Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၂.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာရေပိုင်နက်အတွင်း ရေနံတင်တရုတ်စစ်သင်္ဘောများ ဝင်ရောက်လာနိုင်ခြင်းမရှိ
  2. ရခိုင်အရေးနှင့်ပတ်သက်၍ သံရုံးကိုးရုံးမှ ပူးတွဲကြေညာချက်ထုတ်ပြန်

နိုင်ငံရေးသတင်း

  1. လွှတ်တော်တွင်းပွင့်လင်းမြင်သာမှုရှိစေရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
  2. ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ထုတ်ဝေရေးမရေရာ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

မြန်မာရေပိုင်နက်အတွင်း ရေနံတင်တရုတ်စစ်သင်္ဘောများ ဝင်ရောက်လာနိုင်ခြင်းမရှိ

မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်တွင်းအလုပ်အကိုင်ပေါများရေးနှင့် ဒေသတွင်းစွမ်းအင်လုံခြုံမှုရှိရေးတို့အတွက် ဆောင်ရွက် လျက်ရှိသော မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းစာချုပ်တွင် မြန်မာ့ရေပိုင်နက်အတွင်းသို့ ရေနံတင်တရုတ်စစ်သင်္ဘောများ ဝင်ရောက်မှုကို ထည့်သွင်းချုပ်ဆိုခဲ့ခြင်းမရှိသည့်အတွက် တရုတ်ရေနံတင်စစ်သဘောင်္များဝင်ရောက်ခွင့်မရှိကြောင်း သိရသည်။

ယခုတည်ဆောက်လျက်ရှိသည့် မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းပြီးသွားပါက သဘာဝဓာတ်ငွေ့ နှစ်စဉ် ကုဗပေသန်း ၁၀၀ ရရှိမည့်အပြင် ပြည်တွင်းသုံးစွဲရန် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် နှစ်သန်းဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံအတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပိုက်လိုင်းမှရရှိမည့် ပိုက်လိုင်းဖြတ်သန်းခများကို နိုင်ငံတကာ၌ကျင့်သုံးဆောင်ရွက်နေသည့် ပိုက်လိုင်းဖြတ်သန်းခနှုန်းများအတိုင်း အမေရိကန်နိုင်ငံ၏ မြေတစ်ဧကငှားရမ်းမှုနှုန်းအပေါ်မူတည်၍ တွက်ချက်ထားခြင်းဖြစ်ကြောင်းသိရသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပိုက်လိုင်းဖြတ်သန်းခအဖြစ် ၁ ဧကလျှင် အမေရီကန်ဒေါ်လာ ၂၁၄၁.၂၄ ရရှိမည်ဖြစ်ပြီး ယင်းပိုက်လိုင်းမှ ရေနံစိမ်းသယ်ယူခြင်းများအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၂ သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပိုက်လိုင်း လမ်းကြောင်းအကျယ် ၃၀ မီတာ၊ အရှည် ၈၇၀ ကီလိုမီတာရှိ မြေဧရိယာ ၂၆.၁ စတုရန်းကီလိုမီတာ(၆၄၄၉.၃)ဧကအတွက် တစ်နှစ်လျှင်ပိုက်လိုင်းဖြတ်သန်းခအဖြစ် အမေရိကန်ဒေါ်လာ ၁၃.၈၁ သန်းရရှိမည်ဖြစ်သည်။ ယင်းပိုက်လိုင်း ဖြတ်သန်းခ ငှားရမ်းမှု နှစ် ၃၀ စာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။

YC

---------------------------------------------------------------------------------------------------------

ရခိုင်အရေးနှင့်ပတ်သက်၍ သံရုံးကိုးရုံးမှ ပူးတွဲကြေညာချက်ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်၍ ထပ်မံဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားသံရုံးကိုးရုံးမှ နိုဝင်ဘာလ ၉ ရက်နေ့ရက်စွဲဖြင့် ပူးတွဲကြေညာချက်ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် ပြန်လည်တည်ငြိမ် အေးချမ်းမှု များအား နိုင်ငံတကာစံညွှန်းနှင့်အမီလုပ်ဆောင်နေသောမြန်မာအစိုးရ၏ အားထုတ်ကြိုးပမ်းမှုများကို အပြည့်အဝထောက်ခံကြောင်းနှင့် ရခိုင်ပြည်နယ် အရေးကိစ္စအား အထူးစုံစမ်းရေးကော်မရှင်ဖွဲ့၍ စုံစမ်းနေမှုများအပေါ် မိမိတို့က အားပေးသွားမည်ဖြစ်ကြောင်းပါရှိသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်အရေးစုံစမ်းမည့် အထူးစုံစမ်းရေးကော်မရှင်အဖွဲ့အား ပွင့်လင်းမြင်သာမှုရှိစေနိုင်ရေန် လုပ်ပိုင်ခွင့်များ ပေးရန်လိုအပ်ပြီး ထိုသို့ပေးမှသာ ပြဿနာကို အတွင်းကျကျသိရှိ၍ ထပ်မံပဋိပက္ခဖြစ်ပွားမှုများကို တားဆီးနိုင်မည်ဖြစ်ကြောင်း အကြံပြုဖော်ပြခဲ့သည်။

ယင်းအကြမ်းဖက်မှုများကြောင့် ရခိုင်ဒေသခံတိုင်းရင်သားများ၏ ဆုံးရှုံးမှုများအပေါ် လူသားချင်းစာနာမှုအထောက်အပံ့ကောင်းများ အချိန်မီ ရောက်ရှိနိုင်စေရန် ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရေးအတွက် နိုင်ငံတော်အစိုးရအား တိုက်တွန်းခဲ့သည်။

            YC

**********************************************************************************************

နိုင်ငံရေးသတင်း

လွှတ်တော်တွင်းပွင့်လင်းမြင်သာမှုရှိစေရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

လွှတ်တော်တွင်းဆွေးနွေးချက်များအား သက်ဆိုင်ရာအဆင့်မှဖြေကြားရာတွင် ပြည်သူများသိရှိနိုင်စေရန်နှင့် လွှတ်တော်တွင်း ပွင့်လင်းမြင်သာမှု ရှိစေရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်အစည်းအဝေးတစ်ခုတွင် တိုက်တွန်းပြောကြားခဲ့သည်။

လုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်၏ အစိုးရ၏အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်ပတ်သက်၍ဆွေးနွေးရာ၌ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအနေဖြင့် ပြန်လည်ဖြေကြားရာတွင် ထိပ်တန်းလျှို့ဝှက်၊ လျှို့ဝှက်၊ ကန့်သတ်ဆိုသည့် လုံခြုံရေးအမှတ်တံဆိပ်များပါရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုသို့ အမှတ်တံဆိပ်များပါရှိသည့်အတွက် ပြည်သူများအားပြန်လည်ရှင်းပြရာတွင် အခက်အခဲရှိသည့်အပြင် ပွင့်လင်းမြင်သာမှု မရှိသည့် အတွက် ယင်းကိစ္စအားဖြေရှင်းပေးစေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရည်၏ ပြောကြားခဲ့မှုအပေါ် သူရဦးရွှေမန်းက ယင်းကိစ္စများ ပြုလုပ်ဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဥပဒေကြမ်းကော်မတီမှစစ်ဆေးပြီးဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် နိုင်ငံတော်နှင့်ပတ်သက်၍ လျှို့ဝှက်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအချက်ကို ပယ်ဖျက်လိုက်ကြောင်း သိရသည်။

YC

---------------------------------------------------------------------------------------------------------

ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ထုတ်ဝေရေးမရေရာ

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်၏ ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုမည့်ရက်ကို အတိအကျမပြောနိုင်ကြောင်းဖြေကြားခဲ့မှုကြောင့် ပုဂ္ဂလိကနေ့စဉ်သတင်းစာများထုတ်ဝေခွင့်ရရေးမှာ ရေရာမှုမရှိတော့ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ရရေးမေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးက လက်ရှိအချိန်တွင် မီဒီယာဝန်းကျင်အား ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာ တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအပါအဝင် ကျန်အဖွဲ့အစည်းအားလုံး institution များကို မည်မျှလိုက်နာနိုင်သည်ဆိုသည့်အပေါ် မူတည်နေသည့် အတွက် ပုဂ္ဂလိကသတင်းစာများအား မည်သည့်နေ့၊ မည်သည့်ရက်တွင် ထုတ်ဝေခွင့်ပြုမည်ဆိုသည့်ကိစ္စအား မပြောနိုင်သေးကြောင်း ပြောကြားသည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်အား စက်တင်ဘာလ ၂၄ ရက်နေ့၌ DVB သတင်းဌာနမှ အင်တာဗျူးရာ တွင် သတင်းစာနှင့်ပတ်သက်၍ ယခုနှစ်နှစ်ကုန်ပိုင်းတွင်ထွက်မည်ပာုပြောဆိုခြင်းမရှိကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်။ ပုဂ္ဂလိကသတင်းစာများ ထွက်သည့်အချိန်တွင်လည်း ပြည်တွင်းမီဒီယာများ Institution ပိုင်းများတွင် သင့်တော်သည့်စာနယ်ဇင်းကျင့်ဝတ်များ ရှိနေရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထိုသို့ ငြင်းဆိုမှုများကြောင့် ပြည်တွင်းပုဂ္ဂလိကနေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ရရှိရေးမှာ သေချာရေရာခြင်းမရှိတော့သည့်အပြင် ပြည်သူများ အချိန်နှင့်တစ်ပြေးညီသတင်းများ သိရှိနိုင်စေရန်မှာ အွန်လိုင်းမီဒီယာများကိုသာ အားကိုးရတော့မည်ဖြစ်ကြောင်း မီဒီယာတစ်ခုမှ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

ယခင် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်အား နိုင်ငံတော်သမ္မတမှ သြဂုတ်လ ၂၇ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။

                YC

 ********************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အလုပ်ရှင်နဲ့ အလုပ်သမားများကြားမှာအပြန်အလှန်တောင်းဆိုမှုတွေရှိမှာပါပဲ။ အဆင့်ဆင့် နည်းလမ်းကျကျ တောင်းဆိုလို့ရပါတယ်။ တောင်းဆိုတဲ့သူ ဘက်က တရားနည်းလမ်းကျရင် အလုပ်ရှင်ဘက်ကလည်း လိုက်လျောမပေးဘဲနေလို့မရပါဘူး။ ဒါကို ဆန္ဒပြနေစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အခု တောင်းဆိုနေတဲ့ဟာတွေက အလုပ်ရှင်တစ်ယောက်အနေနဲ့ ခွင့်ပြုပေးရမယ့်ဟာထက် ကျော်နေပါပြီ။ ဖြေလျှော့ပေးစရာရှိတာတွေကို အကုန်ပေးပြီးပါပြီ။ ကုမ္ပဏီဘက်က ဘာမှထပ်ပြီး လုပ်မပေးနိုင်တော့ပါဘူး”

နိုဝင်ဘာလ  ၁၃ ရက်နေ့ထုတ် True News Journal အတွဲ (၅) အမှတ် (၆) တွင်ပါဝင်သော “တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သားများ အစာငတ်ခံဆန္ဒပြတောင်းဆိုမှုအပေါ် တစ်စုံတရာလိုက်လျောပေးရန် အစီအစဉ်မရှိ” သတင်းမှ တော်ဝင်လုပ်ငန်းစု ပိုင်ရှင်ဖြစ်သူ ဦးကိုကိုထွေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------

 “စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပဲ စဉ်းစားကြည့်မယ်ဆိုရင် အခုလို ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့အချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာကတော့ တကယ်အရေးကြီးတယ်။ စစ်မက်ဖြစ်ပွားတဲ့နေရာမှာ  ဘယ်စီးပွားရေးကမှ ကောင်းကောင်းမွန်မွန် လုပ်နိုင်စရာမရှိဘူး။ ဒါကယေဘူယျအားဖြင့် ပြောတာပေါ့။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ စီးပွားရေးလုပ်နိုင်မယ့်အကွက်အကွင်းကောင်းတဲ့နေရာတွေ၊ အခွင့်အရေးကောင်းတဲ့ နေရာတွေရှိမှ နိုင်ငံတကာက လာလုပ်ကြမှာဖြစ်တယ်။”

နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် Flower News Journal အတွဲ (၈) အမှတ် (၄၄) တွင်ပါဝင်သော “တိုင်းပြည်ဖွံ့ဖြိုးမှုနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုအချိုး ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ” သတင်းမှ စီးပွားရေး ပညာရှင် ဦးလှမောင်၏ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------

“ရခိုင်ပြဿနာက နိုင်ငံသား ဟုတ် မဟုတ် မှတ်ပုံတင်ကိစ္စတွေ လာဘ်ပေး၊ လာဘ်ယူနဲ့ ထုတ်ပေးထားတဲ့ မှတ်ပုံတင် ဟုတ် မဟုတ်ကို ပြန်လည် စိစစ်လုပ်ဆောင်ရမှာပါ။ နိုင်ငံခြားကနေ ဝင်ရောက်လာသူတွေက လာဘ်ပေး၊ လာဘ်ယူနဲ့လုပ်ထားတဲ့ မှတ်ပုံတင်ကိစ္စတွေအတွက် လာဘ်ပေး၊လာဘ်ယူတဲ့သူတွေကို အရေးယူဖမ်းဆီးတာတွေကိုလည်း တွေ့နေရတယ်။ ဆိုလိုချင်တာကတော့ ဒီလိုနိုင်ငံသား ဖြစ်ခွင့်ကိစ္စတွေမှာ လာဘ်ပေး၊လာဘ်ယူ ကိစ္စတွေကို အလေးပေးအထူးသတိထား လုပ်ဆောင်ဖို့ပါပဲ ”

 နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် Flower News Journal အတွဲ (၈) အမှတ် (၄၄) တွင်ပါဝင်သော “ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု လာဘ်ပေး၊ လာဘ်ယူ ကင်းရှင်းရန်လိုအပ်ဟုဆို” သတင်းမှ ရှေ့နေ ဦးတင်သန်းဦး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

 *******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment