Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၅.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံက ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ပဋိဥာဉ်လိုက်နာရန် ပြင်ဆင်

(31 Oct 2012 ရက်စွဲပါ One World South Asia မှ Myanmar Prepares to Join UN anti-corruption framework ကိုဘာသာပြန်ဆိုသည်)

  1. ရခိုင်ပြည်နယ်ဆူပူအုံကြွမှုကိစ္စတွင် အာဆီယံ မားမားမတ်မတ်ရပ်မှဖြစ်မည်

(The Nation သတင်းစာမှ 2 Oct 2012 ရက်စွဲပါ Asean must take a stand on Myanmar ethnic violence ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံက ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ပဋိဥာဉ်လိုက်နာရန် ပြင်ဆင်

(31 Oct 2012 ရက်စွဲပါ One World South Asia မှ Myanmar Prepares to Join UN anti-corruption framework ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုဆန့်ကျင်ရေးကုလသမဂ္ဂကွန်ဗင့်ရှင်းကို လိုက်နာကျင့်သုံးရန် ကျန်ရှိသောတစ်ခုတည်းသော အာဆီယံနိုင်ငံ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် မကြာသေးမီက အဂတိလိုက်စားမှုဆန့်ကျင်ရေး ကုလသမဂ္ဂကွန်ဗင့်ရှင်း (UN Convention against Corruption-UNCAC) ကိုအပြည့်အဝလိုက်နာရန် အရေးကြီးသောခြေလှမ်းကိုစတင်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်သည် UNODC နှင့် UNDP တို့၏ အကူအညီဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကြမ်းကို စတင်ရေးဆွဲနေပြီဖြစ်ပါသည်။ ထိုသို့ရေးဆွဲခြင်းဖြင့် မြန်မာနိုင်ငံသည် UNCAC ကို အပြည့်အဝလိုက်နာ ကျင့်သုံးရေးကို ဖြစ်လာစေမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် UNCAC ကို ၂၀၀၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း သဘောတူညီချက်များကို လိုက်နာကျင့်သုံးခြင်း မရှိသေးသည့် တစ်ခုတည်ေးသာအာဆီယံနိုင်ငံဖြစ်ပါသည်။ ယခု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးစံများနှင့်အညီ လိုက်နာကျင့်သုံးမည်ဖြစ်ပြီး အရေးကြီးသောသမိုင်းမှတ်တိုင် ဖြစ်ပါသည်။

မကြာသေးမီက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေး အစည်းအဝေးတွင် အရန်ဆွေးနွေးပွဲအဖြစ် မြန်မာနိုင်ငံ၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကြမ်းနှင့်ပတ်သက်၍ UNODC က ကြီးမှူးဆွေးနွေးခဲ့ရာ အထက်ပါလုပ်ငန်း စဉ်အတွက်အထောက်အကူဖြစ်ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်မှ တရားဥပဒေကော်မရှင် အဖွဲ့ဝင်များဒုတိယရှေ့နေချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်ဝန်ထမ်းများ၊ ဒေသတွင်း UNODC နှင့် UNDP တို့မှ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးပညာရှင်များတက်ရောက် ကြပါသည်။

“မြန်မာကိုယ်စားလှယ်အဖွဲ့က မဝေးတော့တဲ့ အနာဂတ်မှာ UNCAC အတွက်လိုက်နာကျင့်သုံးရေးကတိကဝတ်တွေကို အလေးအနက် ထပ်ခါ ထပ်ခါပြောခဲ့ပါတယ်။” ဟု UNODC ဒေသဆိုင်ရာအရှေ့အာရှနှင့် ပစိဖိတ်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြံပေးပညာရှင် Shervin Majlessi က ပြောပါသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့တွင်ကျင်းပသောအစည်းအဝေး၌ UNODC နှင့် UNDP တို့သည် မြန်မာကိုယ်စားလှယ်များအား လွှတ်တော်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကြမ်းအပေါ် မှတ်ချက်ရေးသားထားမှုများအား ပေးအပ်ခဲ့ပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်က  မြန်မာနိုင်ငံမြို့တော်နေပြည်တော်တွင်အကြိုလိုက်နာကျင့်သုံးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီး နောက်တွင် ကွာလာလမ်ပူ၌ တိုင်ပင်ဆွေးနွေးမှုကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာအစိုးရအကြီးတန်းတာဝန်ရှိသူများက UNCAC သဘောတူညီချက်ပါအချက်များလိုက်နာကျင့်သုံးရေးအတွက် ကတိကဝတ်များကိုဖော်ထုတ်ပြောကြားခဲ့ကြပါသည်။ ၎င်းတို့သည် UNCAC ကို အပြည့် အဝလိုက်နာကျင့်သုံးရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကြမ်းကို ပြန်လည်သုံးသပ်ရာတွင် ဥပဒေနှင့်ပတ်သက်သောအကူအညီများ ပေးနိုင်ရန် UNODC နှင့် UNDP တို့ကို ဖိတ်ကြားခဲ့ပါသည်။

နေပြည်တော်နှင့် ကွာလာလမ်ပူတွင်ပြုလုပ်သော ဆွေးနွေးပွဲများတွင် ကုလသမဂ္ဂမှပုဂ္ဂိုလ်များသည် ဥပဒေဆိုင်ရာများ အကြံဥာဏ်ပေးခဲ့သည့် အပြင် ထိုင်းနှင့်ဘူတန်မှကိုယ်စားလှယ်များနှင့် အတွေ့အကြုံများဖလှယ်နိုင်ရန်ကိုပါစီစဉ်ပေးခဲ့ပါသည်။ ထိုင်းနိုင်ငံ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်နာမင်းကြီး ပါမောက္ခ Pakdee Pothiseri နှင့် ဘူတန်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နာယက Dasho Neten Zangmo တို့ကလည်း မြန်မာနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များအား ၎င်းတို့၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွေ့အကြုံများကို တင်ပြခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်စောဝင်းက UNCAC သဘောတူညီချက်များကို လိုက်နာကျင့်သုံးခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများကိုမီးမောင်းထိုးပြခဲ့ပြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ရေးဆွဲလျက်ရှိကြောင်း ပြောခဲ့ ပါသည်။

မြန်မာနိုင်ငံတွင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံရေးအရပြင်းထန်သောဆန္ဒရှိပုံကို ရှေ့နေချုပ်ရုံးညွှန်ကြားရေးမှူးချုပ် ဦကျော်ဆန်း က အလေးအနက်ပြောကြားခဲ့ပါသည်။

UNODC ၏ မြန်မာနိုင်ငံမန်နေဂျာ Jason Eligh ကလည်း မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ခိုင်မာပြီး လျင်မြန် သောခြေလှမ်းများလှမ်းရန် ကတိပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“လက်ရှိမြန်မာအစိုးရဟာ တိုင်းပြည်မှာငြိမ်းချမ်းရေးနဲ့လုံခြုံရေး အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေစေဖို့ သန့်ရှင်းပြီးထိရောက်မှုရှိတဲ့ ယုံကြည် ရတဲ့အုပ်ချုပ်မှုဆိုင်ရာ အင်စတီကျူရှင်းများဟာအရေးပါတယ်ဆိုတဲ့အမြင်ကိုအသိအမှတ်ပြုထားပါတယ်။” ဟု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာ သော ဗီယင်နာမြို့ရှိ UNODC  ၏ အဂတိလိုက်စားခြင်းနှင့် စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုများအဖွဲ့ခွဲ အကောင်အထည်ဖော်မှု ပံ့ပိုးရေးဌာနအကြီးအကဲ Ms.Candice Welsch ကပြောကြားခဲ့သည်။

အဆိုပါအပြင်ကို Eligh ကလည်းထောက်ခံခဲ့ပါသည်။

“တရားဥပဒေစိုးမိုးရေးဆိုင်ရာအင်စတီကျူးရှင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုမရှိဘူးဆိုရင်တော့ မြန်မာပြည်သူတွေ ဆန္ဒပြင်းထန်နေတဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေ လွယ်လွယ်နဲ့အောင်မြင်နိုင်မယ်မပာုတ်ပါဘူး။ မြန်မာနိုင်ငံပာာ UNCAC ကိုလက်မှတ်ရေးထိုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီတော့ သဘောတူညီမှုတွေကိုလိုက်နာကျင့်သုံးဖို့နဲ့ ဥပဒေတွေအကောင်အထည်ဖော်ဖို့လိုအပ်နေတာပါ။ အစိုးရကလည်း ဒီကိစ္စမှာ မှန်ကန်တဲ့လမ်းကြောင်းကို သွားဖို့ ဆန္ဒရှိကြောင်းပြောထားပါပြီ။ ဒီတော့ UNODC ကလည်း ကူညီဖို့အသင့်ရှိနေပါတယ်”ပာု ပြောခဲ့ပါသည်။

                                          --------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်ဆူပူအုံကြွမှုကိစ္စတွင် အာဆီယံ မားမားမတ်မတ်ရပ်မှဖြစ်မည်

(The Nation သတင်းစာမှ 2 Oct 2012 ရက်စွဲပါ Asean must take a stand on Myanmar ethnic violence ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်တွင်း ပြီးခဲ့သည့် ဇွန်လမှစ၍ ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာမွတ်စလင်များအကြား လူစုဖွဲ့တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်သည်။

ပဋိပက္ခများမှာ ရခိုင်ဗုဒ္ဓဘာသာဝင်အမျိုးသမီးငယ်တစ်ဦးအား ကျောက်နီမော်မြို့တွင် မွတ်စလင်သုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် သတင်းထွက်ပေါ်လာပြီးနောက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့ကဖြစ်ရပ်တွင် ရဲတပ်ဖွဲ့ဝင်များက ဆူပူဆန္ဒပြလူအုပ်ကြီးကို ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းလူအုပ်ကြီးမှာ မွတ်စလင်များနောက်သို့လိုက်ရန်ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ ဇွန်လအတွင်းက ဖြစ်ပေါ်ခဲ့သော ပဋိပက္ခတွင်မူ လူပေါင်း ၉၀ ခန့်သေဆုံးပြီး ၇၅၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ ပြီးခဲ့သည့် သတင်းပတ်ကဖြစ်ပေါ်ခဲ့သော ဆူပူအုကြွမှုတွင်မူ လူပေါင်း ၈၄ ဦးသေဆုံးပြီး ၂၈၀၀၀ ကျော်ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။ အိမ်ခြေပေါင်း ၄၀၀၀ ကျော်ခန့်ပျက်စီးဆုံးရှုံးသွားသည်ဟုလည်း ဆိုပါသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများဆုံးနေထိုင်သောနိုင်ငံဖြစ်ပြီး ရိုဟင်ဂျာများမှာမူ နိုင်ငံမဲ့ပြည်သူများအဖြစ် ရခိုင်ပြည်နယ်အပါအဝင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတစ်လျှောက် ဆွေစဉ်မျိုးဆက်နေထိုင်ခဲ့ကြရသည်။ သမိုင်းကြောင်းကိုကြည့်မည်ဆိုပါက ရိုဟင်ဂျာများသည် ကိုလိုနီခေတ်တွင် ဗြိတိသျှတို့က ဘင်္ဂလားဒေ့ရှ်မှ အလုပ်သမားအဖြစ်ခေါ်ယူလာခြင်းခံရသူများဖြစ်သည်။ မျက်မှောက်ခေတ်တွင်မူ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့သုံးမြို့၌ ရိုဟင်ဂျာ ရှစ်သိန်းခန့်နေထိုင်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မတ်လတွင် အာဏာရရှိခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသမားအဖြစ်ချီးမွမ်းပြောဆိုခံထားရသော သမ္မတဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရအတွက် အဆိုပါရခိုင်ပြည်နယ်တွင်းပဋိပက္ခက များစွာအရှက်တကွဲအကျိုးနည်းဖြစ်စေလျက်ရှိသည်။ လက်ရှိအချိန်သည် ဦးသိန်းစိန်အစိုးရက နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများအဆက်မပြတ်လုပ်ကိုင်နေသော ခေတ်ကာလလည်းဖြစ်သည်။ သို့အတွက်ကြောင့် သမ္မတဦးသိန်းစိန်က ဗုဒ္ဓဘာသာဝင်ရခိုင်တိုင်းရင်းသားများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။ သို့သော် ၎င်း၏ မေတ္တာရပ်ခံချက်အား မည်သူကမျှ ဂရုမစိုက်ကြပေ။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် Human Rights Watch(HRW) အမည်ရ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကထုတ်ဖော်လိုက်သည့် ဆက်သွယ်ရေးဂြိုလ်တုဓာတ်ပုံများတွင် ရိုဟင်ဂျာအများအပြားနေထိုင်သည့် ကျောက်ဖြူမြို့၌ အိမ်ခြေ၊ အဆောက်အအုံ အမြောက်အများ ပျက်စီးဆုံးရှုံးနေသည်ကိုတွေ့ရသည်။ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများအတွက် လုံခြုံမှုရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေး ရတော့မည်သာပင်ဖြစ်ပါသည်။ အခြေအနေအရပ်ရပ်ကိုကြည့်မည်ဆိုလျှင်လည်း လွယ်လင့်တကူဖြေရှင်းနိုင်သည့် နည်းလမ်းမျိုးမရှိသည်ကို တွေ့ရ ပါသည်။ အစိုးရအနေဖြင့် ဆူပူအကြမ်းဖက်မှုများ အဆုံးသတ်စေလိုသည်ဆိုပါက ပြဿနာအသီးသီး၏ ဇာစ်မြစ်များကို မဖြစ်မနေရှာဖွေရမည်သာ ပင်ဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားသော အကြောင်းကိစ္စများအတွက် အမှန်တကယ်လုပ်ဆောင်လျက်ရှိသည်ဟူသော အချက်ကို အစိုးရကမဖြစ်မနေထုတ်ဖော်ပြသရပေလိမ့်မည်။ ရိုဟင်ဂျာများနေထိုင်သည့်ဒေသများမှ ကုလသမဂ္ဂနှင့် အခြားသော အေဂျင်စီများကို ထွက်ပေးရန် နေပြည်တော်ဗဟိုအစိုးရက ပြီးခဲ့သည့် ဇွန်လတွင်း ဖိအားပေးခဲ့သေးသည်။ အချို့အဖွဲ့အစည်းများကိုမူ ပြန်လည်လုပ်ကိုင်ခွင့်ပေးသော်လည်း ပိုမိုလုပ်ဆောင်ပေးရမည့်အရေးကိစ္စများစွာရှိနေသေးသည်။

နိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများအပါအဝင် လူသားချင်းစာနာထောက်ထားသော အကူအညီပေးရေးအဖွဲ့များအနေဖြင့် ဝင်ရောက် ကြည့်ရှုလေ့လာခွင့်ရရှိရန်လိုအပ်နေပါသည်။ လက်ရှိအခြေအနေတွင် ဆူပူအုံကြွမှုများကမည်သည့်လုပ်ငန်းမျှလုပ်ကိုင်၍ မရနိုင်လောက်အောင် ခြိမ်းခြောက်လျက်ပင်ရှိသည်။

ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်တွင်းဆယ်စုနှစ်များစွာနေထိုင်လာကြသည့်တိုင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသား ဖြစ်ပိုင်ခွင့် မရရှိကြကြောင်း HRW အဖွဲ့ကဆိုပါသည်။

တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များချထားပေးရုံနှင့် လုံလောက်မည်မဟုတ်ပေ။ ရခိုင်အရေးကိစ္စအားလုံးပြေလည်စေမည့် အဖြေတစ်ခုထွက်ရှိရေးအတွက် မြန်မာနိုင်ငံတွင်းမှ သက်ဆိုင်သူ Stakeholder အားလုံး အတူတကွလက်တွဲလုပ်ဆောင်ကြရန်သာလိုအပ်သည်။ ထို့ပြင် အဆိုပါအရေးကိစ္စကို အာဆီယံအဖွဲ့၏ ဆွေးနွေးပွဲများ၌ ထည့်သွင်းဆွေးနွေးသင့်သည်ဟု ထင်ပါသည်။

ဆူပူအကြမ်းဖက်မှုများက ရိုဟင်ဂျာများကို၎င်းတို့၏ နေအိမ်များမှထွက်ပြေးကာ ပင်လယ်ပြင်ထဲနှင့် အိမ်နီးချင်းနိုင်ငံများထဲသို့ ရောက်ရှိအောင် လုပ်ဆောင်လျက်ရှိသည်။ ဆိုရလျှင် ရိုဟင်ဂျာအရေးကိစ္စက ဒေသတွင်းပြဿနာဆောင်လာသည်မှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ပေ။ လွန်ခဲ့သည့် ၂ နှစ်ခန့်က ထိုင်းနိုင်ငံသည်လည်း အလားတူရိုဟင်ဂျာပြဿနာနှင့်ရင်ဆိုင်ခဲ့ရပြီး အာဆီယံအရေးကိစ္စဖြစ်အောင် ထိုင်းအစိုးရကပြုလုပ်ခဲ့သည်။ ထိုစဉ်က ထိုင်းနိုင်ငံသို့ လှေများဖြင့်ဝင်ရောက်လာသော ရိုဟင်ဂျာများကို ထိုင်းအရာရှိများက ပင်လယ်ထဲသို့ဖိအားပေးပြန်လွှတ်ခဲ့ပြီးနောက် ရိုဟင်ဂျာအရေးကိစ္စ အကြီးအကျယ်ထွက်ပေါ်လာခြင်းဖြစ်သည်။

အခြေအနေအရပ်ရပ်ကိုကြည့်ရသည်မှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ရိုဟင်ဂျာအရေးကိစ္စကိုအရေးတယူလုပ်ဆောင်ချင်ကြပုံမရှိပေ။ အကယ်၍ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက အဆိုပါ ရိုဟင်ဂျာတို့၏ အကျပ်အတည်းအတွက် တစ်စုံတရာလုပ်ကိုင်ပေးလိုသည့် စိတ်စေတနာမျိုး ထုတ်ဖော်ပြမှုမရှိပါက လူသားချင်းစာနာထောက်ထားရေး၊ စွမ်းအားမြှင့်တင်ပေးရေး၊ ဂုဏ်သိက္ခာမြင့်မားစေရေးတို့နှင့်ပတ်သက်ပြီး ၎င်းတို့ရေးထိုးထားသော ကြေညာချက်များမှာ စက္ကူစုတ်မျှသာဖြစ်ပေတော့မည်။

လေ့လာဆန်းစစ်သူမျိုးစုံ၏ အဆိုအရ ရိုဟင်ဂျာအရေးကိစ္စ သို့မဟုတ် လက်ရှိဆူပူအကြမ်းဖက်မှုကို ထောက်ခံမှုပြုခြင်းကြောင့် မည်သည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးတစ်ယောက်မျှ အမြတ်ထွက်မည်မဟုတ်ပေ။

အားလုံးက စစ်အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းပြီး မြန်မာ့ပြုပြင်ပြောင်းလဲရေး အောင်မြင်ဖြစ်ထွန်းရေးကိုသာ ကြည့်ချင်နေကြပါသည်။ သို့သော် ထိုဆန္ဒတစ်ခုတည်းဖြင့် ရိုဟင်ဂျာကိစ္စကို လျစ်လျူရှုထားသည်မှာ လျော်ကန်သင့်မြတ်လှသည်တော့မဟုတ်ပေ။

HRW အဖွဲ့၏ အာရှဒေသဆိုင်ရာဒါရိုက်တာ Brad Adams ၏ မှတ်ချက်ကိုကြားရသည်မှာ လွန်စွာခေါင်းကျိန်းစရာကောင်းပါသည်။ သူက “တကယ်လို့ အစိုးရပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေ မစတင်မီအချိန်ကတည်းက ရခိုင်ပြည်နယ်မှာ ဖိနှိပ်ချုပ်ခြယ်မှုတွေဖြစ်ပေါ်ခဲ့တယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့တုံ့ပြန်မှုဟာ အင်မတန်အားကောင်းမောင်းသန်ဖြစ်ခဲ့မှာပါ။ ဒါပေမဲ့ မြန်မာအစိုးရရဲ့ရိုမန်းတစ်ဆန်လွန်းတဲ့ အပြောင်းအလဲဇာတ်လမ်း တစ်ပုဒ်ကြောင့် ရခိုင်ပြည်နယ်တွင်း ဖိနှိပ်ချုပ်ခြယ်မှုတွေဆက်လက်ဖြစ်ပေါ်နေတာတောင် နိုင်ငံတကာအသိုင်းအဝိုင်းဟာ မသိချင်ယောင်ဆောင်ပြီး ကုန်သွယ်ရေးစာချုပ်တွေချုပ်၊ ပိတ်ဆို့အရေးယူမှုတွေဖယ်ရှားပေးနေကြပါတယ်”ဟု ဆိုခြင်းဖြစ်သည်။

                         ***********************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment