Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၁.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. FDI အတွက် ပြည်တွင်း ကုန်သည်များနှင့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်
  2. မြန်မာအလုပ်သမားများအတွက် ပြည်ပ၌သံအရာရှိခန့်အပ်မည်

နိုင်ငံရေးသတင်း

  1. KIA နှင့်တပ်မတော် နှစ်ဖက်စစ်အင်အားတိုးချဲ့
  2. ယာယီစာနယ်ဇင်းကောင်စီမှရေးဆွဲမည့် ပုံနှိပ်မီဒီယာဥပဒေကြမ်းပြီးစီးပါက ပြန်ကြားရေးဌာနသို့ပေးပို့ပြင်ဆင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

FDI အတွက် ပြည်တွင်း ကုန်သည်များနှင့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံတွင်းသို့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)များ ဝင်ရောက်လာပါက ၎င်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုအပေါ် ယုံကြည်မှုရှိနိုင်စေရန် ပြည်တွင်းရှိ ကုန်သည်များနှင့် ကမ္ဘာ့အသိဉာဏ်မူပိုင်ခွင့်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရန် ဆွယ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့သည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုး ခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ကိုယ်ပိုင်ဉာဏထုတ်လုပ်မှုအပေါ် မူပိုင်ခွင့်ဆိုင်ရာအာမခံချက်ပေးသည့် အဖွဲ့စည်းများသည် နိုင်ငံတကာတွင် ရှိနေပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် အာမခံချက်ပေးနိုင်ရန် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့အစည်းမှ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာများတွင် တီထွင်မှုနှင့်ပတ်သက်၍ မိမိပူပိုင်တံဆိပ်(Band)များ၊ ဒီဇိုင်း ရေးဆွဲခြင်းများတွင် ကိုယ်ပိုင် အကျိုးအမြတ်ရရှိနိုင်စေရန် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ကာကွယ်ပေးခြင်းဖြင့် ပြည်တွင်းရှိ စားသုံးသူများအတွက်ပါ အကျိုးအမြတ်ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

YC

                                         ******************************************************************

မြန်မာအလုပ်သမားများအတွက် ပြည်ပ၌သံအရာရှိခန့်အပ်မည်

ပြည်ပနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးအတွက် ပြည်တွင်း နိုင်ငံသားအလုပ်သမား အများစုရှိရာ ထိုင်း၊ ကိုရီးယားနှင့် အခြားနိုင်ငံများတွင် မြန်မာသံအရာရှိများ ခန့်အပ်သွားမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများအတွက် အလုပ်သမားအကျိုးခံစားခွင့်ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးတို့အတွက် စနစ်တကျစီမံဆောင်ရွက်နိုင်ရန် Oversea Employment Law ကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်သည့် မြန်မာလုပ်သားဦးရေ သောင်းဂဏန်းခန့်မှာ အကြောင်းပြချက်မရှိ အကျဉ်းကျခံနေရလျက် ရှိကြောင်းသိရသည်။ ထိုသို့အကျဉ်းကျခံနေရသူများအနက် အချို့မှာ သက်ဆိုင်ရာအစိုးရထံသို့ အကြောင်းကြား ပြောဆိုခြင်းမရှိသည့်အတွက် မြန်မာ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လိုက်လံကူညီရန်ခက်ခဲလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသောင်းဂဏန်းခန့် အကျဉ်းကျခံနေရခြင်းမှာ ကိုယ်တိုင်ပြစ်မှုကျူးလွန်ခြင်း၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်ခြင်းနှင့် အလုပ်ရှင်နှင့် ပြေလည်မှုမရှိခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တစ်ခုက ပြောကြား သည်။

YC

*********************************************************************************************

နိုင်ငံရေးသတင်း

KIA နှင့်တပ်မတော် နှစ်ဖက်စစ်အင်အားတိုးချဲ့

လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ KIA နှင့် အစိုးရတပ်တော် နှစ်ဖက်စလုံးမှ တိုက်ပွဲဖြစ်ပွားနေရာနေရာများသို့ စစ်ယာဉ်တန်းများ ဖြင့် လက်နက်၊ ခဲယမ်း၊ ရိက္ခာများပို့ဆောင်၍ စစ်အင်အားကို တိုးချဲ့လျက်ရှိကြောင်း သိရသည်။

ထိုသို့ နှစ်ဖက်စစ်အင်အားတိုးချဲ့မှုများကြောင့် ဒေသခံတိုင်းရင်းသားတို့မှာ တိုက်ပွဲများဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းတွင် တပ်မတော်နှင့် KIA တို့၏ တိုက်ပွဲဖြစ်ပွားမှု အတန်ငယ်ငြိမ်သက်သွားခဲ့သော်လည်း အောက်တိုဘာလ ကုန်ပိုင်းမှစတင်၍ တစ်ဖက်နှင့်တစ်ဖက် လက်နက်ကြီးများဖြင့် ပတ်ခတ်သည်အထိ တိုက်ပွဲအရှိန် ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ပွဲအရှိန် မြင့်တက်လာသည်နှင့်အမျှ ဒုက္ခသည်စခန်းများတွင်လည်း ဒုက္ခသည်ဦးရေ ထပ်မံတိုးပွားလာခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIA ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၄၀ ကျော် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုများ ရရှိခဲ့သည်။

YC              

 ********************************************************************************************

ယာယီစာနယ်ဇင်းကောင်စီမှရေးဆွဲမည့် ပုံနှိပ်မီဒီယာဥပဒေကြမ်းပြီးစီးပါက ပြန်ကြားရေးဌာနသို့ပေးပို့ပြင်ဆင်မည်

လက်ရှိ ယာယီစာနယ်ဇင်းကောင်စီမှ ၂၀၁၂ နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် ပုံနှိပ်မီဒီယာဥပဒေကြမ်း ပြီးစီးသွားပါက ပြန်ကြားရေးဝန်ကြီးဌာနသို့ပေးပို့၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ဥပဒေကြမ်းနှင့်ပေါင်းကာ ပြင်ဆင်သင့်သည့် အချက်များကိုပြင်ဆင်၍ လွှတ်တော်သို့ပေးပို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်မှအတည်ပြု၍ မြန်မာနိုင်ငံအတွင်း မီဒီယာဥပဒေထွက်ပေါ်လာပါက လက်ရှိသုံးစွဲလျက်ရှိသည့် ၆၂ ပုံနှိပ်ဥပဒေကို ဖျက်သိမ်း ပေးသွားမည်ဖြစ်ကြောင်း လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။

ယာယီစာနယ်ဇင်းကောင်စီမှ ရေးဆွဲလျက်ရှိသည့် Zero Draft ပြီးသွားပါက ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ First Draft ကို ရေးဆွဲပြီး နောက် ပြည်တွင်းပြည်ပမီဒီယာများအား ဖိတ်ခေါ်၍ Work Shop တစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြား သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို ယခင်ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း ဖွဲ့စည်းပေးခဲ့သည့် မြန်မာနိုင်ငံအမြုတေစာနယ်ဇင်း ကောင်စီမှ အဖွဲ့ဝင်များနှင့် အခြားလွတ်လပ်သည့် စာနယ်ဇင်းဆိုင်ရာပုဂ္ဂိုလ်များ အပါအဝင် အဖွဲ့ဝင် ၂၉ ဦးဖြင့် ၂၀၁၂ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ လက်ရှိဖွဲ့စည်းထားသည့် ယာယီစာနယ်ဇင်းကောင်စီတွင် စီမံရေးနှင့် ဘဏ္ဍာရေးကော်တီ၊ ကျင့်ဝတ်နှင့်ဥပဒေရေးဆွဲရေး ကော်မတီ၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီနှင့် ပြန်ကြားရေးနှင့် ဆက်ဆံရေးကော်မတီတို့ပါဝင်ကြောင်း သိရသည်။

              YC

 *******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီမိုကရေစီနိုင်ငံကိုသွားနေတဲ့ တိုင်းပြည်ဆိုရင်တော့ ဒါဟာဘုန်းကြီးနဲ့ဘီးပဲဗျ။ ဘာမှကို မဆိုင်တဲ့ကိစ္စပဲ။ E-mail တစ်စောင်အတွက်နဲ့ ထောင် ၁၅ နှစ် ကျရတယ်ဆိုတဲ့ အီလက်ထရောနစ် ဥပဒေမျိုးကတော့ ဒီမိုကရေစီနိုင်ငံကို ကူးပြောင်းပြီးသွားနေတဲ့ ကာလအတောအတွင်းမှာတော့ ဘယ်လိုမှမရှိသင့်တဲ့ အက်ဥပဒေပဲဗျ။ အဲဒီတော့ ဖျက်ကိုဖျက်သိမ်းသင့်ပါတယ်။”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၂၁) တွင်ပါရှိသော “ဆက်သွယ်ရေးဥပဒေကြမ်းသည် ပြည်သူလူထု၏ မူလရပိုင်ခွင့်များကို ထိပါးနိုင်ကြောင်း ဝေဖန်ပြောဆိုသံများ”သတင်းမှ ကိုဇာဂနာ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။

                                     *************************************

“တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှုမတူတာကို အပြန်အလှန်လေးစားဖို့၊ အယူအဆမတူတာကို အပြန်အလှန်လေးစားဖို့၊ လူတစ်ယောက်ရဲ့ တန်ဖိုးကို အခြားလူက လေးစားဖို့ အဲဒီလိုဆိုရင် ကျွန်တော်တို့အပြန်အလှန် ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေနိုင်မယ်၊ အနိုင့်အထက်နဲ့ ငါတို့ကအုပ်ချုပ်တဲ့သူ၊ ငါတို့က သတ်မှတ်တာပဲ သင်ရမယ်၊ ငါတို့ခိုင်းတာပဲ လုပ်ရမယ်၊ အဲဒီလိုသာဆိုရင် ကျွန်တော်တို့နိုင်ငံ ဘယ်တော့မှမငြိမ်းချမ်းဘူး။”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၂၁) တွင်ပါရှိသော “အခြေခံပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဘာတွေလိုအပ်သလဲ-၁” သတင်းမှ ဒေါက်တာသိန်းလွင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                          ***********************************

“တရုတ်နိုင်ငံအပြင် ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံအတွင်းရှိ SMEs လုပ်ငန်းတွေ တိုးတက်ဖို့အတွက် အတိုးနှုန်း ၂၁% နဲ့အတူ ချေးငွေထုတ်ချေးဖို့ ကမ်းလှမ်းထားတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အဲဒီချေးငွေကို ယူဖို့စိတ်ဝင်စားတယ်။”

နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် အင်ပါယာဂျာနယ် အတွဲ (၁) အမှတ် (၃၆)တွင်ပါရှိသော “SME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံမှ အတိုးနှုန်းသက်သာစွာ ငွေချေးမည်”သတင်းမှ SME ဗဟိုဌာနမှညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

                                    ******************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment