Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၅.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်မှုများတွင် ပြည်သူ့အကျိုးအတွက် လွှတ်တော်အမတ်များ ကြားနေမဲမပေးသင့်ကြောင်း တိုက်တွန်း
  2. လက်ပံတောင်းတောင်အရေး ကော်မရှင်မှ ကြားဖြတ်အစီရင်ခံစာတင်မည်
  3. မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြည်တွင်းစစ်ကို ကြီးထွားစေနိုင်ဟုဆို
  4.   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား အများပိုင်ကုမ္ပဏီဖွဲ့မည်

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်မှုများတွင် ပြည်သူ့အကျိုးအတွက် လွှတ်တော်အမတ်များ ကြားနေမဲမပေးသင့်ကြောင်း တိုက်တွန်း

photo credit - internet

လက်ရှိ လွှတ်တော်တွင်းရှိလွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်တွင်းအဆိုပြုချက်များအား မဲခွဲဆုံးဖြတ်ရာတွင် ပြည်သူများ၏ အကျိုးအတွက် ကြားနေမဲမပေးသင့်ကြောင်း ခေတ်သစ်ပြည်သူ့ပါတီမှ တာဝန်ရှိသူတစ်ဦးကပြောကြားကြောင်း သိရသည်။

လွှတ်တော်အမတ်ဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်တွင်းပြောဆိုပေးနိုင်ရန် ပြည်သူလူထုတစ်ရပ်လုံးမှ ယုံယုံကြည်ကြည် ဖြင့် လွှတ်တော်သို့ပို့ဆောင်လိုက်သူများဖြစ်သည့်အတွက် အဆိုပြုချက်များဆွေးနွေးရာတွင် မဲတစ်မဲ၏တန်ဖိုးကိုသိရှိ၍ ကြားနေမဲပေးခြင်းများကို ရှောင်ကြဉ်သင့်ကြောင်း ပြောကြားသည်။

လက်ရှိတွင် လွှတ်တော်နှင့်သမ္မတအကြား သဘောထားကွဲလွဲလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကြမ်း ပြင်ဆင်ပြဋ္ဌာန်းရေး ကိစ္စရပ်နှင့်ပတ်သက်၍ လွှတ်တော်တွင် ဝေဝါးမနေဘဲ ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်သူများ များစွာလိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် အုတ်၊ သဲ၊ ကျောက်တို့ဖြင့် တည်ဆောက်ခြင်းမပာုတ်ဘဲ စိတ်ဓာတ်များဖြင့်သာ တည်ဆောက် သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာအလှအပကိုပုံဖော်သည့်နေရာတွင် နိုင်ငံရေးသမားများဖြင့်သာ ပုံဖော်လေ့ရှိသည့်အတွက် နိုင်ငံရေးသမားများ၏ ဝေဖန်အကြံပြု ထောက်ပြချက်များကို လွှတ်တော်အမတ်များအနေဖြင့် လက်သင့်ခံသင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

YC

------------------------------------------------------------------------------------------------------

လက်ပံတောင်းတောင်အရေး ကော်မရှင်မှ ကြားဖြတ်အစီရင်ခံစာတင်မည်

photo credit - internet

မုံရွာခရိုင်အတွင်း မြန်မာအစိုးရ၏ ဦးပိုင်ကုမ္ပဏီလီမီတက်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့မှ ပူးပေါင်း၍ဆောင်ရွက်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ဒေသခံများနှင့်ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့မှုများနှင့်ပတ်သက်၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ကြားဖြတ်အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အမှတ် ၂/၂၀၁၂ ကိုထုတ်ပြန်ကြေညာခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ကော်မရှင်မှ ထပ်မံတင်သွင်းမည့် ကြားဖြတ်အစီရင်ခံစာတွင် ကော်မရှင်၏ဆောင်ရွက်နေမှု လုပ်ငန်းများ၊ လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင် သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကော်မရှင်၏ လေ့လာတွေ့ရှိချက်များ၊ ပညာရှင်ပေါင်းစုံပါဝင်ဖွဲ့စည်းထားသည့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့၏ တင်ပြတွေ့ရှိချက်များ၊ တရုတ်ဝမ်ဘောင်ကုမ္ပဏီနှင့် တွေ့ဆုံဆွေးနွေးချက်များ၊ ထိခိုက်ဒဏ်ရာရရှိသည့် ရပာန်း သံဃာများ၏ ဆေးကုသမှုနှင့်ပတ်သက်၍ ကော်မရှင်၏ ညှိနှိုင်းဆောင်ရွက်မှုများ၊ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆွေးနွေးချက်များ အစရှိသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခုတင်သွင်းမည့် ကြားဖြတ်အစီရင်ခံစာသည် ကော်မရှင်၏လုပ်ဆောင်ချက်များ၊ တွေ့ရှိချက်များကို တင်ပြသည့်အစီရင်ခံစာသာဖြစ်ပြီး ပြည်သူလူထုသိရှိနိုင်စေရန် အသေးစိတ်အချက်အလက်များကိုမူ ကော်မရှင်၏အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့်အချိန်မှသာ ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်သည် စီမံကိန်းနှင့်ကုမ္ပဏီ၏ အကျိုးစီးပွားကို ထိခိုက်လာမည်ဆိုပါက စာချုပ်ပါအတိုင်း တရားဥပဒေလမ်းကြောင်းအရ မြန်မာအစိုးရအား တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ တရားစွဲဆိုသွားမည်ဖြစ်သည့်အပြင် ပြည်တွင်းသို့ဝင်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ရပ်တန့်သွားနိုင်ကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ထို့ပြင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ကော်မရှင်မှ စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီစီမံကိန်းထွက် အက်ဆစ်များကို ပြန်လည်အသုံးပြုခဲ့သည့်အတွက် ဒေသခံရွာသူရွာသားများ အက်ဆစ်ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုံးဝရပ်တန့်သွားနိုင်စေရေးအတွက် လက်ပံတောင်းတောင် ပြည်သူ့အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးကော်မတီမှ နိုင်ငံတော်ထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံစာနှင့်ပတ်သက်၍ အားလုံးကျေနပ်သည့် ရလဒ်အဖြေများထုတ်နိုင်မည်မပာုတ်သော်လည်း မှန်ကန်သည့် အတိုင်း တွေ့ရှိသည့်အတိုင်း နိုင်ငံတော်သမ္မတထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

YC

--------------------------------------------------------------------------------------------------

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြည်တွင်းစစ်ကို ကြီးထွားစေနိုင်ဟုဆို

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းသည် ပြည်တွင်းစစ်ကို ပိုမိုကြီးထွားစေရန်အတွက် အားပေးသည့်အသွင်ဆောင်နေသည်ဟု ယင်းပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီက သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းပိုက်လိုင်းဖြတ်သန်းသွားရာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် နောင်ဖာကျေးရွာအတွင်း လယ်သမား ၇၀ ခန့်၏ လယ်ယာဧက ၄၅၀ ကျော်မှ လျော်ကြေးမဲ့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီက ၎င်းပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် လေးခုကို ဖြတ်သန်းသွားရသည့်အတွက် လယ်ယာမြေနှင့် စိုက်ခင်းများပျက်စီးခြင်း၊ အများပိုင်ကျေးရွာသောက်သုံးရေကန်များ၊ လမ်းများ၊ သဘာဝ ရေထွက်များနှင့် ရေထိန်းတောများ၊ ရှားပါး ရေနေ၊ ကုန်းနေသတ္တဝါများ၊ သစ်တောများ စသည့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို များစွာ ထိခိုက်ကြောင်း၊ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ၊ ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုများနှင့် အမျိုးသမီးများ၏ ဘဝကို ထိခိုက်သက်ရောက်မှုများဖြစ်ပေါ်စေသောကြောင့် သက်ဆိုင်ရာ ကုမ္ပဏီနှင့် တာဝန်ရှိသူတို့အနေဖြင့် အဆိုပါအခြေအနေများကို ဖြေရှင်းပေးရန် ဖော်ပြထားသည်။

ထို့ပြင် ကျောက်ဖြူမြို့နယ် ရွှေဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး စီမံကိန်းအတွက် မြေယာသိမ်းယူခြင်းမခံရသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ၊ စားကျက်မြေများအတွက် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲနှုန်းဖြင့် နှစ်နှစ်စာလျော်ကြေး သတ်မှတ်ထားကာ လယ်သမား ၉၀ ရှိသည့်အနက် ၅၈ ဦးသာ လျော်ကြေးရ၍ နစ်နာကြေးမရသည့် လယ်သမားများရှိနေကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဖွဲ့ထားသည့် မြေယာနှင့် သီးနှံလျော်ကြေးပေးရေးအဖွဲ့ကမူ ငွေကြေးအခြေအနေပေါ်မူတည်ပြီး အတိုင်းအတာနှင့်လုပ်ရခြင်းဖြစ်ကြောင်း၊ အားလုံးကို ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ယင်းပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းမှာ ၂၀၁၃ ခုနှစ် မေလတွင် ပြီးစီးတော့မည်ဖြစ်ကြောင်း၊ လာမည့်ဇွန်လအစောပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှု စတင်ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းမှ ပြောကြားသည်။

ကျောက်ဖြူမြို့မှ ကူမင်းမြို့သို့ သွယ်တန်းထားသည့် ၇၇၁ ကီလိုမီတာရှည်သော ရေနံပိုက်လိုင်း ပြီးစီးသွားပါက တစ်နှစ်လျှင် ရေနံတန်ချိန် ၂၂ သန်းပို့လွှတ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကာ ကျောက်ဖြူမြို့မှပင် ကူမင်း၊ ကိုင်ကျို့နှင့် ကျန်စီမြို့များအထိ သွယ်တန်းထားသော ၂၈၀၆ ကီလိုမီတာအရှည်ရှိသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ တစ်နှစ်လျှင် ဓာတ်ငွေ့ ၁၂ ဘီလီယံ ကုဗမီတာခန့် ပို့လွှတ်နိုင်မည်ဖြစ်သည်။

YC

--------------------------------------------------------------------------------------------------

  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား အများပိုင်ကုမ္ပဏီဖွဲ့မည်

photo credit - internet

သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးလက်အောက်တွင်ရှိသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲပြီး  ဆက်သွယ်ရေးကဏ္ဍဝန်ဆောင်မှုများကို တဖြည်းဖြည်းချင်း ပြောင်းလဲသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင် ဆက်သွယ်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့ဟူသော ဌာနကြီးသုံးခုရှိ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းမည်ဖြစ်သည်။ ထို့သို့ပြောင်းလဲထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့နှင့် အခြားကုမ္ပဏီနှစ်ခု စုစုပေါင်း ကုမ္ပဏီလေးခုတို့က မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍကို အပြိုင်အဆိုင် နေရာယူရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ ယင်းသို့ အပြိုင်ဝန်ဆောင်မှုပေးရန်အတွက် အခြားကုမ္ပဏီနှစ်ခုကိုလည်း တင်ဒါခေါ်ယူပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါအစီအစဉ်အရ ၂၀၁၃ ပထမနှစ်ဝက်အတွင်းတွင် တစ်နိုင်ငံလုံး ဆက်သွယ်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ထို့ပြင် ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍတိုးတက်ရေးအတွက် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများအား ယှဉ်ပြိုင်အကောင်အထည်ဖော်နိုင်ရန် မူဝါဒများချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးဥပဒေနှင့်ပတ်သက်၍လည်း ယင်းဥပဒေကြမ်းအား လူသုံးများသော လူမှုကွန်ယက်တစ်ခုဖြစ်သည့် ဖေ့စ်ဘုတ်ပေါ်တွင် ထင်မြင်ချက်များပေးသင့်ကြောင်း၊ အစိုးရအနေဖြင့် ဖေ့ဘုတ်ပေါ်မှ ထင်မြင်ချက်များကို စောင့်ကြည့်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျှက်ရှိလာသည့် အတွက် အင်တာနက်မှတဆင့် လိုအပ်ချက်များကို ထောက်ပြသင့်ကြောင်း၊ ဆက်သွယ်ရေးဥပဒေဆိုသည်မှာ အားလုံးနှင့်သက်ဆိုင်သော ဥပဒေတစ်ခု ဖြစ်သည့်အတွက် အတည်မပြုရသေးမီ အကြံပြုတင်ပြချက်များပေးရန် လိုအပ်ကြောင်းတို့ကို ဘားကမ့် ရန်ကုန် ၂၀၁၃ တွင်ဆွေးနွေးသွားကြောင်း သိရသည်။

YC

       *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment