Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၉.၁၁.၂၀၁၂

ပြည်တွင်းသတင်း  

  1. လက်ပံတောင်းတောင်စီမံကိန်းရှိ ဆန္ဒပြသူများနှင့် သပိတ်စခန်းဖွင့်လှစ်သူများအား မီလောင်းဗုံးများဖြင့်ပစ်ခွဲ
  2. မြန်မာ-အမေရိကန် ကုန်သွယ်မှုညီလာခံ ပထမဆုံးအကြိမ်ကျင်းပမည်

နိုင်ငံရေးသတင်း

  1. ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပ
  2. သမ္မတလက်မှတ်မထိုးသည့် လွှတ်တော်ဆိုင်ရာဥပဒေနှစ်ခုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

လက်ပံတောင်းတောင်စီမံကိန်းရှိ ဆန္ဒပြသူများနှင့် သပိတ်စခန်းဖွင့်လှစ်သူများအား မီလောင်းဗုံးများဖြင့်ပစ်ခွဲ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ဆန္ဒပြသူများနှင့် သပိတ်စခန်း ဖွင့်လှစ်ထားသူများအား နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် အာဏာပိုင်များက ရဲအင်အား ၅၀၀၀ ခန့်သုံး၍ မီးလောင်ဗုံးများဖြင့်ပစ်၍ လူစုခွဲခဲ့သည့်အတွက် ဒေသခံပြည်သူ အများအပြား သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သူများအား မုံရွာဆေးရုံသို့ ပို့ဆောင်လျက်ရှိပြီး အချို့မီးလောင်ခံရ သည့် ရပာန်းတော်များနှင့် ရွာသားများမှာ နီးစပ်ရာရွာများသို့ရှောင်တိမ်း၍ ဆေးမြီးတိုများဖြင့် ကုသလျက်ရှိကြောင်း သိရသည်။

ထိုသို့ကိစ္စရပ်များ ဖြစ်ပွားခဲ့သည့်အတွက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့မှ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် အမှတ်(၁၁/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ယခင်အစိုးရ လက်ထက်မှစတင်၍ မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးကိုအခြေခံ၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို စနစ်တကျတွက်ချက်ပြီင်္း လုပ်ဆောင်ခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။ အဆိုပါစီမံကိန်း၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို မျက်ကွယ်ပြု၍ လူအများအား စည်းရုံး လှုံဆော်ပြီး စီမံကိန်းပျက်ပြားစေရန် သပိတ်စခန်းများ ဖွင့်လှစ်ခြင်း၊ စီမံကိန်းထောက်ပံ့ရေး ပစ္စည်းများကိုဖျက်ဆီးခြင်းနှင့် ယင်းစီမံကိန်းရှိ ဝန်ထမ်းများ အား အနှောင့်အယှက်ပေးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပုဒ်မ ၁၄၄ ကိုထုတ်ပြန် ကြေညာခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် လူစုကွဲစေရန်ဆောင်ရွက်ရာတွင် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများကိုသာ အသုံးပြု ဆောင်ရွက်ခဲ့ပြီး အင်အားအလွန်အကျွံ့သုံးစွဲခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

လက်ရှိအချိန်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၌ ဒေသခံ ကျေးရွာသူရွာသားများ ရဟန်းတော်များ ပြည်သူအကျိုးဆောင် လူမှု ကွန်ယက်အဖွဲ့အစည်းများမှ စုပေါင်း၍ သပိတ်စခန်းခြောက်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

YC

                                                        ********************************************

 

မြန်မာ-အမေရိကန် ကုန်သွယ်မှုညီလာခံ ပထမဆုံးအကြိမ်ကျင်းပမည်

မြန်မာ-အမေရိကန်နှစ်နိုင်ငံပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံကို မြန်မာနိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ ဖေဖော်ဝါရီ လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းညီလာခံသို့ အမေရိကန်နိုင်ငံ U.S Chamber of Commerce မှအမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ၊ အဆင့်မြင့်အစိုးရ အရာရှိကြီးများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဘာသာရပ်ဆိုင်ရာပညာရှင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍမှတစ်ဆင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်၊ မြန်မာ့စွမ်းအင်ရင်းမြစ်များ ဖွံ့ဖြိုး တိုးတက်ရန်၊၊ မြန်မာနိုင်ငံ၏ IT နည်းပညာကဏ္ဍကို ကူညီထောက်ပံ့အားပေးနိုင်ရန်၊ ဘဏ္ဍာရေးကဏ္ဍ တည်ဆောက်ရေး၊ မြန်မာလူမှုဘဝမြှင့်တင်ရေး ကိစ္စရပ်များနှင့် အာဆီယံဒေသ၊ အာရှနှင့် ကမ္ဘာ့စီးပွားရေး ဈေးကွက်တွင် မြန်မာနိုင်ငံ ဝင်ရောက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာစီးပွားရေး ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများက ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည့် အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမားက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။

သမ္မတအိုဘားမား၏ မြန်မာခရီးစဉ်မတိုင်မီ နှစ်ရက်အလိုတွင် ပြည်တွင်းထွက်ကျောက်မျက်မှလွဲ၍ ကျန်ပို့ကုန်အားလုံးကို အမေရိကန်နိုင်ငံသို့ တင်ပို့ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့သည်။

YC

***************************************************************************************************

နိုင်ငံရေးသတင်း

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ပထမဆုံးအကြိမ် အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးသုံးစွဲရန် ချထားပေးသည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် ဘတ်ဂျက်အား တင်ပြ၊ ပြင်ဆင်၊ အတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခင်လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်များ မေးမြန်းရန်ကျန်ရှိသည့် မေးခွန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဖြေကြားခဲ့ပြီး မေးခွန်းသစ်နှင့် အဆိုသစ်များကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။

ယခုကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့ထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

YC

                                                    **************************************************

သမ္မတလက်မှတ်မထိုးသည့် လွှတ်တော်ဆိုင်ရာဥပဒေနှစ်ခုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

နိုင်ငံတော်သမ္မတဦးသိန်းစိန် သဘောတူလက်မှတ် ရေးထိုးခြင်းမရှိဘဲ သတ်မှတ်ရက်ပြည့်၍အတည်ပြုခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြချက် အမှတ်(၁၀/၂၀၁၂)ကို နိုဝင်ဘာလ ၂၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေတို့အား ရုတ်သိမ်း၍ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

ယင်း လွှတ်တော်ဆိုင်ရာဥပဒေနှစ်ခုအား ပြည်ဆောင်စုလွှတ်တော်တွင် ပြင်ဆင်အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံ လက်မှတ်ရေးထိုးရန် ပေးပို့ ခဲ့သော်လည်း နိုင်ငံတော်သမ္မတက  သဘောမတူသည့်အချက်များကို သဘောထားမှတ်ချက် ၁၀ ချက်နှင့်အတူ လွှတ်တော်သို့ မတ်လ ၂၃ ရက်နေ့တွင် ပြန်လည်ပေးပို့ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်မှ အချက်(၂)ချက်ကိုသာပြင်ဆင်၍ နိုင်ငံတော်သမ္မတထံသို့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထပ်မံ ပေးပို့ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်ပေးပို့ခဲ့သည့် လွှတ်တော်ဆိုင်ရာ ဥပဒေနှစ်ခုအား နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ရန်လိုအပ်ခြင်း၊ ဒီိမိုကရေစီကျင့်စဉ်နှင့် ညီညွှတ်ရန်လိုအပ်ခြင်း စသည့်အချက်များကြောင့် လက်မှတ်မရေးထိုးနိုင်ကြောင်း သတင်းထုတ်ပြန်ချက် အမှတ်(၆/၂၀၁၂)ဖြင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ လွှတ်တော်ဆိုင်ရာဥပဒေနှစ်ခုအား နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မရှိသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(ဂ)ပါ "ပြည်ထောင်စုလွှတ်တော်က ပြန်လည်ပေးပို့သော ဥပဒေကြမ်းကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုလျှင် သတ်မှတ်ကာလပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက် ရရှိပြီးသကဲ့သို့ ဥပေဒ ဖြစ်လာရမည်"ပာု ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်မှ အဆိုပါဥပဒေနှစ်ခုအား ပြဋ္ဌာန်းကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅၊ ပုဒ်မခွဲ(က)တွင် "ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသော ဥပဒေကြမ်းအား အတည်ပြုပြဋ္ဌာန်းနိုင်ရေး အတွက် နိုင်ငံတော်သမ္မတအား လက်မှတ်ရေးထိုးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၅ အရပေးပို့လာပါက နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ပြု၍(၁၄)ရက်အတွင်း ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ရန်နှင့် နိုင်ငံတော်သမ္မတက သဘောတူညီခြင်းမရှိ၍ (၇)ရက်အတွင်း လက်မှတ် ရေးထိုးခြင်းမပြုလျှင် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရရှိပြီးသကဲ့သို့ ဥပဒေအတည်ဖြစ်ကြောင်း"ပြဋ္ဌာန်းထားသည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ          

“ပြင်ဖို့ခက်မှန်းသိလို့ မပြင်ခဲ့ရင် ဖြစ်နိုင်တဲ့ပြဿနာတွေကို ထောက်ပြနေတာ၊ ပြင်ဖို့ကြိုးစားတဲ့ ပုဂ္ဂိုလ်တွေက ပြင်ဖို့လုပ်တဲ့အခါမှာ အနှောက်အယှက် လေးတွေ ရှိကိုရှိနိုင်တယ်။ သုံးကြိမ်လောက် ကြိုးစားပြီးမှ ဥပဒေခွင့်ပြုချက်အတိုင်း ပြင်လို့မရခဲ့ရင် မရဘူးဆိုတာ လူထုသဘောပေါက်အောင် ချပြရမယ်။”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Venus News Journal အတွဲ (၄ ) အမှတ် (၁၉)တွင်ပါရှိသော “ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆိုမှု လက်တွေ့တွင် အခက်အခဲရှိဟုဆို”သတင်းမှ ဒေါက်တာအေးမောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                               *********************************************

“နောက်တစ်ခုကတော့ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အသိတရားပေါ့နော်။ ဒီမိုကရေစီဆိုတာ ခုနကလို လွတ်လပ်မှုနဲ့တာဝန်ယူမှုတွေ တာဝန်သိမှုတွေ ဒါတွေကယှဉ်တွဲပြီးတော့ နေတာဖြစ်ပါတယ်။ လွတ်လပ်မှုကတော့ ခုနကလို ရချင်တယ်။ ပြီးတော့ တာဝန်သိမှု တာဝန်ယူမှုအပိုင်းတွေမှာ အားနည်းနေမယ် ဆိုရင် ဒီမိုကရေစီကျင့်သုံးရင် ကမောက်ကမနဲ့ ဖြစ်မှာဖြစ်ပါတယ်။”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Venus News Journal အတွဲ (၄ ) အမှတ် (၁၉) “အမေရိကန်ဒီမိုကရေစီကို ပုံတူကူးချမရဟု သမ္မတဦးသိန်းစိန်ဆို”သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

********************************************

“တရုတ်နိုင်ငံမှာ ဓါတုစက်ရုံတည်ဆောက်တာကို တရုတ်ပြည်သူက ကန့်ကွက်တာ အစိုးရက ချက်ချင်းရပ်ဆိုင်းပေးလိုက်တယ်။ အခု လက်ပံတောင်း ပြည်သူတွေ တောင်းဆိုတဲ့ကိစ္စကို  တရုတ်အစိုးရကရော၊ မြန်မာအစိုးရကပါ ရပ်ဆိုင်းပေးသင့်တယ်။ ဒီလိုရပ်ဆိုင်းပေးသင့်တဲ့ အခြေအနေမျိုးမှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီကနေ စက်ပစ္စည်းတွေ တင်သွင်းလာတဲ့အပေါ် မြန်မာအစိုးရက အခွန်လွတ်ငြိမ်းခွင့် ပေးထားတယ်ဆိုတော့ တော်တော့်ကို ရုပ်ဆိုးတဲ့အခြေအနေ ဖြစ်သွားပြီ ”

နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၁၀)တွင်ပါရှိသော “လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ကယန်းပြည်သစ်ပါတီ ကြေညာချက်ထုတ်ပြန်”သတင်းမှ ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးစောလွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

   ******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment