Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၅.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ဝန်ကြီးဌာန ၁၅ ခု၏ငွေအလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ
  2. မြန်မာနိုင်ငံအတွင်းမှောင်ခိုကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်ရှိ
  3. ဝန်ကြီးဌာနခြောက်ခု၏ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများငွေကျပ် ၄၃၀ ဘီလျံကျော် နိုင်ငံတော်ဘဏ်မှချေးယူ

နိုင်ငံရေးသတင်း

  1. အကျဉ်းသား ၄၅၂ ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပြည်တွင်းသတင်း

ဝန်ကြီးဌာန ၁၅ ခု၏ငွေအလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ

              ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ဝန်ကြီးဌာနများ၏ အသုံးဘတ်ဂျက်တွင် ဝန်ကြီးဌာန ၁၅ ခုမှ စာရင်းမှားခြင်း၊ ငွေအလွဲသုံးစားမှုပြုလုပ်ခြင်းနှင့် မရိုးဖြောင့် မသမာသောသဘောဖြင့် ဆောင်ရွက်မှုများပါဝင်သည့် အမှုပေါင်း ၄၇ မှုကိုအရေးကြီး စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ အစီရင်ခံစာတင်သွင်းခဲ့သည်။

ထိုသို့ ဝန်ကြီးဌာနများ၏ စာရင်းမှားယွင်းမှုများနှင့် ငွေအလွဲသုံးစားမှုများကြောင့် နိုင်ငံတော်အနေဖြင့် ကျပ်ငွေ ၅၈ ဘီလျံကျော်နှင့် အမေရိကန် ဒေါ်လာနှစ်သိန်းကျော် နစ်နာဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ဝန်ကြီးဌာန ၁၅ ခုနှင့် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများသည် နိုင်ငံတော်သို့ပေးသွင်း ရမည့်ငွေများအနက် ကျပ်သန်း ၁၇၄၂၆.၇၇၂ ကိုသာ ပေးသွင်းထားပြီး ကျပ်သန်း ၄၀၉၇၂.၀၃၈နှင့် အမေရိကန်ဒေါ်လာသန်း ၇၀၆၅၅.၀၂၁ တို့ကျန်ရှိ နေသေးကြောင်းသိရသည်။

ဝန်ကြီးဌာနများ၏ နိုင်ငံတော်သို့ပေးသွင်းရန်ငွေများ ကျန်ရှိရခြင်းမှာ ပုဂ္ဂလိကထံသို့ ချေးယူခြင်း၊ ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် ငွေအလွဲသုံးစားမှု တို့ကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပုဂ္ဂလိကထံမှ အကြွေးရရန်ရှိသည့် ဝန်ကြီးဌာနများမှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ကျပ်သန်း ၃၆၅၃.၇၀၇ နှင့်အမေရိကန်ဒေါ်လာ ၇၀၆၅၅.၂၀၂၊ ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကျပ်သန်း ၄၈၁၅.၀၀၀၊ ပြန်ကြားရေးဝန်ကြီး ဌာနမှ ကျပ်သန်း ၈၈.၄၆၅ နှင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကျပ်သန်း ၂၇၀.၉၅၀ တို့ဖြစ်ကြောင်း သိရသည်။ ငွေကြေး အလွဲ သုံးစားမှုများပြုလုပ်ခဲ့သည့် ဝန်ကြီးဌာနများမှာ ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သန်း ၁၁၇.၇၀၁၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ကျပ်သန်း ၇.၁၅၈၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ကျပ်သန်း ၁၉.၀၅၇ တို့ဖြစ်ကြောင်းသိရသည်။

ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် ငွေကြေးအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန(၁၅)ခုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ သမဝါယမဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပိာုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ဖြစ်ကြောင်း သိရသည်။

                YC

*********************************************

မြန်မာနိုင်ငံအတွင်းမှောင်ခိုကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်ရှိ

မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများမှတစ်ဆင့် မှောင်ခိုကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့် ရှိသည့်အတွက် ရွေ့လျား ရှာဖွေမှောင်ခိုကုန်သွယ်မှုစစ်ဆေးရေး Mobile Team အဖွဲ့မှ နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်၍ တရားမဝင်ကုန်သွယ်မှုများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်း၊ တရုတ်နိုင်ငံတို့၏ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ၃.၅ ဘီလျံကျော်ရှိပြီး ယင်းတရားမဝင်ကုန်စည်များ လမ်းကြောင်း မှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာပါက တရားဝင်ကုန်သွယ်မှုများမှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလျံနီးပါးခန့် တိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်း(မဲဆောက်အကောက်ခွန်ဌာန)မှ ထုတ်ပြန်ချက်အရ ၂၀၁၂ ဇန်နဝါရီလမှ စတင်၍ ကိုးလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၈၂၁ သန်းကျော်အနက် မြန်မာနိုင်ငံမှ တရားဝင်လိုင်စင်ဖြင့် ကုန်သွယ်သည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၅ သန်းကျော်သာ ရှိကြောင်း သိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ၏ နယ်စပ်ဒေသမှတစ်ဆင့် ကျောက်မျက်၊ ကျောက်စိမ်းနှင့် သစ်များကို တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်ခဲ့ပြီး တရားမဝင်ကုန်သွယ်မှုပမာဏကို စာရင်းအတိအကျ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

                                                                                                                                        YC

*********************************************

ဝန်ကြီးဌာနခြောက်ခု၏ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများငွေကျပ် ၄၃၀ ဘီလျံကျော် နိုင်ငံတော်ဘဏ်မှချေးယူ

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာနခြောက်ခု၏ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများမှ လှည့်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ် ၄၃၀.၃၉၅ ဘီလျံကို နိုင်ငံတော်ဘဏ်မှချေးယူလိုကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပေးပို့ခဲ့သည့် သဝဏ်လွှာအား နိုဝင်ဘာလ ၁၄ ရက်နေ့တွင်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပဉ္စမနေ့တွင် ဖတ်ကြားခဲ့သည်။

ယင်းပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သဝဏ်လွှာနှင့်ပတ်သက်၍ မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုး၏ဆွေးနွေးမှုအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးဌာနများ၏ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ ချေးငွေရယူ လိုခြင်းနှင့်ပတ်သက်၍ လွှတ်တော်က အတည်ပြုခဲ့သည်။

လှည့်ပတ်ရန်ပုံငွေအဖြစ် သုံးစွဲနိုင်ရန် နိုင်ငံတော်ဘဏ်မှ ငွေချေးယူခဲ့သည့် ဝန်ကြီးဌာနများမှာ ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သန်း ၁၃၁၃.၃၉၅၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၁၀၃၇.၁၇၇ သန်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၈၅၂၄.၄၄၆ သန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ၁၁၄.၉၇၈ သန်း၊ စွမ်းအင်ဝန်ကြီးဌာနမှ ၃၅၇၄၉၉.၉၄၁ သန်းနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၄၁၉၀၄.၇၂၉ သန်းတို့ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်ဘဏ်မှ ငွေချေးယူခဲ့သည့် ဝန်ကြီးဌာနများအနက် ပြန်ကြားရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့တွင် ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် ငွေကြေးအလွဲသုံးစားမှုများကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ အရေးကြီးတွေ့ရှိချက်အဖြစ် အစီရင်ခံစာတင်သွင်းခဲ့သည်။

နိုင်ငံတော်ဘဏ်မှ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ သာမန်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လှည့်ပတ်ရန်ပုံငွေအဖြစ် ထုတ်ချေးရန် မူလ လျာထားချက် ငွေကျပ် ၁၇၈၄.၆၈၈ ဘီလျံအနက် ပြည်ထောင်စုလွှတ်တော်မှ ကျပ် ၁၅၀၅.၄၄၈ ဘီလျံကို ခွင့်ပြုပေးခဲ့သည်။

YC

*********************************************

နိုင်ငံရေးသတင်း

 အကျဉ်းသား ၄၅၂ ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပြု

              နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားစုစုပေါင်း ၄၅၂ ဦးကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အကျဉ်းသားများတွင် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများ ပါဝင်ကြောင်းသိရသည်။ ယခု လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် နိုင်ငံခြားသား အကျဉ်းသားများကိုလည်း ပြည်နှင်ဒဏ် ပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

နိုင်ငံတော်သမ္မတသည် အမေရိကန်နိုင်ငံသမ္မတMr.Barack Obama မလာရောက်မီ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ပြသလိုသည့် အတွက် ယခုကဲ့သို့ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဖြစ်ကြောင်း ပြင်ပ၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

YC

 ********************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အလုပ်သမားတွေကို စက်ရုံကနေအပြင်ဆိုဒ်မပို့ဖို့ တောင်းဆိုတာက အလုပ်သမားတွေကို ပိုက်ဆံပေးနိုင်ရင် ခိုင်းလို့ရတယ်ဆိုတဲ့ စနစ်ပျောက်အောင် တိုက်ပွဲဝင်တာ၊ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်တာပါ၊ ခုံသမာဓိအဖွဲ့ရဲ့ဆုံးဖြတ်ချက်က အလုပ်ရှင်နဲ့ အလုပ်သမားတိုက်ပွဲကြားမှာ ကြားဝင်ဆုံးဖြတ်ပေးခဲ့ ရတာပါ။ အခု အလုပ်သမားတွေက တိုက်ပွဲမှာ အနိုင်ရတယ်။ အရင်က စာချုပ်တွေချုပ်ပြီး လုပ်တယ်။ အခုစာချုပ်မဟုတ်ဘူး အဆုံးအဖြတ်ချတာ အလုပ်ရှင်ဘက်က လိုက်နာကိုလိုက်နာရမယ်။ မလိုက်နာဘူးဆိုရင် အလုပ်သမားရုံးမှာ တာဝန်ရှိတယ်။”

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ်(၈)တွင်ပါရှိသော “အလုပ်သမားရေးခုံရုံးအဖွဲ့ ဆုံးဖြတ်ချက် အလုပ်ရှင်ဘက်မှ လိုက်နာမှုရှိ၊မရှိ စောင့်ကြည့်မည်ဆို”သတင်းမှ အလုပ်သမားအခွင့်အရေးဆောင်ရွက်သူ ကိုကျော်ကျော်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။

*************************************

“ဥပဒေကပြည်သူတွေအပေါ်မှာ တစ်ပြေးညီရှိမနေဘူး။ လက်ရှိပုဂံမှာကို ဥပဒေကနှစ်မျိုး ဖြစ်နေတယ်။ အာဏာရှိတဲ့သူ၊ ငွေကြေးချမ်းသာတဲ့သူကို ဥပဒေကကာကွယ်ပေးတဲ့ ဥပဒေရယ်၊ ဆင်းရဲသားလူတန်းစားကို ဥပဒေက ထိန်းချုပ်ထားတဲ့ဥပဒေရယ်ပါ၊ တစ်ခြားနေရာမှာ မပြောဘူး၊ လက်ရှိ ပုဂံမှာ တွေ့နေရတဲ့ ဥပဒေအမှန်တွေပါ။”

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ်(၈)တွင်ပါရှိသော “ပုဂံယဉ်ကျေးမှု အမွေအနှစ် ၄၀ ရာခိုင်နှုန်း ပျောက်ကွယ်နေမှုကို လုံးဝလက်မခံနိုင်သဖြင့် ဒေသခံများထပ်ခါတလဲလဲ ဆန္ဒဖော်ထုတ်မည်”သတင်းမှ ကိုဝင်းမောင်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။

******************************************

“ဘာတွေတစ်ကယ်တမ်း ဖြစ်နေတယ်ဆိုတာကို သေသေချာချာလေ့လာ ကြည့်သင့်ပါတယ်။ အရမ်းကြီး အကောင်းမမြင်သင့်ပါဘူး။ ထောက်ခံအားပေးဖို့ လိုတာကိုပဲ ထောက်ခံအားပေးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အလွန်အကျွံ့အကောင်းမြင်သွားတဲ့အခါ အကျိုးမရှိဘူးလို့ ကျွန်မထင်လို့ပါပဲ။ အကောင်းမြင်လွန်းရင် ဘာတွေမှားနေတယ်ဆိုတာကို လျစ်လျူရှုမိကြပါလိမ့်မယ်။ ဒီအခါ ဘာတွေကမှန်နေတယ်ဆိုတာကိုလည်း လျစ်လျူရှုမိ ကြပါလိမ့်မယ်။ ဒီတော့အမှန်တွေကလည်း အမှားတွေဖြစ်လာတော့တာပေါ့”

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ် အမှတ်(၈၅)တွင်ပါရှိသော “မြန်မာနိုင်ငံအပေါ် အလွန်အကျွံ့အကောင်းမမြင်ရန် အိန္ဒိယနိုင်ငံအား ဒေါ်အောင်ဆန်းစုကြည် သတိပေး”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်အား ကောက်နှုတ်ချက်။

 *******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment