Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၂.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တစ်ခုတည်းသော ဖြေရှင်းနည်းသည် လက်ခံနိုင်ဖွယ်မရှိ

(Bangkok Post မှ 20 July 2012 ရက်စွဲပါ “Only solution unaccepted” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအပေါ်အရေးယူထားမှု အားလုံးရုတ်သိမ်းရန် စောလွန်းသေးသည်ဟုအမေရိကန်သံအမတ်ပြော

( 21 July 2012ရက်စွဲပါ The Daily Star မှ Too early to end Burma sanction သတင်းကို ဘာသာပြန်ဆိုသည်။ )

  1. မြန်မာနိုင်ငံတွင်ကျွမ်းကျင်လုပ်သားတိုးတက်ရေးအတွက် စင်ကာပူနိုင်ငံကိုနမူနာယူ

(21 July 2012ရက်စွဲပါ Channel News Asia မှ Qiuyi Tan ရေးသားသော Myanmar look to S’pore model to develop skilled workforce ကိုဘာသာပြန်ဆိုသည်)

  1. ထိုင်ဝမ် EVA AIR ရန်ကုန်သို့ပျံသန်းမည်

(20July 2012ရက်စွဲပါ Channel News Asia မှTaiwan’s EVA Air to launch flights to Yangonကိုဘာသာ ပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

တစ်ခုတည်းသော ဖြေရှင်းနည်းသည် လက်ခံနိုင်ဖွယ်မရှိ

(Bangkok Post မှ 20 July 2012 ရက်စွဲပါ “Only solution unaccepted” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

နောက်ဆုံးတွင်မူ မြန်မာသမ္မတဦးသိန်းစိန်သည် ၄င်း၏ပထမဆုံးထိုင်းနိုင်ငံခရီးစဉ်ကို ရက်သတ်မှတ်လိုက်လေပြီ။ တနင်္ဂနွေနေ့မှစတင်၍ ၃ ရက်ကြာ လာရောက်မည့် အနောက်ဖက်အိမ်နီးချင်းနိုင်ငံခေါင်းဆောင်ကို ထိုင်းနိုင်ငံက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါလိမ့်မည်။

ဦးသိန်းစိန်၏ ခရီးစဉ်မတိုင်မီပြင်ဆင်မှုများမှာ အပြည့်အဝရှင်းလင်းပြောကြား၍ မရလောက်အောင် ရှုပ်ထွေးလျက်ရှိသည်။ သူသည် နှစ်ကြိမ်တိုင်တိုင် လာမည်ဟုအဆိုပြုခဲ့ပြီး နှစ်ကြိမ်စလုံး ရောက်မလာခဲ့ပါ။

အဆိုပါ ခရီးစဉ်နှောင့်နှေးမှု အကြောင်းအရင်းများကို စပ်စုလိုကြခြင်းမှာ တစုံတရာအမှားအယွင်းမရှိဟု စောဒကတက်ကြရာတွင် နှစ်နိုင်ငံစလုံး မအောင်မြင်သောကြောင့်ပင်ဖြစ်သည်။ အမှန်စင်စစ် ဦးသိန်းစိန်၏ခရီးစဉ် နှောင့်နှေးမှုတွင် အကြောင်းအရင်းရှိသည်။ တရားဝင်ခေါင်းဆောင်မဟုတ်သော လူကြိုက်များ အတိုက်အခံခေါင်းဆောင်ကို နွေးထွေးစွာကြိုဆိုခဲ့ခြင်းသည် အကြောင်းအရင်းဖြစ်လိမ့်မည်ဟူသော ထိထိမိမိမှန်းဆမှု ရှိနေသောကြောင့်ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သော ၈ လအတွင်း အထင်ကြီးစရာ အပြောင်းအလဲများပြုလုပ်ခဲ့သော အစိုးရအကြီးအကဲအဖြစ် ထိုင်းနိုင်ငံသို့ ရာက်လာလေပြီ။ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများသည်လည်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မျှော်မှန်းကာတန်းစီနေကြသည်။ အင်အားကြီး General Electric သည် ယခင်အပတ်က X-ray ဓာတ်မှန်စက်များရောင်းချပေးကာ မြန်မာနိုင်ငံ၌ အမေရိကန်တို့၏ ခြေလှမ်းကို စတင်ဖွင့်လှစ်လိုက်ပြီ။

သို့သော် မြန်မာနိုင်ငံနှင့် ယင်း၏ ခေါင်းဆောင်သည် ရက်စက်ကြမ်းကြုတ်သော နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကာလအတွင်း ဖွာလန်ကျဲသွားခဲ့သော အပေါက်အပြဲများကို ဖာထေးရန်အတွက် ခရီးရှည်ကြီးလျှောက်ရန် ကျန်နေသေးသည်။ မကြာသေးမီက ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများက မြန်မာနိုင်ငံ၏ စည်းလုံးမှုဟန်ဆောင်မျက်နှာဖုံးကို ကွာကျသွားစေသည်။ လတ်တလောကာလအတွင်း ပြုပြင်ပြောင်းလဲရေး အစိုးရ၏ အပြင်းထန်ဆုံးသတိပေးမှုများကို ဦးသိန်းစိန်က ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သော အပတ်အတွင်း သမ္မတဦးသိန်းစိန်ကကုလသမဂ္ဂအား “မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာတစ်သန်းကို လက်မခံနိုင်ကြောင်း၊ ၄င်းတို့သည် တိုင်းရင်းသားမဟုတ်သောလူမျိုး၊ ဘာသာမတူသူများဖြစ်၍ ဒုက္ခသည်စခန်းသို့ပို့ခြင်း(သို့)နှင်ထုတ်ခြင်း ခံရမည် ဖြစ်ကြောင်း၊ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးသို့ ဒုက္ခသည်များအဖြစ် လွှဲပြောင်းခြင်း(သို့)၄င်းတို့အား လက်ခံလိုသော တတိယနိုင်ငံများ၌ အခြေချစေခြင်းပင်ဖြစ်ကြောင်း”ထုတ်ဖော်ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံဟာ သူ့ရဲ့တိုင်းရင်းသားလူမျိုးစုတွေအတွက် တာဝန်ယူမှာဖြစ်သော်လည်း၊ တိုင်းရင်းသားမျိုးနွယ်မဟုတ်ဘဲ တရားမ၀င် နယ်စပ်ဖြတ်ကူးလာသော ရိုဟင်ဂျာများကို အသိအမှတ်ပြုရန်လုံးဝမဖြစ်နိုင်”ဟု သမ္မတရုံးဝက်ဆိုဒ်တွင် ဦးသိန်းစိန်က ပြောကြားထားသည်။

ယင်းစကားလုံးများသည် ပြင်းထန်သည့်အပြင် လက်ခံနိုင်ဖွယ်မရှိပါ။ တပ်မတော်အစိုးရ အဆက်ဆက်လက်ထက်တွင် တီထွင်ခေါ်ဝေါ်ခဲ့သည့် နာမည်ဖြစ်သည့် ရိုပာင်ဂျာများတွင်လည်း လူ့အခွင့်အရေးရှိသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ရိုဟင်ဂျာများကို အနှောင့်အယှက်များဟု သတ်မှတ်ယူဆ နိုင်သော်လည်း၊ ထိုအခြေအနေများကို လက်သင့်ခံခြင်းသည်သာ ဖြေရှင်းနည်း ဖြစ်သည်။

ထို့ကြောင့်ရိုဟင်ဂျာတို့၏ အခက်အခဲကို ဦးသိန်းစိန်၏ ခရီးစဉ်တွင်ဖော်ထုတ်ရပါမည်။ ထိုင်းနှင့်အိမ်နီးချင်းများသည်လည်း ရိုဟင်ဂျာတို့၏ အခက်အခဲကို ကောင်းစွာသိရှိနေသူများ ဖြစ်ကြသည်။ ဇာတိမှထွက်ခွာလာကြသော ရိုဟင်ဂျာများသည် အခြားတစ်နေရာသို့ ဆက်လက် သွားရောက်ရန်အတွက် ထိုင်းနိုင်ငံ၌ ခရီးတစ်ထောက် နားကြသည်။ သို့သော် မြန်မာနိုင်ငံမှမြစ်ဖျားခံလာသော ပြဿနာအရှုပ်ထုပ်ကို ထိုင်းအာဏာပိုင်များကလည်း လက်ခံကြိုဆိုခြင်း မပြုကြပါ။

မြန်မာနိုင်ငံသည် တပ်မတော်၏ သေနတ်ပြောင်းဝ ဖိအားအောက်တွင် ကြာရှည်အထီးကျန်နေခဲ့ရခြင်းကြောင့် ယခု မြန်မာသမ္မတ၏ တုန်လှုပ်ဖွယ် စကားကို နားလည်ခွင့်လွှတ်ပေးကြဖွယ် ရှိသော်လည်း မြန်မာပြည်သူများနှင့် ကိုယ့်ပြဿနာကိုယ်ရှင်းနေသော သမ္မတဦးသိန်းစိန်အနေဖြင့် ဂရုဏာထားရမည့် ကျင့်ဝတ်ကိုမူ မဖောက်ဖျက်သင့်ပါ။ သူ့စကားများကို သဘောမတူနိုင်ပါက ပံ့ပိုးမည့်လုပ်ရပ်မှန်သမျှကိုလည်း လက်သင့်ခံနိုင်ကြမည် မဟုတ်ဆိုသည်ကို ဦးသိန်းစိန် သိထားသင့်သည်။

မြန်မာနိုင်ငံသည် နာတာရှည်အကြမ်းဖက် အမှောင်ကမ္ဘာထဲမှရုန်းထွက်ကာ လွန်ခဲ့သောနှစ်ပေါင်း ၅၀ နှင့်လုံးဝခြားနားသော ကျင့်ဝတ်စံနှုန်းများနှင့် ကမ္ဘာသစ်ထဲသို့ ချင်းနင်းဝင်ရောက်နေပြီဖြစ်သော်လည်း ရိုဟင်ဂျာများနှင့်ပက်သက်၍ သမ္မတ၏ ပြောစကားများမှာမူ လူမျိုးစွဲစိတ်ပြင်းခြင်း၊ မုန်းတီးခြင်း၊ ခြိမ်းခြောက်ခြင်း အငွေ့အသက်များ လွှမ်းနေသည်။

                                                        **************************************

မြန်မာနိုင်ငံအပေါ်အရေးယူထားမှု အားလုံးရုတ်သိမ်းရန် စောလွန်းသေးသည်ဟုအမေရိကန်သံအမတ်ပြော

( 21 July 2012ရက်စွဲပါ The Daily Star မှ Too early to end Burma sanction သတင်းကို ဘာသာပြန်ဆိုသည်။ )

မြန်မာနိုင်ငံဆိုင်ရာ အသစ်ခန့်အပ်လိုက်သော အမေရိကန်သံအမတ်ကြီးက မြန်မာနိုင်ငံအပေါ် ကွန်ဂရက်မှ သွင်းကုန်ပိတ်ပင်မှုသက်တမ်းတိုးရန် စဉ်းစားနေခြင်းနှင့်ပတ်သက်၍ ယမန်နေ့က ပြောကြားရာတွင် အရေးယူမှုအားလုံး ပယ်ဖျက်ရန် စောလွန်းသေးကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အရင်ကပြောသလို ကွန်ဂရက်မှာအရေးယူမှု ချမှတ်ထားတဲ့အခွင့်အာဏာကို ဆက်ထားဖို့ ထောက်ခံပါတယ်”ဟု ယခုလ အစောပိုင်းတွင် သံအမတ်ကြီးရာထူးရယူခဲ့သူ Derek Mitchell ကပြောကြားခဲ့သည်။

“တချို့အရေးယူမှုတွေကို ဆက်ထားမယ်ဆိုတာ အကယ်၍အနာဂတ်မှာ နောက်ပြန်သွားရင် အာမခံထားတဲ့ မူဝါဒပါပဲ”ဟု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ဆယ်စုနှစ်များစွာကြာသော  စစ်အုပ်ချုပ်ရေးအပြီးတွင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုကိုလည်း တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်က လျင်မြန်တဲ့လုပ်ငန်းစဉ်အကြောင်း ပြောနေကြပါတယ်။ ဒါဟာ တကယ်တော့တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ အနာဂါတ်အတွက် မေးခွန်းတွေ မေးစရာကျန်နေပါသေးတယ်။”ဟု ၎င်းကပြောသည်။

အကယ်၍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ပါက သွင်းကုန်ပိတ်ပင်ထားမှုများကို ပြန်လည်စဉ်းစားပေးနိုင်ကြောင်း ပြောသည်။

တစ်ချိန်တည်းမှာပင် မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် အရေးပေါ်အခြေအနေ ကြေညာထားသော အချိန်အတွင်း ရခိုင်ပြည်နယ်တွင် မူစလင်များအပေါ် လူ့အခွင့်အရေးများဆိုးရွားစွာ ချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယမန်နေ့က စွပ်စွဲခဲ့သည်။

အများစုအမျိုးသားလူကြီးလူငယ်များပါဝင်သော ရိုဟင်ဂျာအုပ်စုမှလူများကို ဖမ်းဆီးထိန်းသိမ်းထားပြီး အချို့ကို ဆိုးရွားစွာ နှိပ်စက်ခဲ့ကြောင်း ဆိုသည်။ ဖမ်းဆီးမှုအများစုမှာ မတရားသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့ကဆိုသည်။ ဇွန်လဆန်းကဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများမှာ ငြိမ်သက်သွားမည်ဟု ဆိုရမည့်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့များ၏ ရက်စက်မှုများမှာ တိုး၍လုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။

                                                                    **********************************

မြန်မာနိုင်ငံတွင်ကျွမ်းကျင်လုပ်သားတိုးတက်ရေးအတွက် စင်ကာပူနိုင်ငံကိုနမူနာယူ

(21 July 2012ရက်စွဲပါ Channel News Asia မှ Qiuyi Tan ရေးသားသော Myanmar look to S’pore model to develop skilled workforce ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ အာဏာပိုင်များသည် ကျွမ်းကျင်သောလုပ်သား တိုးတက်လာရေးအတွက် ကြိုးပမ်းလျက်ရှိရာ စင်ကာပူနိုင်ငံကို နမူနာပုံစံအဖြစ် ကြည့်ရှုခဲ့သည်။

၎င်းတို့သည် ပညာရေးအဖွဲ့အစည်းဖြစ်သော စင်ကာပူပိုလီတက်(ခ)နစ်နှင့်ပူးတွဲလုပ်ဆောင်ပြီး ကျွမ်းကျင်သောလုပ်သား လေ့ကျင့်ရာတွင် အဆင့်မီရေးစံများ သတ်မှတ်မည်ဖြစ်သည်။

ရန်ကုန်ရှိ လေ့ကျင့်သင်ကြားရေးဌာနတွင် လူငယ်များသည် ဂဟေဆက်ခြင်း(Weeding)နှင့် လျှပ်စစ်ဆိုင်ရာအခြေခံများ သင်ကြားကြသည်။

၎င်းတို့သင်တန်းပြီးဆုံး၍ သင်တန်းအတွက် လက်မှတ်ရယူခဲ့သော်လည်း အဆိုပါလက်မှတ်များသည် နိုင်ငံတကာစံများကို အတိအကျ ဖော်ဆောင်ထားခြင်း မရှိပါ။

သင်တန်းများ အဆင့်မမီခြင်းကြောင့်မဟုတ်ပဲ နိုင်ငံ၏ စံများကိုသတ်မှတ်ရန် လိုနေခြင်းကြောင့် ဖြစ်သည်။

Swiss လေ့ကျင့်သင်ကြားရေးမှအကြီးအကဲ ဒေါ်ယဉ်ယဉ်အေးက ပြောကြားရာတွင် မြန်မာနိုင်ငံအတွက် အသက်မွေးဝမ်းကျောင်း လေ့ကျင့် သင်ကြားရေးအတွက် အဖွဲ့အစည်းပေါင်းစုံက အဆိုပြုမှုများရှိကြောင်း ၎င်းတို့တွင် တတ်မြောက်မှုအဆင့် အမျိုးမျိုးရှိကြောင်း ပြောသည်။

“တစ်ခါတစ်ရံတော့ အမျိုးမျိုးကွဲပြားခြားနားတာ ကောင်းပါတယ်။ ဒါပေမယ့် တစ်တိုင်းပြည်လုံးတူညီတဲ့ လက်မှတ်ရရှိခဲ့ရင်တော့ သတ်မှတ်ချက် စံတစ်ခုတည်းရှိကြောင်းသိနိုင်ပြီး လေ့ကျင့်သင်ကြားရေး အဆင့်အတန်းနှင့် ကျွမ်းကျင်မှုအဆင့် ပိုမြင့်လာနိုင်ပါတယ်”ဟု သူကပြောသည်။

အလုပ်သမားဝန်ကြီးဌာန ဦးမြင့်သိန်းကပြောကြားရာတွင် မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအလုံးအရင်းနှင့် ဝင်လာရန် တာစူနေကြောင်း၊ ထို့အတူ အာဆီယံအသင်းကြီးကလည်း ၂၀၁၅ တွင် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်ပေးရန် မျှော်လင့်လျက်ရှိကြောင်း ပြောခဲ့သည်။

“မြန်မာနိုင်ငံကလုပ်သားတွေလည်း နိုင်ငံခြားကိုသွားနိုင်မယ်။ အခြာနိုင်ငံက လုပ်သားတွေလည်း မြန်မာနိုင်ငံကို ဝင်လာမယ်။ အဲလိုဖြစ်လာခဲ့ရင် တိုင်းပြည်က စံသတ်မှတ်ထားတဲ့အချက်တွေပါတဲ့ ကျွမ်းကျင်မှုစံရှိရပါမယ်။ ဒါမှသာ အလုပ်ရှင်တွေအတွက် အရည်အသွေးစိတ်ချရမှု ရှိမှာပါ”ပာု ၎င်းက ပြောသည်။

နိုင်ငံမှချမှတ်သော စံများသတ်မှတ်ရေးသည် ခေတ်မမှီတော့သည့် ၁၉၅၀ ခုနှစ်များက အလုပ်သမားဥပဒေကို ပြင်ဆင်ရာတွင် လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ကျွမ်းကျင်သောလုပ်သားများ ရွှေ့ပြောင်းလုပ်ကိုင်မှု ပိုမိုတိုးတက်လာမည်ဖြစ်သည်နှင့်အညီ မြန်မာလုပ်သားအင်အားစုများ လုပ်ခလစာ တိုးတက်လာရေးကိုလည်း ကြိုးပမ်းရမည် ဖြစ်သည်။

Singapore Polytechnic သည် Temasek ဖောင်ဒေးရှင်းမှ ငွေကြေးထောက်ပံ့မှုဖြင့် အဆိုပါလုပ်ငန်းစဉ်တွင် နည်းပညာဆိုင်ရာပညာရှင်များ ဌားရမ်း ပေးလျက်ရှိသည်။

ပိုလီတက်(က)နစ်မှကျောင်းအုပ်ကြီး Tan Hang Cheong က ပြောကြားရာတွင် စင်ကာပူဟာ ဒေသတွင်းနိုင်ငံ တော်တော်များများမှာ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းလေ့ကျင့်သင်ကြားပေးမှု မြှင့်တင်ရေးကို ကူညီနေပါတယ်ဟု ဆိုသည်။

Temasek ဖောင်ဒေးရှင်မှ CEO ဖြစ်သူ BenedictChwng က ပြောကြားရာတွင် “အာရှတစ်လွှားမှာ ကိုယ့်အသိုင်းအဝိုင်းကို တည်ဆောက်ဖို့ မန်နေဂျာတွေ လိုပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်တို့၊ အဆင့်မြင့်ပညာအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ အခါခပ်သိမ်း မရနိုင်ပါဘူး။ ကျွန်တော်တို့မှာ ခြားနားတဲ့အဆင့်တိုင်းမှာ အတူလေ့ကျင့်ပေးထားတဲ့၊ အထူးကျွမ်းကျင်မှုရှိတဲ့လူအုပ်တွေ လိုအပ်ပါတယ်”ဟု ဆိုသည်။

ကျွမ်းကျင်မှုရှိသော လုပ်သားအင်အားစုသည် မိမိတိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေသည်သာမက အဆိုပါအင်အားစုများကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်ပါက ထိုနိုင်ငံများလည်း အကျိုးရှိကြောင်း ဦးမြင့်သိန်းက ပြောသည်။

                                                        **************************************************

ထိုင်ဝမ် EVA AIR ရန်ကုန်သို့ပျံသန်းမည်

(20July 2012ရက်စွဲပါ Channel News Asia မှTaiwan’s EVA Air to launch flights to Yangonကိုဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံသည်ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေခြင်းကြောင့် သွားရောက်မည့်သူများ တိုးတက်လာရန် မျှော်မှန်းထားသောကြောင့် ထိုင်ဝမ်၏ EVA Airways သည် အောက်တိုဘာလမှစ၍ ရန်ကုန်မြို့သို့ တစ်ပတ်လျှင်သုံးကြိမ် ပျံသန်းမည်ဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းက သောကြာနေ့က ပြောကြားခဲ့သည်။

အဆိုပါလေကြောင်းလိုင်းက ပြောကြားရာတွင် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တိုးရစ်များ ရန်ကုန်သို့ ပိုမို သွားရောက်မည်ကို မျှော်မှန်း၍ စတင်ပျံသန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်ဝမ်၏ အကြီးဆုံးနိုင်ငံတကာလေကြောင်းလိုင်းဖြစ်သော China Airlines က မကြာမီကပင် ကြေညာခဲ့ရာတွင် စက်တင်ဘာလလယ်မှစ၍ တစ်ပတ်လျှင် လေးကြိမ်ပျံသန်းနေရာမှ ငါးကြိမ်တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏အဓိကလေဆိပ်သည် ယခုနှစ်တွင်ခရီးသည်များ ပိုမိုကိုင်တွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ တစ်ချိန်က အပယ်ခံနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါဧည့်သည်များ အလုံးအရင်းဝင်ရောက်လာသောကြောင့် နိုင်ငံတကာလေဆိပ်သစ် တစ်ခုကို စီစဉ်လာရတော့သည်။

s*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၂.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အရှေ့တောင်အာရှတွင် အဓိကနေရာရယူရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံ

*****************************************

ဆောင်းပါးကဏ္ဍ

အရှေ့တောင်အာရှတွင် အဓိကနေရာရယူရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံ

မိုးလွင်အောင်ဘာသာပြန်ဆိုသည်။

(ဇူလိုင်လ၁၆ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ (၈) အမှတ် (၂၇)မှ ထုတ်ယူဖော်ပြချက်။)

လွန်ခဲ့သည့် ရာစုနှစ်ဝက်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အနေအထားကိုကြည့်လျှင် သိသိသာသာ ကွာပာခြာနားနေသည်ကို တွေ့မြင်ရ မည်ဖြစ်သည်။

ထိုစဉ်က ထိုင်းနိုင်ငံသည် ကြီးမားသော ဒီမိုကရေစီဖွံ့ဖြိုးမှု အလားအလာကောင်းသော စီးပွားရေးတို့နှင့် အရှေ့တောင်အာရှ၏ အတောက် အကြွားဆုံး နေရာထဲမှတစ်ခု ဖြစ်နေခဲ့သည်။ မြန်မာနိုင်ငံကမူ ပိတ်ဆို့ထားသော လူ့အဖွဲ့အစည်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသော စီးပွားရေးနှင့် ကမ္ဘာ့ အထီးကျန်အဆန်ဆုံး နိုင်ငံများထဲမှ နိုင်ငံတစ်နိုင်ငံ ဖြစ်နေခဲ့ပါသည်။

ယနေ့အချိန်အခါကို ကြည့်လျှင်မူထိုင်းနိုင်ငံမှာ ပြည်တွင်းဝရုန်းသုန်းကားအခြေအနေနှင့် ဆက်လက် တိုက်ပွဲဝင်နေရပြီး မြန်မာနိုင်ငံကမူ နိုင်ငံ ရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုလာမှုနှင့်အတူ ထူးခြားသော လွတ်လပ်ပွင့်လင်းမှုများကို ခင်းကျင်းပြသလျက် ရှိပါ သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကိုပင် အကြီးအကျယ် အံ့အားသင့်စေခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။ မကြာသေးမီကပင် သမ္မတဦးသိန်းစိန်က နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို ဆွဲဆောင်ရန်နှင့် နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ရန်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ အချက်အခြာ ကျသော စီးပွားရေးဒေသများတွင် အခြေခ့အဆောက်အအုံကင်းမဲ့မှုနှင့် အစိုးရအုပ်ချုပ်ပုံတို့ကမူ အခွင့်အလမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များကို ရှာဖွေ နေသော နိုင်ငံခြားရင်းနှီးမြှပ်နှံသူများကို တားဆီးထားသည် မဟုတ်ပါ။

ထိုင်းနိုင်ငံက ဆယ်စုနှစ်တစ်ခုကျော်လောက် နိုင်ငံရေးနွံနှင့် နိုင်ငံရေးနှစ်ခြမ်းကွဲနေသော ဝဲကတော့ထဲတွင် တဝဲလည်လည်ရှိနေပြီး အာဏာရ ပါတီနှင့် ဖွဲ့စည်းပုံအခြေခံတရားရုံးတို့အကြားမှ တပူတကျက်ကျက် ငြင်းခုံအချင်းများနေမှုက နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးယုံကြည်မှုများအပေါ် သက်ရောက်မှု ပြုနေရာ တစ်လလည်းမဟုတ် တစ်နှစ်လည်းမဟုတ်ဆိုသကဲ့သို့ ရှေ့ကို ဆက်လက်ဖြစ်ပွားနေဦးမည့် သဘော ရှိနေပါသည်။ ဤသို့သော အနှုတ်သဘောဆောင်နေသည့် သဘောထားအမြင်က နိုင်ငံ၏ စီးပွားရေးစွမ်းအားကို ပျက်စီးစေသကဲ့သို့ အနာဂတ်ဖြစ်ထွန်းတိုးတက်မှုများကို လျော့ပါး စေမည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ထွက်ပေါက်မရှိသော နိုင်ငံရေးအခြေအနေ၏ ထွက်ပေါက်အဖြစ် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှပ်နှံ သူတို့က ထိုင်းနိုင်ငံကို ရှောင်ကွင်းကျော်လွှားကာ ထိုင်းနိုင်ငံမှ ၂၄၀၀ကီလိုမီတာအကွာရှိ ပိုမိုတည်ငြိမ်မှုရှိသော မြန်မာနိုင်ငံသို့ သွားရောက်ကြမည်သာ ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် ကွဲပြားခြားနားမှုအဖြစ် နေပြည်တော်အစိုးရသည် နိုင်ငံ၏ သဘောထားကွဲလွဲမှုများ ကျော်လွှားနိုင်ရေးကို ကောင်းစွာ လုပ်ဆောင် နေလျက် ရှိသည်။ သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ လွန်ခဲ့သည့် သြဂုတ်လက တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်လာမှုသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရယူနိုင်ခဲ့သည်အထိ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံရေးအရ ဆက်လက်တက်ကြွ ထက်သန်ရှင်သန်နေဆဲရှိပြီး နေပြည်တော်အစိုးရအဖွဲ့ အကြီးအကဲများနှင့် သင့် မြတ်နေသမျှ သူမ၏ နိုင်ငံနှင့် အခြားသောကမ္ဘာ့နိုင်ငံများအား ပေါင်းကူးဆက်သွယ်ပေးခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးနှင့် ဈေးကွက်အခွင့်အလမ်း ရရှိရေးအတွက် စတင်ဆောင်ရွက်ရာတွင် သူမအနေဖြင့် သယ်ပိုးထမ်းရွက်သွားမည်သာ ဖြစ်သည်။

တစ်ချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟူသော ဆောင်ပုဒ်နေရာတွင် “မြန်မာနိုင်ငံသို့ ရှေးရှုနေသော လမ်းများ”ကို အစားထိုးလိုက်ခြင်းက ဒေသတွင်းရှိ အဓိကမြို့ကြီးများမှ နေ့စဉ် လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံတွင် စုပြုံတိုးကြိတ်စေခဲ့ပါသည်။ ထိုသို့သော ဦးတည်ရာအတိုင်း ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက အရှေ့တောင်အာရှတွင်ရှိ နိုင်ငံရေးနှင့် မဟာဗျူဟာမြင်ကွင်းမှာ သိသာထင်ရှားစွာ ပြောင်းလဲသွားမည်ဖြစ်ပါသည်။

အထူးသဖြင့် အနောက်နိုင်ငံကြီးများဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများကလည်း ပထမဦးဆုံးအကြိမ်အဖြစ် သူတို့၏ အစွမ်းအစကို ပြသလာနိုင်ကြမည်သာ ဖြစ်ပါသည်။ ယင်းသည်ပင် မြန်မာနိုင်ငံအနေနှင့် ဒေသအတွင်းအခရာကျမှု အသစ်ဖြစ်ပြီး ထိုအခရာကျမှုအသစ် သည်ပင် မြန်မာနိုင်ငံအနေနှင့် ခေတ်နောက်ကျကျန်နေခဲ့လင့်ကစား ဒေသတွင်း၏ အဓိကအပြောင်းအလဲကိုဖော်ဆောင်ပေးသူဖြစ်ရန် အသင့်ရှိနေခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အရှေ့ဘက်တွင် တရုတ်နိုင်ငံနှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့အကြားမှ အကောင်းဆုံးတည်နေရာအနေအထားတွင် ရှိနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အလွန်အမင်းရန်လိုသော အခြေအနေမှ ရှင်သန်လာသည့် နိုင်ငံလည်း ဖြစ်သည်။ ဆယ်စုနှစ်အတန်ကြာ အထီးကျန်မှုနှင့် အနောက်နိုင်ငံတို့၏ အရေးယူပိတ်ဆို့မှုတို့က မြန်မာနိုင်ငံကို တရုတ်နိုင်ငံနှင့် မိတ်ဆွေဖွဲ့၍ အကူအညီ ရယူမှုကို ပြုစေခဲ့ခြင်း ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် ပြန်လည်ဆက်ဆံပြုလာနိုင်ခြင်းက  မြန်မာနိုင်ငံ၏ စိတ်ဓာတ်မြဲမြံမှုနှင့် စိတ်ရှည်သည်းခံ နိုင်မှုတို့ကို ပြသနေသော သာဓကများလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံအရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ ရဲရင့်မှု ပြတ်သာမှုတို့မှာ ဒေသတွင်း၌ မြင်ရခဲလှသောအနေအထားလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံကို ရှောင်ဖယ်မှုပြုနေသော အင်အားကြီးနိုင်ငံတို့ကလည်း မြန်မာနိုင်ငံကို အမြင်သစ်နှင့် ရှုမြင်လာခဲ့ကြပါသည်။ ယင်းသည်ပင် သူတို့က မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးကို အလျင်အမြန် တည်ဆောက်လာကြသကဲ့သို့ မြန်မာ နိုင်ငံတွင် သူတို့၏ ပြောအားဆိုအား တိုးပွားလာစေရန် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ကာ ဆောင်ရွက်လာခဲ့ကြပါသည်။

၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူဆောင်ရွက်ရန် ပြင်ဆင်မှု ပြုနေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြောင်းလဲမှုပြု သော အခန်းကဏ္ဍကို အထင်သေးလျှော့တွက်၍ ရမည်မဟုတ်ပါ။

နေပြည်တော်အစိုးရနေဖြင့် အာဆီယံတွေ့ဆုံဆွေးနွေးပွဲများတွင် ၎င်း၏ တင်းမာသော ရပ်တည်ချက်များမှ ပျော့ပျောင်းသော သဘောထား ရပ်တည်ချက်သို့ လျှော့ပေါ့ခဲ့သည်ကို တွေ့ရပြီး လွန်ခဲ့သည့် နိုဝင်ဘာလက အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းမှ ထိုင်း၊ အင်ဒိုနီးရှား၊ မလေး ရှား၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် ချိတ်ဆက်မှု ပြုလာခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာကိုယ်စားလှယ်များကို ဧပြီလက ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာအကဲဖြတ်ရန် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံ၏ အကြီးအမားဆုံး အပြောင်းအလဲမှာ လွတ်လပ်စွာဖော်ပြခွင့်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သတင်းဆင်ဆာ ဖြတ်တောက်မှုကို အဆုံးသတ်တော့မည်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူချုပ် ဦးရဲထွဋ် ကတိပြုထားခဲ့ပြီး ဖြစ်ပါသည်။ အရှည်တည်တံ့သော ပြောင်းလဲမှုများနှင့် သတင်းလွတ်လပ်ခွင့် ပိုမိုရရှိခြင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ပယ်ခံအဖြစ် ရှိနေခဲ့သော မြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကို မြှင့်တင်ရာ ရောက်မည် ဖြစ်ပါသည်။ သတင်းခေါင်းစီးများတွင် နေရာယူလွှမ်းမိုးလာသော မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေးတွင် ရှုပ်ထွေးမှု အသစ်များနှင့် ရင်ဆိုင်လာရဖွယ် ရှိနေသည်ဟု ဆိုရပါမည်။ ရွှေ့ပြောင်းလုပ်သားနှင့် မြန်မာနိုင်ငံမှ အိမ်ရာပစ်ပြေးလာသော ဒုက္ခသည် သုံးသန်း နီးပါး ခန့်ရေးမှာ အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးတွင် အဖုအထစ်များ ဖြစ်လာဖွယ်ရှိပါသည်။

                အိမ်နီးချင်းထိုင်းနိုင်ငံ၏ မဟာဗျူဟာမြောက်မရေရာမပြတ်သားမှု အပါအဝင် အာနည်းချက်များရှိနေသည့် အချိန်မျိုးတွင် ထိုသို့သော အခြေ အနေမှ အသာစီးရယူနိုင်မည့် အနေအထားတွင်ရှိနေသော မြန်မာနိုင်ငံက အရှေ့တောင်အာရှဒေသတွင်း၏ ပလေယာအသစ်အဖြစ် ပေါ်ပေါက်လာ လျက် ရှိသည်ဟု ဆိုရပါမည်။ အလားတူ မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် မှီခိုနေမှုလျော့ပါးစေရန်နှင့် ဒေသတစ်နံတစ်လျား သြဇာလွှမ်းမိုးရန်အတွက် အဓိကအင်အားကြီးနိုင်ငံတို့၏ လိုလားနေသောဆန္ဒများသည် မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် မဟာဗျူဟာမြောက်တန်ဖိုးများကို ကြီးထွားတိုးပွားလာစေမည့် အရိပ်လက္ခဏာများဟု ဆိုနိုင်ပါကြောင်း။

Ref: Myanmar set to be game changer By  KariChongkittavorn

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive