ကျင်းပသည့် အချိန်ကြာမြင့်မှုနှင့်ပတ်သက်၍ NLD အမတ် အဆိုတင်”သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment