Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၃.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. အမေရိကန်မှ မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီး နှစ်ဦးလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းခုနှစ်အား ပိတ်ဆို့မှုတိုးမြှင့်
  2. နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းအခွန်လျော့ကျမှုကြောင့် အခွန်စနစ်ပြောင်းလဲမည်

နိုင်ငံရေးသတင်း

  1. အိန္ဒိယ-မြန်မာ နိုင်ငံရေးဆွေးနွေးပွဲ ပြည်တွင်းနိုင်ငံရေးပါတီကိုယ်စားလှယ်များ တက်ရောက်မည်
  2. အုပ်ချုပ်ရေးမဏ္ဍိုင်မှ တရားစီရင်ရေးကဏ္ဍအပေါ် သြဇာလွှမ်းမှိုးမှုရှိကြောင်း အစီရင်ခံစာတင်သွင်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

အမေရိကန်မှ မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီး နှစ်ဦးလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းခုနှစ်အား ပိတ်ဆို့မှုတိုးမြှင့်

မြန်မာစီးပွားရေးလုပ်ငန်းရှင် နှစ်ဦးဖြစ်သည့် ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇနှင့် အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်(ခ)စတီဗင်လောတို့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းခုနှစ်ခုအား အမေရိကန်နိုင်ငံမှ ပိတ်ဆို့မှုသက်တမ်း ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှ ပိတ်ဆို့မှုသက်တမ်း တိုးမြှင့်လိုက်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးနှစ်ဦး၏ လုပ်ငန်းများမှာ  ဦးတေဇပိုင် အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေးဘဏ်၊ စင်္ကာပူအခြေစိုက် Asia Pioneer Impex Pte Ltd ကုမ္ပဏီ၊ Terrsetrial Pte ကုမ္ပဏီ နှင့်  ဦးထွန်းမြင့်နိုင်ပိုင် Gold Energy Co. Ltd၊ စင်္ကာပူအခြေစိုက် Gold Ocean Pte Ltd၊ Great Success Pte Ltd ကုမ္ပဏီနှင့် Green Luck Trading Co. Ltd ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီနှစ်ရက်အလိုတွင် မြန်မာနိုင်ငံထွက် ကျောက်မျက်မှလွဲ၍ ကျန်ပို့ကုန်ပိတ်ဆို့မှု အားလုံးကို အမေရိကန်နိုင်ငံမှ ပယ်ဖျက်ပေးခဲ့သော်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးနှစ်ဦး၏ ပို့ကုန်တင်ပို့မှုများကိုမူ ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှ လက်ရှိအချိန်ထိတိုင် မက်စ်မြန်မာမှ ဦးဇော်ဇော်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ယုဇနဦးဌေးမြင့်တို့၏ လုပ်ငန်းအတော်များများနှင့် ရန်ကုန် အဲယားဝေးလ်၊ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီ၊ မြဝတီဘဏ်နှင့် ထရစ်ဒင်းလုပ်ငန်းအပါအဝင်  ကုမ္ပဏီစုစုပေါင်း ၁၃၀ ကျော်ကို စီးပွားရေးပိတ်ဆို့မှု ဆက်လက်ပြုလုပ်ထားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် နိုင်ငံရေး အကျဉ်းသားများ ရာနှင့်ချီ၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ ပြည်တွင်းမီဒီယာ ဖြေလျော့မှုများပြုလုပ်ပေးခြင်းနှင့် အလုပ်သမားသမဂ္ဂများ  တရားဝင် ဖွဲ့စည်းခွင့်ပြုခြင်းတို့အပေါ် အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်နိုင်ငံမှ နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည်။

              YC

---------------------------------------------------------------------------------------------------------------

 

နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းအခွန်ရရှိမှု လျော့ကျသည့်အတွက် အခွန်စနစ်ပြောင်းလဲမည်

မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရရှိမှုမှာ ၃.၂ ရာခိုင်နှုန်းဖြစ်ပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)နှင့် အခွန်ကောက်ခံရရှိမှု လျော့ကျနေသည့်အတွက် အခွန်စနစ်များပြောင်းလဲနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဘဏ္ဍာ/အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

အခွန်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အခွန်ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိအခွန်ကောက်ခံလျက်ရှိသည့် Office Assessment System မှ ဒီမိုကရေစီနိုင်ငံပီသစွာ ခေတ်စနစ်နှင့်အညီ အခွန်ကောက်ခံမှုစနစ်သို့ ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြည်တွင်းအခွန်ကောက်ခံ ရရှိမှုလျော့ကျခဲ့သည့်အတွက် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်းများတွင် မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်ခဲ့ရပြီး ရှင်းလင်းလွယ်ကူသည့် အခွန်စနစ် ဖြစ်နိုင်စေရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)နှင့် အပြည်ပြည်ဆိုင်ရာ အခွန်အကောက် ရင်းနှီးမြှုပ်နှံမှုဗပာိုဘဏ်တို့က မြန်မာနိုင်ငံ၏ အခွန်စနစ်ပြောင်းလဲရေးတွင် ကူညီထောက်ပံ့မှုများပြုလုပ်ပေးနိုင်ရေးအတွက် ကမ်းလှမ်းထားကြောင်း သိရသည်။

ပြည်တွင်းရှိ နိုင်ငံသားများ အခွန်ပေးဆောင်ရာတွင် ညီတူမျှတူဖြစ်စေရန်နှင့် အခွန်ကို လိုလိုလားလားပေးဆောင်သည့် စနစ်မျိုးဖြစ်လာနိုင်စေရန် Self assessment system ကိုလုပ်ဆောင်သင့်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

*********************************************************************************************

နိုင်ငံရေးသတင်း

 အိန္ဒိယ-မြန်မာ နိုင်ငံရေးဆွေးနွေးပွဲ ပြည်တွင်းနိုင်ငံရေးပါတီကိုယ်စားလှယ်များ တက်ရောက်မည်

အိန္ဒိယနိုင်ငံ၊ နာဂလဲန်ပြည်နယ်၊ ကိုဟီးမားမြို့၌ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံ၏ နိုင်ငံရေး ဆွေးနွေးပွဲသို့ ပြည်တွင်းနိုင်ငံရေး ပါတီကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် ဒီမိုကရေစီမိတ်တွေ(၁၀)ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်မည့်ကိုယ်စားလှယ်များအနေဖြင့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဒီဇင်ဘာလ(၇)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

YC

---------------------------------------------------------------------------------------------------------------

အုပ်ချုပ်ရေးမဏ္ဍိုင်မှ တရားစီရင်ရေးကဏ္ဍအပေါ် သြဇာလွှမ်းမှိုးမှုရှိကြောင်း အစီရင်ခံစာတင်သွင်း

မြန်မာနိုင်ငံရှိ တရားစီရင်ရေးကဏ္ဍအား အုပ်ချုပ်ရေးမဏ္ဍိုင်မှ သြဇာလွှမ်းမိုးထားကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီမှ အတွင်းရေးမှူးဦးဝင်းမြင့်က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စပုံမှန် အစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခဲ့သည်။

ထိုသို့ တရားစီရင်ရေးမဏ္ဍိုင် သြဇာလွှမ်းမိုးခံနေရခြင်းမှာ တရားသူကြီးများသည် အုပ်ချုပ်ရေးမဏ္ဍိုင်ရှိ သက်ဆိုင်ရာအုပ်ချုပ်ရေး အာဏာပိုင် များကို ကြောက်ရွံ့နေရခြင်း၊ ကြားအမှုပွဲစားများရှိနေခြင်း၊ ရဲနှင့်ဆင့်စာလုလင်တို့၏ တာဝန်ပျက်ကွက်မှုများကြောင့် သက်သေများ မလာရောက်ကြသည့် အတွက် အမှုများအချိန် ကြန့်ကြာခြင်း၊ သက်သေစရိတ် ထုတ်မပေးမှုများကြောင့် သက်သေများ တရားရုံးသို့မလာရောက်ခြင်း၊ တရားသူကြီးနှင့် သက်သေများမှာ ဥပဒေနှင့်ပတ်သက်၍ အကြောက်တရားလွှမ်းမိုးနေခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားရှိသည့် တရားစီရင်ရေး၏ လုပ်ပိုင် ခွင့်များတွင် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ဝင်ရောက်စွက်ဖက်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တရားစီရင်ရေးကဏ္ဍတွင် မျှတမှုရှိပြီး လာဘ်ပေးလာဘ်ယူမှုများ ကင်းရှင်းနိုင်စေရေးအတွက် ခေတ်နှင့်လျော်ညီမှုရှိသည့် ဥပဒေများ ပြင်ဆင်ခြင်း၊ ပြည်သူများဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်စလုံးအပြန်အလှန် စောင့်ကြည့်သွားရန် လိုအပ်ကြောင်း သိရသည်။

                တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအနေဖြင့် ဥပဒေပညာရှင်များ၊ သက်ဆိုင်ရာ ပြည်နယ် တရားသူကြီးချုပ်များနှင့် တရားရုံးများသို့ သွားရောက်လေ့လာ၍ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

*******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အားမလိုအားမရ နှောင့်နှေးကြန့်ကြာနေတယ်လို့ အပြောခံရတာ ပညာရေးကဏ္ဍ့ဖြစ်တယ်။ အချို့က စနစ်ကြောင့်လို့ ပြောတယ်။ အချို့က ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်းတွေကြောင့်လို့ ပြောတယ်။ အမှန်မြင်ရင်တော့ အမြန်ပြင်ဖို့ပဲ ဖြစ်ပါတယ်။”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် 7 Days Journal အတွဲ (၁၁) အမှတ် (၃၇)တွင်ပါရှိသော “အမျိုးသားပညာရေး ဥပဒေတစ်ရပ်ရေးဆွဲရန် ပြည်သူ့လွှတ်တော်အတည်ပြု”သတင်းမှ ဒေါက်တာမြဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

------------------------------------------------------------------

“တစ်ချိန်က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်မိတဲ့ ပြည်သူတွေပေါ့။ တချို့ထမင်းတစ်နပ် ကျွေးလိုက်ရုံနဲ့ မတရားအသင်းနဲ့ ဆက်သွယ်မှုဆိုပြီး ၁၇(၁)နဲ့ ထောင်ချခံရတယ်။ အခုလက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများက တရားဝင်ရုံးဖွင့်ပြီးတော့ မြို့ပေါ်မှာ နေနေကြပြီ။ အဲလိုအခြေအနေမှာ သူတို့နဲ့ဆက်ဆံမိတဲ့ ကျွန်တော်တို့ပြည်သူတွေ သံတိုင်နောက်မှာ ရှိနေသေးတယ်ဆိုတာတော့ ဘယ်လိုမှ သဘောတူလက်ခံလို့မရဘူး”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် 7 Days Journal အတွဲ (၁၁) အမှတ် (၃၇)တွင်ပါရှိသော “သမိုင်းဝင်နေ့တွင် အင်းစိန်ထောင်မှအထွက်” ဆောင်းပါးမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

------------------------------------------------------------------

“ဒီပွဲကတော့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ လှေခါးထစ်တစ်ထစ်ပေါ့။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတာ အစိုးရချည်းပဲ ပြောလို့မရဘူး။ ပြည်သူလူထုပါ အားလုံးပါဝင်ရမယ်။ ပြည်သူလူထုက ငြိမ်းချမ်းရေးအကြောင်းကို ဘာမှမသိပဲ ငြိမ်းချမ်းရေးသတင်းတွေ ကြည့်နေမယ့်အစား ငြိမ်းချမ်းရေးကို ကိုယ်တိုင် ကိုယ်ကျလုပ်နေတဲ့ အဖွဲ့တွေနဲ့ ပေးတွေ့တာ၊ သူတို့ကိုလည်း မေးစရာတွေလည်း ရှိနေတယ်။ သူတို့ကလည်း ဖြေချင်နေတာတွေလည်း ရှိတယ်။”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၁၇)တွင်ပါရှိသော “KNU အဖွဲ့က နိုင်ငံရေးပြဿနာဆိုတာ ပင်လုံညီလာခံမျိုး လုပ်သင့်ကြောင်းပြော”သတင်းမှ ဒေါ်ဆူစန်နာလှလှစိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

         ******************************************************************************************

                              

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment