Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၀.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. အမေရိကန်သို့ မြန်မာ့ အဝတ်အထည်နှင့် ရေထွက်ပစ္စည်းများ တင်ပို့မည်
  2. အာဆီယံလူ့အခွင့်အရေးကြေညာချက်တွင် မြန်မာသဘောတူလက်မှတ်ရေးထိုးမည်

နိုင်ငံရေးသတင်း

  1. နျူးကလီးယားထိန်းချုပ်ရေးသဘောတူညီချက်လက်မှတ်ထိုးမည်ဖြစ်ကြောင်း ကြေညာ
  2. ဗီယက်နမ်သမ္မတ မြန်မာနိုင်ငံသို့လာရောက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

အမေရိကန်သို့ မြန်မာ့ အဝတ်အထည်နှင့် ရေထွက်ပစ္စည်းများ တင်ပို့မည်

အမေရိကန်သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ နှစ်ရက်ခန့်အလိုတွင် အမေရိကန်နိုင်ငံမှ ကျောက်မျက်မှလွဲ၍ ကျန်ပို့ကုန် တင်ပို့မှုအားလုံးကို ခွင့်ပြုပေးခဲ့သည့်အတွက် အမေရိကန်နိုင်ငံသို့ မြန်မာ့အဝတ်အထည်နှင့် ရေထွက်ကုန်ပစ္စည်းများ ဦးစွာတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

နောက်ပိုင်းကာလများတွင်လည်း မြန်မာနိုင်ငံမှထွက်ရှိသည့် ကျွန်းသစ်များကို အမေရိကန်နိုင်ငံသို့  ထပ်မံတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်သမ္မတအိုဘားမား လာရောက်လည်ပတ်ခဲ့သည့်အတွက် မြန်မာ့စီးပွားရေး အလားအလာများ ပိုမိုကောင်းမွန်လာနိုင်သည့်အပြင် အီတာလျံကုမ္ပဏီများ၊ ဂျာမန်ကုမ္ပဏီများနှင့် ဗြိတိန်ကုမ္ပဏီများအစရှိသည့် နိုင်ငံတကာကုမ္ပဏီကြီး များ မြန်မာနိုင်ငံသို့ဝင်ရောက်လာနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ယခင်မြန်မာပို့ကုန်များကို အမေရိကန်နိုင်ငံသို့တင်ပို့ရာတွင် ဒေါ်လာသန်းနှင့်ချီ၍ ရောင်းချခဲ့ရပြီးနောက်ပိုင်း စီးပွားရေးပိတ်ဆို့မှုများကို ပြုလုပ်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံတွင် မြန်မာ့ဈေးကွက် ပျောက်ဆုံးခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၂ စက်တင်ဘာလ ၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ပြီးဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက်လာတော့မည်ဖြစ်ပြီး ယင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအားယှဉ်ပြိုင်နိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပြင်ဆင်ထားသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

YC

----------------------------------------------------------------------------------------------------------------------

အာဆီယံလူ့အခွင့်အရေးကြေညာချက်တွင် မြန်မာသဘောတူလက်မှတ်ရေးထိုးမည်

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ Peace Palace အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့သည့် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်ကို မြန်မာနိုင်ငံမှ သဘောတူလက်မှတ် ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် အရပ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး၊ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အခွင့်အရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ပူးပေါင်းကဏ္ဍများအပါအဝင် စုစုပေါင်း အပိုဒ် ၄၀ ပါရှိကြောင်း သိရသည်။

ထိုသို့ အာဆီယံနိုင်ငံများ၏ သမိုင်းဝင်လူ့အခွင့်အရေးဆိုင်ရာကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာစည်းမျဉ်းများနှင့် မကိုက်ညီဘဲ နိုင်ငံအစိုးရများကိုသာ စံချိန်စံညွှန်းလျှော့ချရန် ခွင့်ပေးသကဲ့သို့ဖြစ်သွားနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မပာာမင်းကြီး Navi Pillay ကဝေဖန်ပြောဆိုခဲ့သည်။

ထို့ပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်မည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် ပြည်တွင်းရှိ လူ့အခွင့်အရေးလှုပ်ရှား နေသူများမှစုပေါင်းကာ ရန်ကုန်၌အစည်းအဝေးတစ်ရပ်ပြုလုပ်၍ လူ့အခွင့်အရေးဆိုင်ရာ အထူးအရေးပေးဆောင်ရွက်မည့် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိပြည်သူများမှာ ယခင်စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရသည့်အတွက် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများ ကြား လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရလက်ထက်တွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကို အကာအကွယ်ပေးနိုင်မည့် အဖွဲ့အစည်းများစွာလိုအပ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက ပြောကြားသည်။

              YC

  ********************************************************************************************

နိုင်ငံရေးသတင်း

နျူးကလီးယားထိန်းချုပ်ရေးသဘောတူညီချက်လက်မှတ်ထိုးမည်ဖြစ်ကြောင်း ကြေညာ

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့်ပူးပေါင်း၍ နျူကလီးယားတည်ဆောက်နေသည်ပာု နိုင်ငံတကာမှသံသယဖြစ်နေသည့်အတွက် နျူကလီးယားထိန်းချုပ်ရေး သဘောတူညီချက်တွင်ပါဝင်သည့် ပြုပြင်ပြောင်းလဲထားသော ပမာဏနည်းသည့် နျူကလီးယားသတ္တိကြွပစ္စည်းများဆိုင်ရာ နောက်ဆက်တွဲစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းဖြင့် အထင်အရှားသက်သေပြသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

“အရင်တုန်းက မြန်မာနိုင်ငံမှာ နျူကလီးယားလုပ်တယ်ဆိုပြီး မြန်မာနိုင်ငံက သံသယဖြစ်ခံရတယ်။ ဒါကြောင့် နောက်ဆက်တွဲစာချုပ်မှာ လက်မှတ်ထိုးလိုက်မယ်ဆိုရင် အဲ့ဒီမှာပါတဲ့အတိုင်း IAEA ရဲ့ လုပ်ငန်းတွေလည်းလုပ်လို့ရမယ်။ အာမခံလိုက်တာပေါ့ဗျာ။ တကယ် Nuclear Mission မရှိဘူးဆိုတာ အထင်အရှားပြသလိုတဲ့သဘောနဲ့ ဒါကိုလက်မှတ်ရေးထိုးတာပေါ့ဗျာ”ပာု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ဝင်နိုင်ငံများတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ နောက်ဆက်တွဲ စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားသတ္တိကြွပစ္စည်းများဆိုင်ရာ နောက်ဆက်တွဲစာချုပ်တွင် သဘောတူလက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရန်ဖြစ်သော ဆေးဝါးကုသရေး၊ လယ်ယာထွက်သီးနှံပြုပြင်ထိန်းသိမ်းရေး ပညာသင်ကြားရေးနှင့် သုတေသနလုပ်ငန်းများဆိုင်ရာ နည်းပညာနှင့် စက်ကိရိယာအကူအညီများရရှိရေး၊ နိုင်ငံတွင်းရှိ ကျွမ်းကျင်ပညာရှင်များအား အတွေ့အကြုံရရှိနိုင်စေရန် နိုင်ငံခြားအဖွဲ့အစည်းများသို့ ထိုးဖောက်တာဝန်ထမ်းဆောင်ခွင့်များရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ နျူကလီးယားထိန်းချုပ်ရေးသဘောတူညီချက်တွင် မြန်မာနိုင်ငံမှပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတည်ပြုနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၉၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ပေးပို့ထားကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------

ဗီယက်နမ်သမ္မတ မြန်မာနိုင်ငံသို့လာရောက်မည်

မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လာရောက်ခဲ့သည့် အမေရိကန်သမ္မတအိုဘားမား၏ ခရီးစဉ်ပြီးနောက် ၁၀ ရက်ခန့်အကြာ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ သမ္မတ Mr.Truong Tan Sang မှ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဗီယက်နမ်နိုင်ငံသမ္မတ မြန်မာနိုင်ငံသို့လာရောက်ခြင်းသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်သမ္မတ Mr.Truong ၏မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ၎င်း၏ခရီးစဉ်မှာ သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံ၌ စီးပွားရေးနှေးကွေးမှုများ၊ ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုငွေကျဆင်းခြင်းနှင့် အချိန်မရွေး ပြိုလဲသွားနိုင်သည့် ဘဏ်စနစ်အတွင်း ကြွေးမြီအဆင့်မြင့်မားနေမှုများအပေါ် သက်ဆိုင်ရာတာဝန်ရျိသူများက စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း BBC သတင်းဌာနဖော်ပြချက်အရ သိရသည်။

YC

 

 *******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အဓိက က တိုင်းပြည်အနာဂတ်အတွက်ပါ နောက်မျိုးဆက်တွေကို စွမ်းရည်မြှင့်တင်ဖို့အတွက် ဆက်ပြီးတော့ ပညာသင်ဆုတွေ တိုးမြှင့်သွားဖို့ရယ်။ စွမ်းရည်မြှင့်သင်တန်းတွေဆက်ပြီး ပေးနိုင်ဖို့ရယ်ပေါ့။ နောက်တစ်ခု ကတော့အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းမောင်းသန် ဖြစ်ဖို့အတွက် ကျွန်တော်တို့လည်း ကြိုးစားနေတယ်။ နိုင်ငံတကာကလည်း အားပေးရမယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းက ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ် ဖြစ်တယ်လေ။ အဲဒါတွေပြောပြပါတယ်။ ကျွန်တော်တို့ ပြောချင်တဲ့အခြားအချက်အလက်တွေကိုတော့ သီးခြားကဏ္ဍကနေ သွားပြီးပါပြီ။ ဒါကြောင့် သူ့မိန်ခွန်းထဲမှာ ကျွန်တော်တို့ကို ပြောချင်တာတွေတော်တော်များများ တုန့်ပြန်ပြီးတော့ ပြောသွားပါတယ်။”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် မဇ္စိုမဂျာနယ် အတွဲ (၁) အမှတ် (၉) တွင်ပါရှိသော “သမ္မတအိုဘားမားနဲ့ သူတို့ဘာတွေဆွေးနွေးခဲ့ကြသလဲ” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ၏ပြောကြားချက် အားကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------

“ပထမတုန်းကတော့ Nippon Foundation ကနေပြီးတော့ ဦးအောင်မင်းပြောတာကို နားလည်မှုလွဲပြီးတော့ သူတို့ဂျပန်မှာ လုပ်လို့ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဆွေးနွေးတဲ့အခါက နိုင်ငံတော်ဘက်က ပါတဲ့တာဝန်ရှိ တဲ့လူတွေက အဲလိုဂျပန်မှာ သွားပြီးဆွေးနွေးဖို့ အခက်အခဲရှိပါလိမ့်မယ်။ အဲဒီအတွက်ကြောင့် သူတို့က ရန်ကုန်မှာပဲ Myanmar Peace Center က တစ်ဆင့်ဆွေးနွေးဖို့ ဦးအောင်မင်းတို့ ကမ်းလှမ်းထားတယ်လို့ ကျွန်တော် သိရပါတယ်။”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် မဇ္စိုမဂျာနယ် အတွဲ (၁) အမှတ် (၉) တွင်ပါရှိသော “ဦးအောင်မင်းနှင့် UNFC တို့ ဂျပန်၌တွေ့ဆုံဆွေးနွေးကြရန် မရေမရာဖြစ်နေ” သတင်းမှ  ငြိမ်းချမ်းရေးအကျိုးဆောင် ကိုညိုအုန်းမြင့် ၏ပြောကြားချက် အားကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------

 “တရားရုံးတွေဟာ တရားဥပဒေနဲ့ အညီ လွတ်လပ်စွာစီရင်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ တရားစီရင်ရေးအခြေခံမူ ချမှတ်ထားတာရှိပါတယ်။ ဒါ့ကြောင့် ခုံရုံးဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေဖြစ်တဲ့ တရားစီရင်ရေးကိုဆောင်ရွက်ရာမှာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတွေကို အစိရင်ခံတင်ပြနေရတဲ့အတွက် စဉ်းစား သင့်ပါတယ်။ ”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် အတွဲ (၂) အမှတ် (၃၅) တွင် ပါရှိသော “ပြင်ဆင်ရေးဆွဲ ခုံရုံးဥပဒေကြမ်း လွှတ်တော်နှစ်ရပ် အတည်ပြု” သတင်းမှ ဒုတိယဥပဒေချုပ် ဦးထွန်းထွန်းဦး ၏ပြောကြားချက်အားကောက်နှုတ်ချက်။

  ******************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment