Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၉.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. နျူကလီးယားလုံခြုံရေး စည်းမျဉ်းသစ်များကို မြန်မာလက်မှတ်ထိုးတော့မည်

(AFP သတင်းမှ 19 Nov 2012 “Myanmar to Sign new safeguards” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ရိုဟင်ဂျာ ကိစ္စအပေါ်ဒေါ်အောင်ဆန်းစုကြည်မှတ်ချက်ပေးမှုကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်

(Gulf Times မှ 19 Nov 2012 ရက်စွဲပါ “Bangladesh dismisses remarks of Suu Kyi on Rohingayas ” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာအစိုးရ၏ ရိုဟင်ဂျာကိစ္စရှေ့တိုးဆောင်ရွက်မှုကို ကုလကြိုဆို

(Associated Press မှ 18 Nov 2012 ရက်စွဲပါ “UN Welcome Myanmar’s move for Rohingya” သတင်းကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

နျူကလီးယားလုံခြုံရေး စည်းမျဉ်းသစ်များကို မြန်မာလက်မှတ်ထိုးတော့မည်

(AFP သတင်းမှ 19 Nov 2012 “Myanmar to Sign new safeguards” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံက ၎င်း၏သံသယဖြစ်ဖွယ် လျှို့ဝှက်နျူကလီးယား စီမံချက်နယ်မြေနေရာများကို စစ်ဆေးခွင့် ပြုတော့မည့် နျူကလီးယားလုံခြုံရေးစည်းမျဉ်းသစ်များကို သဘောတူလိုက်နာမည်ဖြစ်ကြောင်း သမ္မတအိုဘားမား၏ သမိုင်းဝင်ခရီးစဉ် မတိုင်မှီထုတ်ဖော် ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့်စစ်ဖက်ဆက်ဆံရေးကို လျှော့ချရန် အပြုသဘောဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်ဟု အိမ်ဖြူတော်ကပြောဆိုပြီး နာရီပိုင်းအကြာတွင် အထက်ပါ သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် မနှစ်က ဖျက်သိမ်းသွားသော တပ်မတော်အစိုးရလက်ထက်ကာလတစ်လျှောက် ပြုံယမ်းနှင့် စစ်ဖက်ဆိုင်ရာ၊ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု အနောက်အုပ်စုက သံသယရှိခဲ့ကြသည်။

ယခု မြန်မာအစိုးရ၏ ကြေညာချက်တွင် ကုလသမဂ္ဂနျူကလီးယား အေဂျင်စီအား တရားမဝင် မကြေညာသောနျူကလီးယား ဆောင်ရွက်မှုများကို အကဲဖြတ်စစ်ဆေးခွင့်ပေးမည် ‘နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ၏နောက်ဆက်တွဲ ပဋိဥာဏ်စည်းမျဉ်း’ ကို လတ်မှတ်ရေးထိုးတော့မည် ဖြစ်ကြောင်းဖော်ပြထားသည်။

လွှတ်တော်သို့ အတည်ပြုရန် ပေးပို့ထားသော ယင်းအစီအစဉ်ကို သမ္မတဦးသိန်းစိန်က အတည်ပြုပြီးပြီ ဟု ကြေညာချက်ကဆိုသည်။

မြန်မာနှင့်မြောက်ကိုရီးယားအကြားမှ သံသယဖြစ်ဖွယ် နျူကလီးယားပူးပေါင်းဆောင်ရွက်မှုများသည် ဝါရှင်တန်အတွက် ရတက်မအေးစရာ ထိပ်တန်းကိစ္စတစ်ခု ဖြစ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ကာလာကာရှည်နျူကလီးယားဝှက်ဖဲ ဂိမ်းကစားနေသော မြောက်ကိုရီးယားထံမှ နျူကလီးယားလက်နက် နည်းပညာရရှိရန် ကြိုးပမ်းခဲ့ခြင်း မရှိပါဟု ဦးသိန်းစိန် အစိုးရ ငြင်းဆိုထားသည်။

သမ္မတအိုဘားမား၏ တနလာင်္နေ့ရန်ကုန်ခရီးစဉ် မတိုင်မီတွင် အိမ်ဖြူတော်က “ယခင် စစ်ဖက်အုပ်ချုပ် ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ ပြုံယမ်းနှင့် ဆက်ဆံရေးလျှော့ချရန် ဆောင်ရွက်ချက်များ ပြုလုပ်လျှက်ရှိသည်” ဟု ပြောဆိုခဲ့သည်။

“မြောက်ကိုရီးယားနှင့် ဆက်ဆံရေးလျှော့ချဖို့လိုအပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကျွန်တော်တို့ ဒိုင်ယာလော့ ဆွေးနွေးခဲ့ပါတယ်” ဟု အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ဘင်ရုတ်ဒ်က အာရှသို့ ပျံသန်းနေသော Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။

“ဒီဦးတည်ချက်အတိုင်း မြန်မာအစိုးရက အပြုသဘောဆောင်ရွက်မှုတွေ လုပ်ခဲ့တာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ လက်ရှိ နေပြည်တော်-ပြုံယမ်း ဆက်ဆံရေး အဆုံးသတ်သွားတာကို ကျွန်တော်တို့ ဆက်ပြီး မြင်ချင်ပါတယ်” ဟု ဘင်ရုတ်ဒ် ကဆိုပါသည်။

ကုလသမဂ္ဂ ၂၀၁၀ အစီရင်ခံစာတွင် ပြုံယမ်းသည် တားမြစ်နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများကို အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံများသို့ လျှို့ဝှက်ဖြန့်ဖြူးနေကြောင်း အထောက်အထားများဖြင့် ဖော်ပြထားသည်။

မြန်မာအစိုးရကလည်း ၎င်းတို့သည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်လောက်အောင် မကြွယ်ဝပဲ စီးပွားရေးနိမ့်ကျကြောင်းနှင့်  ကုလသမဂ္ဂဆုံးဖြတ်ချက်များကို အမြဲတစေလိုက်နာခဲ့ကြောင်း တုန့်ပြန်ရှင်းလင်းပြောဆိုခဲ့သည်။

--------------------------------------------------------------------------------------------------------------

ရိုဟင်ဂျာ ကိစ္စအပေါ်ဒေါ်အောင်ဆန်းစုကြည်မှတ်ချက်ပေးမှုကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်

(Gulf Times မှ 19 Nov 2012 ရက်စွဲပါ “Bangladesh dismisses remarks of Suu Kyi on Rohingayas ” သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံမဲ့ရိုဟင်ဂျာများသည် တရားမဝင် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းနေထိုင်သူများဖြစ်ဖွယ်ရှိသည်ဟု ရည်ညွှန်းသော မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်များကို ဘင်္ဂလားဒေ့ရှ် အစိုးရက မနေ့ကငြင်းပယ်လိုက်ပါသည်။

မြန်မာနိုင်ငံသည် ဇွန်လမှစ၍ လူပေါင်း ၁၈၀ ခန့်သေဆုံး၍ ဒုက္ခသည်စခန်းများ၌ လူပေါင်း ၁၁၀.၀၀၀ ကျော်စုပုံသွားသည် အထိဖြစ်စေခဲ့သော ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်းနှစ်ကြိမ် ဖြစ်ပွားမှု၏ ဒဏ်ကိုခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ တရားမဝင် ဖြတ်ကူးမှုများရပ်ဆိုင်းသွားဖို့လိုကြောင်း နှင့် သို့မဟုတ်ပါက ပြဿနာပြီးဆုံးလိုက်မည် မဟုတ်ကြောင်း ယခင်အပတ်ကပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုဟင်ဂျာ မွတ်ဆလင် များသည်မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ဒေသတွင် နှစ်ပေါင်းရာကျော် နေထိုင်ခဲ့သူများဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၉၇၁ ခုနှစ်မှသာ ထူထောင်ခဲ့ခြင်းကြောင့် ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ မဖြစ်နိုင်ကြောင်း ပြန်လည်တုန့်ပြန် ပြောကြားပါသည်။

ကြေညာချက်တွင် “၎င်းမှတ်ချက်များသည်မြန်မာအစိုးရ၏ ရပ်တည်မှုအနေအထားနှင့်ရှင်းရှင်းလင်းလင်း ကွဲလွဲနေခြင်းကြောင့် ယင်းသို့မှတ်ချက်ပေးမှု အပေါ် အံ့အားသင့်မိကြောင်း ဘဂ်လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုပါသည်။” ဟု ဖော်ပြထားသည်။

“ထိုသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဟု သတ်မှတ်ရန်အကြောင်းမရှိပါ။ ရိုဟင်ဂျာများသည် ၁၉၇၁ နောက်ပိုင်းတွင်  မြန်မာနိုင်ငံနှင့် ၎င်းတို့နေထိုင်ရာဒေသမှ ပြည်တွင်းရေးအခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်သို့ စီးဝင်လာကြခြင်း ဖြစ်သည်။” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်၍ တုန့်ပြန်ခဲ့သည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်မှ လူမျိုးစုပဋိပက္ခနှင့် ရိုဟင်ဂျာများနေစရာမရှိမှု ပြဿနာအပေါ် တုန့်ပြန်ရန်နှုတ်ဆိတ်နေမှုကြောင့် ပြစ်တင်ဝေဖန်မှုအချို့ကို ရင်ဆိုင်နေရသည်။

အဓိကနိုင်ငံရေးအပြောင်းအလဲများကို မကြာသေးမှီက ပူပူနွေးနွေး မိတ်ဆက်ပေးခဲ့သော မြန်မာနိုင်ငံသို့ တနလာင်္နေ့တွင်ရောက်ရှိလာမည့် သမ္မတဘားရက်အိုဘားမားသည် မြန်မာနိုင်ငံရောက် ပထမဆုံး  အမေရိကန်သမ္မတ ဖြစ်လာပါလိမ့်မည်။

--------------------------------------------------------------------------------------------------------------

မြန်မာအစိုးရ၏ ရိုဟင်ဂျာကိစ္စရှေ့တိုးဆောင်ရွက်မှုကို ကုလကြိုဆို

(Associated Press မှ 18 Nov 2012 ရက်စွဲပါ “UN Welcome Myanmar’s move for Rohingya” သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံမဲ့ ရိုဟင်ဂျာ မွတ်ဆလင်များ၏ နိုင်ငံသားဖြစ်ခွင့်နှင့် အခြားလွတ်လပ်ခွင့် အသစ်များကို အပြည့်အဝအာမခံထားခြင်း မရှိသော်လည်း အခွင့်အရေးသစ်များကို စဉ်းစားပေးမည့် မြန်မာသမ္မတ၏ ကတိကဝတ်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကကြိုဆိုလိုက်ပါသည်။

သောကြာနေ့ ကကုလအကြီးအကဲထံပေးစာတွင် သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ်မှ ရခိုင် ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မွတ်ဆလင်များအကြားအဓိပ္ပာယ်မဲ့ အကြမ်းဖက်ခြင်းကို ရှုတ်ချပြစ်တင်သည့် “အလျှော့ပေးမှတ်ချက်ပေးခြင်း” ကို ပြုလုပ်ခဲ့သည်။

ဇွန်လကစ၍ လူပေါင်း ၂၀၀ ခန့်သေဆုံးကာ ၁၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ကာလကြာပြဿနာပေါက်ကွဲမှုသည် မြန်မာနိုင်ငံ၏ယိုင်နဲ့နဲ့ ဒီမိုကရေစီကူးပြောင်းမှုကို ထင်ဟပ်နေသည်။

သမ္မတဦးသိန်းစိန်၏ပေးစာတွင် တင်းမာမှုများကိုဖြေရှင်းမည့် အချိန်ကာလနှင့် ကတိကဝတ်များမပါရှိသော်လည်း တနလာင်္နေ့တွင် ရောက်ရှိလာမည့် အမေရိကန်သမ္မတအိုဘားမားနှင့် နိုင်ငံတကာအသိုင်းအဝိုင်းထံစိုးရိမ်ပူပန်မှုများကို သိရှိနားလည်ကြောင်း အချက်ပြခြင်းဖြစ်သည်ဟု အကဲခတ်များက မှတ်ချက်ပေးကြသည်။

ရခိုင်ပဋိပက္ခချုပ်ငြိမ်းအောင်အရေးပေါ်ဆောင်ရွက်ရန် မြန်မာအစိုးရကို အိမ်ဖြူတော်ကတိုက်တွန်းထား ပြီး၊ ၎င်းကိစ္စအပြင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်ကိစ္စကိုပါ သမ္မတအိုဘားမားက ဖိအားပေးတိုက်တွန်း လိုက်မည်ဟု ဆိုပါသည်။

အဆိုပါ ပေးစာတွင် အိုးမဲ့ အိမ်မဲ့ ပြည်သူများနေရာချထားခြင်းမှသည် နိုင်ငံသားခံယူခွင့်ပေးရေးအထိ ကျယ်ပြန့်သော အငြင်းပွားဖွယ် ကိစ္စရပ်များကို ဖြေရှင်းရန်မြန်မာအစိုးရက ပြင်ဆင်နေကြောင်း သမ္မတဦးသိန်းစိန်က  အသိပေးရေးသားထားသည်ဟု ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်ထုတ်ပြန်သည်။

ရိုဟင်ဂျာများအား နိုင်ငံတကာစံနှုန်းများနှင့်အညီ အလုပ်လုပ်ခွင့် ပါမစ်ပေးရေး၊ လွတ်လပ်စွာ သွားလာခွင့်ပေးရေးကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဟု သမ္မတဦးသိန်းစိန်က ပေးစာတွင်ဖော်ပြထားသည်။

ဦးသိန်စိန်၏ပေးစာသည် ဦးတည်ချက်မှန်ကန်သော ဆောင်ရွက်ချက်တစ်ခုဖြစ်သည်ဟု ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက အသိအမှတ်ပြုသည်။

သမ္မတဦးသိန်းစိန်သည် ၁၉၄၈ လွတ်လပ်ရေးမရမှီကာလက နေထိုင်ခဲ့ကြသော ရိုဟင်ဂျာများကိုသာ နိုင်ငံသားခံယူခွင့် စဉ်းစားမည်ဟူသော မူလရပ်တည်ချက်ကို ပြောင်းလဲမှာလားဆိုသော အချက်မှာ မသဲကွဲသေးပါ။

မြန်မာနိုင်ငံတွင် လူများစု ဗုဒ္ဓဘာသာဝင်များက လိုလားခြင်းမရှိသော ရိုဟင်ဂျာများသည်  ကမ္ဘာ့ဖိနှိပ်ခံရဆုံး လူတစ်စုဖြစ်သည်ဟု ကုလသမဂ္ဂက သတ်မှတ်ပြောဆိုထားသည်။

ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံတွင် မျိုးဆက်နှင့်ချီ၍ နေထိုင်ခဲ့သူများဖြစ်သော်လည်း  နိုင်ငံသားခံယူခွင့်ကို အစိုးရကပိတ်ပင်ထားသည်။ ရိုဟင်ဂျာများသညတ် ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင်ရွှေ့ပြောင်းနေသူများဟု မြန်မာနိုင်ငံက သတ်မှတ်ထားသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်ကလည်း ၎င်းတို့ကို လက်မခံသောကြောင့် ရိုဟင်ဂျာများမှာ နိုင်ငံမဲ့ဖြစ်နေကြသည်။

လက်ရှိမြန်မာနိုင်ငံဖက်တွင် ရိုဟင်ဂျာရှစ်သိန်းခန့်နေထိုင်နေသည်ဟု ကုလသမဂ္ဂ ကခန့်မှန်းထားသည်။ တင်းကျပ်သော စည်းမျဉ်းများဖြင့် ကန့်သတ်ခံရသော ရိုဟင်ဂျာတို့သည် လက်ထပ်ထိမ်းမြားရန်၊ ကလေးနှစ်ဦးထက် ပိုယူရန်၊ ရွာပြင်သို့ခရီးသွားရန်အတွက် သက်ဆိုင်ရာ ခွင့်ပြုချက် လိုအပ်သည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment