Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၇.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ယှဉ်ပြိုင်နိုင်ဖို့ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအား UMFCCI နှင့် ILO တို့မှ အသိပညာပေးမည်
  2. ရန်ကုန်မှအပ ကျန်တိုင်း၊ ပြည်နယ်များတွင် လျှပ်စစ်ပြတ်တောက် ဦးမည်
  3. မြန်မာနိုင်ငံတွင်း လူကုန်ကူးမှုများမှာ အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ်တည်ရှိ

နိုင်ငံရေးသတင်း

  1. ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းအတွင်း ဒေသခံများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ယှဉ်ပြိုင်နိုင်ဖို့ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအား UMFCCI နှင့် ILO တို့မှ အသိပညာ ပေးမည်

မြန်မာနိုင်ငံအတွင်းသို့ တရှိန်ထိုးဝင်ရောက်လာတော့မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်ရန် UMFCCI နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)တို့မှ ပူးပေါင်း၍ အသိပညာပေးမြှင့်တင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအပေါ် မည်သို့ကာကွယ်မှုများလုပ်ဆောင်ရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ယှဉ်ပြိုင်ရာတွင် ပြင်ဆင်ထားရမည့်ကိစ္စရပ်များအား UMFCCI နှင့် ILO တို့မှပူးပေါင်း၍ အကြံဉာဏ်များပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် UMFCCI နှင့် ILO တို့မှ တိုင်းရင်းသားရင်းနှီးမြှုပ်နှံသူများနှင့် စတင်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိသည့်အပြင် ပြည်ပလုပ်ငန်းရှင်များနှင့် ပြည်တွင်းလုပ်ငန်းရှင်များပါဝင်သည့် နည်းပညာဆွေးနွေးဖလှယ်ခြင်း ဆွေးနွေးပွဲများနှင့် ပြည်တွင်းလိုအပ်သည့်နေရာများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် လုပ်ငန်းရှင်အချင်းချင်း ဆွေးနွေးညှိနှိုင်းမှုများကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ယင်းရင်းနှီးမြှုပ်နှံမှုများအားယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရမည်ဖြစ်သည့်အပြင် လာမည့် ၂၀၁၄ တွင်ဖြစ်ပေါ်လာမည့် အာဆီယံဒေသတွင်း လွတ်လပ်စွာကုန်သွယ်ခွင့်(AFTA)အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန်လိုအပ်ကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------------------------

ရန်ကုန်မှအပ ကျန်တိုင်း၊ ပြည်နယ်များတွင် လျှပ်စစ်ပြတ်တောက်ဦးမည်

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအရ ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်ပြည်နယ်နှင့်တိုင်းအသီးသီးကို လျှပ်စစ်ဓာတ်အား လျှော့ချဖြတ်တောက်မှုများကို အနည်းအကျဉ်းပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံးတွင်ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

ရန်ကုန်အပါအဝင် ကျန်ပြည်နယ်နှင့်တိုင်းအသီးသီးအား လျှပ်စစ်ဓာတ်အားတိုးမြှင့်ပေးနိုင်ရန် ရွှေလီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ၂၀၀ မဂ္ဂါဝပ် ရယူထားသည့်အပြင် ၁၀၀ မဂ္ဂါဝပ်စက်တစ်လုံးတိုးမြှင့်၍ စုစုပေါင်း ၃၀၀ မဂ္ဂါဝပ် ရယူသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ပြည်သူများလျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန် ပြည်တွင်းပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီများဖြစ်သည့် ရွှေစွမ်းအင်ကုမ္ပဏီမှ တည်ဆောက်ပြီးဖြစ်သည့် သောက်ရေခပ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ၁၂၀ မဂ္ဂါဝပ်အား ၂၀၁၃ ခုနှစ်မတ်လအမှီ လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်ရန်၊ ရန်ကုန်မြို့ အလံဓာတ်အားပေးစက်ရုံတွင် ထိုင်းနိုင်ငံ Toyo Thai ကုမ္ပဏီ၏ စာချုပ်ချုပ်ဆိုပြီး ၁၂၀ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင်ဓာတ်အားပေးစက်မှ စက်တစ်လုံး ၆၀ မဂ္ဂါဝပ်ကို ၂၀၁၃ မတ်လ ၁၃ ရက်နေ့ အမှီ ဓာတ်အားထုတ်လွှတ်ပေးနိုင်ရန်၊ ရန်ကုန်မြို့၊ လှော်ကားဓာတ်အားပေးစက်ရုံတွင် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီဖြစ်သည့် Zeya and Associate Co., နှင့်စာချုပ်ချုပ်ဆိုပြီး ၅၀ မဂ္ဂါဝပ် အင်ဂျင်ဓာတ်အားပေးစက်မှ ၂၀၁၃ မတ်လ ၃၁ ရက်နေ့အမီဓာတ်အားထုတ်လွှတ်ပေးနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

ရန်ကုန်မြို့ ရွာမဓာတ်အားပေးစက်ရုံတွင် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် မြန်ရွှေပြည်ကုမ္ပဏီ၏ ၅၀ မဂ္ဂါဝပ်ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်မှ ၂၀၁၃ မတ်လ ၃၁ ရက်နေ့အမှီဓာတ်အား ထုတ်လုပ်ပေးနိုင်ရေး၊ ရန်ကုန်မြို့ သာကေတဓာတ်အားပေးစက်ရုံမှ ဖက်စပ်ကုမ္ပဏီဖြစ်သည့် CIC Co.Ltd နှင့်စာချုပ်ချုပ်ဆိုပြီး ၅၀ မဂ္ဂါဝပ်ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်မှ ၂၀၁၃ မတ်လ ၃၁ ရက်နေ့အမှီ ဓာတ်အားထုတ်လုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျပ်ငွေဘီလီယံနှင့်ချီ အရှုံးပေါ်နေသည့် မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနမှ အိမ်သုံး၊ လုပ်ငန်းသုံးလျှပ်စစ်မီတာခများ ကောက်ခံသည့်စနစ်နှင့် ကောက်ခံသည့်နှုန်းထားများကို ပြောင်းလဲကောက်ခံနိုင်ဖွယ်ရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာန ညွှန်ကြားရေးမှူး(ဘဏ္ဍာရေး)ဒေါ်အေးအေးမွန်က ပြောကြားချက်အရ သိရသည်။

YC

------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင်း လူကုန်ကူးမှုများမှာ အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ်တည်ရှိ

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကလေးသူငယ်နှင့် အမျိုးသမီးလူကုန်ကူးမှုများမှာ အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိလျက်ရှိသည့်အတွက် ယင်းကိစ္စရပ်အား အထူးကြပ်မတ်တားဆီး ကာကွယ်ရန်လိုအပ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း ကလေးသူငယ်လူကုန်ကူးမှုခံရမှုပေါင်း ၂၂ မှုအနက် အသက် ၁၆ နှစ်အောက် ကလေးသူငယ် ၃၂ ဦး လူကုန်ကူးခံခဲ့ရကြောင်းသိရသည်။ လူကုန်ကူးမှုဖြစ်စဉ်အများစုတွင် လူကုန်ကူးခံခဲ့ရသူများမှာ အဓမ္မလက်ထပ်ခိုင်းမှု၊ အဓမ္မစေခိုင်းမှု၊ အဓမ္မပြည့်တန်ဆာ စေခိုင်းမှု၊ အဓမ္မတောင်းရမ်းခိုင်းမှုများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရသစ်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲမှုများလုပ်ဆောင်နေသော်လည်း ကလေးသူငယ်များနှင့် မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှုတားဆီးကာကွယ်ရာတွင် အကောင်အထည်ဖော်မှု အားနည်းလျက်ရှိနေသေးကြောင်းသိရသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးများကို ပံ့ပိုးကူညီရမည်ဖြစ်သည့်အပြင် ကလေးသူငယ်များနှင့် အမျိုးသမီး လူကုန်ကူးခံရမှုများကို ထိရောက်စွာတားဆီးကာကွယ်ရန်လိုအပ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံရောက် တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားများကို ထိုင်းအစိုးရမှ အမိနိုင်ငံသို့ပြန်လည်ပို့ဆောင်တော့မည်ဖြစ်သည့်အတွက် အလုပ်သမားများ ပြည်နှင်ခံရပါက တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ကာ လူကုန်ကူးမှုများပါ ဆက်လက်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပြည်နှင်ခြင်းများကို စနစ်တကျသတ်မှတ်ထားသည့် မူဝါဒများမရှိသည့်အတွက် အလုပ်သမားများ၏ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ လူကုန်ကူးခံရခြင်းနှင့် အကြွေးဖြင့်နှောင်ဖွဲ့ခိုင်းစေခံရခြင်းမျိုးပါ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ပပျောက်ရေးအတွက် ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုတော် ဂျေဆင်မရက်(ဇ်)(Jason Marz) မှ ၂၀၁၂ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့သည့် လူကုန်ကူးမှုဆိုင်ရာ အသိပညာဖြန့်ဝေပေးသည့် ဖျော်ဖြေပွဲတွင် လာရောက်ဖျော်ဖြေခဲ့ပြီး ယင်းပွဲသို့ ပရိသတ် ခုနှစ်သောင်းကျော်လာရောက်အားပေးခဲ့ကြောင်း သိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းအတွင်း ဒေသခံများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

တရုတ်နိုင်ငံရှိ ရေနံကုမ္ပဏီတစ်ခုနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့မှပူးပေါင်း၍ ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းတည်ဆောက်မှုတွင် မြေယာသိမ်းဆည်းမှုများ၊ စစ်ရေးတိုးချဲ့မှုများပြုလုပ်ခဲ့သည့်အပြင် ဒေသခံများအပေါ်တွင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပိုက်လိုင်းတည်ဆောက်လျက်ရှိသည့် တရုတ်အလုပ်သမားများလုံခြုံမှုရှိနိုင်စေရန် အစိုးရမှ စစ်အင်အားတိုးချဲ့မှုနှင့် စစ်စခန်း ၂၆ ခုမှ တပ်စိတ်တပ်ခွဲများတွင်လည်း တပ်မတော်သားများအား ပိုမိုနေရာချထားပေးခဲ့သည့်အပြင် စီမံကိန်းနှင့်လွတ်ကင်းမှုမရှိသည့် လယ်မြေများကိုလည်း တပ်မတော်ကသိမ်းဆည်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကိစ္စရပ်များဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများမှာ ပြည်သူလူထုအကျိုးအမြတ် မရရှိနိုင်သည့် ရွှေသဘာဝစီမံကိန်းရပ်ဆိုင်းရန် လိုလားလျက်ရှိကြောင်း သိရသည်။

ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းဖြတ်သန်းလမ်းကြောင်းတစ်လျှောက်ရှိဒေသများတွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အတွက် ဒေသခံပြည်သူများ၏ အသက်ရှင်ရပ်တည်မှုများအပေါ် ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

မကြာသေးမီကာလအတွင်းက တအောင်းကျောင်းသားနှင့် လူငယ်အစည်းအရုံး(TSYO)မှ ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းအား ရပ်ဆိုင်းရန်၊ ရှမ်းပြည်နယ်မှ စစ်တပ်များ ရုတ်သိမ်းပေးရန်၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးနှင့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများမှတစ်ဆင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြားရှိ ပဋိပက္ခများကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

YC

**********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“မြန်မာနိုင်ငံဟာ အခုကမ္ဘာကစောင့်ကြည့်သုံးသပ်နေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ ဒီနိုင်ငံဟာ ကမ္ဘာပေါ်မှာ အစိုးရအပြောင်းအလဲ ဖြစ်နေတဲ့နောက်ဆုံးနိုင်ငံ ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့လည်း အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ တချို့ကိစ္စတွေမှာ ပူးပေါင်းပါဝင်ကူညီပေးဖို့လိုအပ်ပါတယ်။ တစ်ကမ္ဘာလုံးက မြန်မာနဲ့ချိတ်ဆက်နေချိန်မှ ကျွန်တော်တို့ နောက်ကျကျန်မနေခဲ့ချင်ပါဘူး”

ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၄) အမှတ် (၂၉) တွင်ပါရှိသော “ရခိုင်ဒေသတွင် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရန် အိန္ဒိယမှ ဒေါ်လာ ၁ သန်းထောက်ပံ့မည်” သတင်းမှ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------------

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျီုးသမီးနှင့် အမျိုးသား တန်းတူအခွင့်အရေးပေးထားပါတယလို့ ပြောနေပေမယ့် ကျွန်မ သမ္မတဖြစ်ခွင့်ဆိုတာနဲ့ ထောက်ပြပါမယ်။ ဥပဒေအရ အမျိုးသမီးရော အမျိုးသားရော သမ္မတ ဖြစ်ခွင့်ရှိ ပါတယ်။ သို့သော်လည်းပဲ အဲဒီမှာ ကန့်သတ်ချက်တွေရှိနေပါတယ်။ တစ်ခုကတော့ စစ်ရေးကို နားလည်ကျွမ်း ကျင်ရမယ်ဆိုတပါပဲ။ ဒါပေမယ့် ကျွန်မတို့အမျိုးသမီးတွေ စစ်ပညာသင်ကြားခွင့်မရှိပါဘူး၊ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခွင့်မရှိဘူး။ အဲဒါကြောင့် အမျိုးသမီးများရဲ့ အလုပ်အကိုင်အခွင့်အလမ်းဟာ အမျိုးသားများ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဆုံးရှုံးနေပါတယ်။”

ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် Newday News Journal အတွဲ (၁) အမှတ် (၄၁) တွင်ပါရှိသော “စစ်ရေးကို နားလည်ကျွမ်းကျင်ရမည် ဆိုခြင်းသည် အမျိုးသမီးများ သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသလို ဖြစ်နေကြောင်း အမျိုးသမီးအခွင့်အရေးကိစ္စ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြောကြား” သတင်းမှ ဖန်မီးအိမ်ရှင်များ အသင်းမှ ဒေါ်ရွှေရွှေစိန်လတ် ၏ပြောကြားချက်မှ ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------------

“အခုဖြစ်နေတဲ့ ပြဿနာတွေက နှစ် ၅၀ ကြာဖိနှိပ်ခံထားရတဲ့ပြာ်သူတွေက စိတ်ထဲက မကျေနပ်မှု အစိုင်းအခဲတွေကို ချေဖျက်ချင်လို့ ဖြစ်လာတာပါ။ မြန်မာလူမျိုးတွေဟာ သူတို့စိတ်ထဲရှိတဲ့အတိုင်း ဖော်ထုတ်ပြီးတဲ့အခါမှာ တစ်ဖက်ကတောင်းပန်ရင် ကျေနပ်တဲ့အကျင့် တစ်ခုရှိပါတယ်။ ဒါကို နားလည်ရင် အစိုးရက ပြည်သူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အဖြေတွေ့ပါလိမ့်မယ်။”

ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် Newday News Journal အတွဲ (၁) အမှတ် (၄၁) တွင်ပါရှိသော “ဦးသန့်အရေး လှုပ်ရှားသူများမှ ဒီမိုကဗရစီ တပ်ပေါင်းစုကြီးတစ်ရပ် ထူထောင်ရန် နိုင်ငံရေးအဖွဲ့အစည်းများ ကိုအကြံပြု” သတင်းမှ ဦးသန့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦး ၏ပြောကြားချက်မှ ကောက်နှုတ်ချက်။

  *************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment