Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၇.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပြည်ထောင်စုအနေ့အခမ်းအနားကျင်းပရန် တိုင်းရင်းသားလက်နက်ကိုင်များကိုပါ ဖိတ်ကြားမည်
  2. ကချင်ပြည်နယ်တွင်း နှစ်ဘက်ထိုးစစ်ဆင်မှုရပ်တန့်ရေးမှာ ငြိမ်းချမ်းရေးအတွက်အဓိကကျကြောင်း ABSDF ထုတ်ပြန်
  3. ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ပြုလုပ်ရန် မြေနေရာများတောင်းဆို
  4. ပြည်တွင်းမီဒီယာလုပ်ငန်းအားကာကွယ်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တိုင်းရင်းသားဘာသာ သတင်းဂျာနယ်များ ထုတ်ဝေခွင့်မပြု
  5. ၂၀၁၅ တွင်ရွေးကောက်ပွဲစနစ် ပြောင်းလဲရေးနှင့်ပတ်သတ်၍ လွှတ်တော်ကိုယ်စားလှယ်များကြား သဘောထားကွဲလွဲ

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပြည်ထောင်စုအနေ့အခမ်းအနားကျင်းပရန် တိုင်းရင်းသားလက်နက်ကိုင်များကိုပါ ဖိတ်ကြားမည်

လာမည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အပစ်အခတ်ရပ်စဲရေး သဘော တူညီ ချက် မရရှိသေးသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) အပါအဝင် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ဖိတ်ကြား၍ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ဖိတ်ကြားရခြင်းမှာ နိုင်ငံတော်သမ္မတ အနေဖြင့် တိုင်းရင်းသားများနှင့်ငြိမ်းချမ်းရေးတည်ဆောင်ခြင်းမှာ ပာန်ပြမပာုတ်ဘဲ တိုင်းရင်းသားများ၏အရေးကို အဓိကထားကြောင်း သဘောကို ဖော်ပြလို သည့်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့မှ တရုတ် နိုင်ငံ၊ ရွှေလီမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်ခဲ့ပြီး နှစ်ဖက် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ဖေဖော်ဝါရီလမကုန်မီ ဆက်လက် ဆွေးနွေးသွားရန် အပါအဝင် အချက်(၅)ချက်ကို သဘောတူညီခဲ့သည်။

ထို့ပြင် အစိုးရမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့၏ နိုင်ငံရေး အကြိုဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်စေရေးအတွက် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ကိုဖိတ်ခေါ်ထားကြောင်း သိရသည်။

YC

   ---------------------------------------------------------------------------------------------

ကချင်ပြည်နယ်တွင်း နှစ်ဘက်ထိုးစစ်ဆင်မှုရပ်တန့်ရေးမှာ ငြိမ်းချမ်းရေးအတွက်အဓိကကျကြောင်း ABSDF ထုတ်ပြန်

ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့၏ နှစ်ဘက်ထိုးစစ်ဆင်မှုများ ရပ်တန့်ရေးမှာ ငြိမ်းချမ်းရေး အတွက်အဓိကကျ သည်ပာု ရှုမြင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF မှ ဖေဖော်ဝါရီ လ ၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ABSDF အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ  ဖြစ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ရေးနှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်၊ အစိုးရ၏ငြိမ်းချမ်းရေးအဖွဲ့နှင့် နှစ်ဖက်နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် ပြည်သူများရှေ့၌ ဂုဏ်သိက္ခာရှိရှိဆောင်ရွက်နိုင်ရန်နှင့် တစ်ပြည်လုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်လာနိုင်စေရန် ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် အခိုင်အမာလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

ထို့ပြင် အစိုးရအနေဖြင့် လက်ရှိ နိုင်ငံတွင်းဖြစ်ပေါ်နေသော ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတို့၏ အခြေခံ ရပိုင်ခွင့်ဆိုင်ရာ လှုပ်ရှားမှုများ အပေါ် လူထုဆန္ဒ သဘောထား နှင့်အညီ ညှိနှိုင်းဆွေးနွေး အဖြေရှာ၍ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများကို အရှိန်အပာုန်မြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တိုက်တွန်းထားသည်။

ထို့ပြင် ပြီးခဲ့သည် ၈၈ အရေးအခင်းတွင်ပြန့်ကျဲသွားသော အင်အားစုအသီးသီးမှပုဂ္ဂိုလ်များအား ပြန်လည်စုစည်းနိုင်ရေး အတွက်လည်း ပြည်တွင်း၊ ပြည်ပဒီမိုကရေစီအင်အားစုများ နှင့်အတူ ABSDF မှလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YC

                                        ---------------------------------------------------------------------------------------------

ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ပြုလုပ်ရန် မြေနေရာများတောင်းဆို

ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ သက်ဆိုင်ရာတာဝန်ရှိ သူများထံတွင် မြေလွတ်မြေနေရာစာရင်းကို တောင်းခံထားကြောင်း မြန်မာရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြော ကြားသည်။

ထိုသို့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးရာတွင် ပြည်သူကောင်းစားရေးအတွက် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် ရင်းနှီး မြှုပ်နှံသူများကိုသာ အဓိကစဉ်းစားပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြေလွတ်မြေနေရာစာရင်း ကောက်ယူရာတွင် အခြေခံပြည်သူလူထု၏ စားဝတ်နေရေးအတွက် လုပ်ငန်း လုပ်ကိုင်နေသည့် မြေနေရာများကို ထည့်သွင်းကောက်ခံသွားမည်မပာုတ်ဘဲ ယခင် လုပ်ငန်းလုပ်ကိုင်ရန် မြေနေရာတောင်းခံခဲ့သော်လည်း  လုပ်ငန်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသည့် မြေနေရာများကို သေချာစွာ စိစစ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်  အဆမတန်ကြီးမြင့်လျက်ရှိသည့် မြေတန်ဖိုးများကို တန်ဖိုးတစ်ခု သတ်မှတ်၍ တည်ငြိမ်နိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

                            ---------------------------------------------------------------------------------------------

ပြည်တွင်းမီဒီယာလုပ်ငန်းအားကာကွယ်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တိုင်းရင်းသားဘာသာ သတင်းဂျာနယ်များ ထုတ်ဝေ ခွင့်မပြု

ပြည်တွင်းမီဒီယာနှင့် စာနယ်ဇင်းလုပ်ငန်းများအား ကာကွယ်နိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာတို့ဖြင့်ထုတ်ဝေမည့် သတင်းစာ၊ ဂျာနယ်များအား ထုတ်ဝေခွင့်မပြုထားကြောင်း သိရသည်။

ထိုသို့ ပြည်တွင်းမီဒီယာကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရပ်တည်နေ သည့် သတင်းဂျာနယ်များ၏ သတင်းဖလှယ်ခြင်းနှင့် သတင်းသင်တန်း ပေးခြင်းများကိုမူ ခွင့်ပြုပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ ၁/၂၀၁၃ အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်မပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများ စာရင်း အမှတ်စဉ် ၂၀ နှင့် ၂၁ တို့၌ ‘ပုံနှိပ်နှင့် အသံလွှင့်မီဒီယာလုပ်ငန်းကို ပူးတွဲလုပ်ကိုင်ခြင်း’ ‘ မြန်မာအပါအဝင် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော အချိန်မှန်ထုတ် စာနယ်ဇင်း ပုံနှိပ်ဖြန့်ချိခြင်းများ’ ဟု ထည့်သွင်းဖော်ပြထားသည်။

ယူနက်စ်ကိုအဖွဲ့ကြီးက သတ်မှတ်ထားသည့် မီဒီယာဖွံ့ဖြိုးမှု စံငါးရပ် (Media Development Indicators)ထဲတွင် မတူကွဲပြားသော မီဒီယာများ ပေါ်ပေါက်ရေးနှင့် တန်းတူညီမျှရှိသော စီးပွားရေးလုပ်ကွက်နှင့် ပွင့်လင်းမြင်သာသော ပိုင်ဆိုင်မှု( Pleurality and Diversity of Media, a level economic playing field and transparency of ownership) နှင့် လွတ်လပ်သောမီဒီယာများပေါ်ပေါက်လာစေရန် အခြေအနေကောင်းများ လုံလောက်စွာ ဖန်တီးပေးနိုင်ရေး (Infrastructure capacity is sufficient to support independent and pleuralistic media) ဟူ၍ ပါရှိကြောင်း၊ အဆိုပါနှစ်ချက်ကို ဆောင်ရွက်နိုင်ရန်အတွက် မီဒီယာအပြန်အလှန်ပိုင်ဆိုင်မှု (Cross Ownership) နှင့် တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်ဝေမှုများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံ ခြင်းအား ခွင့်မပြုခြင်းဖြစ်သည်ဟု ဦးရဲထွဋ်က ပြောကြားခဲ့ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် ပြည်တွင်း၌ နိုင်ငံခြား FECM ကုမ္ပဏီမှ ၄၉ ရာခိုင်နှုန်း၊ မြန်မာရင်းနှီးမြှုပ်နှံသူ စွယ်စုံမီဒီယာဂရုမှ ၅၁ ရာခိုင်နှုန်းဖြင့် ထုတ်ဝေလျက် ရှိသည့် မြန်မာတိုင်းမ်ဂျာနယ်အနေဖြင့် မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာများဖြင့် သတင်းစာထုတ်ဝေခွင့် ရရှိနိုင်မည်မပာုတ်ကြောင်း သိရသည်။

YC

                                                    ---------------------------------------------------------------------------------------------

၂၀၁၅ တွင်ရွေးကောက်ပွဲစနစ် ပြောင်းလဲရေးနှင့်ပတ်သတ်၍ လွှတ်တော်ကိုယ်စားလှယ်များကြား သဘောထားကွဲလွဲ

လာမည့် ၂၀၁၅ ခုနှစ်၌ ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံးခဲ့သည့် မဲအများဆုံး ရရှိသူတစ်ဦးသာ ကိုယ်စားလှယ်ဖြစ်သည့်စနစ်(First-Past-The-Post)အစား မဲအရေအတွက်ကိုသာအခြေခံ၍ ကိုယ်စားလှယ်ရွေးချယ်သည့် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) ကို ပြောင်းလဲကျင့်သုံးရေးနှင့် ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအကြား သဘောထားကွဲလွဲလျက်ရှိကြောင်း သိရသည်။

အချိုးကျကိုယ်စားပြု(PR)စနစ်မှာ ပါတီခေါင်းဆောင်ပေါ်မူတည်၍ ပြည်သူကမဲပေးရခြင်းဖြစ်ပြီး ထိုစနစ်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးဆောင်ရွက်သွားပါက ညွန့်ပေါင်းအစိုးရဖွဲ့ခြင်းကို လက်ခံရမည်ဖြစ်သည့်အတွက် ၎င်းတို့ပါတီအနေဖြင့် အကျိုးမယုတ်နိုင်စေကြောင်း သင်္ဃကျွန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီအနေဖြင့်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြု(PR)စနစ် ကျင့်သုံးဆောင်ရွက် သွားပါက လက်ခံနိုင်ကြောင်းနှင့် အဆိုပါစနစ်ကျင့်သုံးပါက ၎င်းတို့ပါတီအနေဖြင့် အကျိုးယုတ်နိုင်မည်မပာုတ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီမှ ပန်းတနော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ညဏ်က ပြောကြားခဲ့သည်။

သို့သော် အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်ကြောင့် လွှတ်တော်တွင်း နိုင်ငံရေးရိုးသားမှု မရှိသည့် ခရိုနီများပါ လွှတ်တော်တွင်း ရောက်လာနိုင်စေ ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ(PR)စနစ်မှာ ဒီမိုကရေစီနုနယ်သောနိုင်ငံများတွင် ပါတီနှင့် မဲဆန္ဒရှင်ပြည်သူများအကြား ရှုပ်ထွေးစေနိုင်သည့်အတွက် လက်ရှိအချိန်တွင် ကျင့်သုံးရန်မသင့်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ မဟာအောင်မြေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားခဲ့သည်။

မြန်မာ့အရေးလေ့လာသူများကမူ အချိုးကျကိုယ်စားပြု(PR)စနစ်နှင့်ပတ်သက်၍ ယင်းစနစ်မှာ ပါတီတစ်ခုတည်းမှ အပြတ်သတ်အနိုင်ရမှုကို ထိန်းနိုင်မည်ဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးစုပါတီငယ်များလည်း လွှတ်တော်တွင်း၌ နေရာပိုမိုရရှိလာနိုင်စေမည်ဖြစ်ကြောင်း သုံးသပ်ပြောကြား ခဲ့သည်။

YC

 

                                                 *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment