Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၈.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပြည်ထောင်စုအဆင့်ကော်မရှင် ပန်ကြားချက်အား ဌာနဆိုင်ရာအဖွဲ့စည်းများက လေးစားလိုက်နာမှုအားနည်း  
  2. မြန်မာ-အီးယူ ကုန်သည်၊ စက်မှုလုပ်ငန်းရှင်အသင်းဖွဲ့စည်းရန် ဆွေးနွေး
  3. ထိုင်း - မြန်မာနယ်စပ်ဒုက္ခသည်များအား အမိနိုင်ငံသို့ ပွင့်လင်းမြင်သာမှုရှိစွာ ပြန်လည်ပို့ဆောင်ရန်လို
  4. အီလက်ထရွန်းနစ်ဥပဒေနှင့်ပတ်သက်၍ ကျွမ်းကျင်သူအသိုင်းအဝိုင်းက ဝန်ကြီးအဖြေအပေါ် လက်မခံ

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပြည်ထောင်စုအဆင့်ကော်မရှင် ပန်ကြားချက်အား ဌာနဆိုင်ရာအဖွဲ့စည်းများက လေးစားလိုက်နာမှုအားနည်း

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော လယ်ယာမြေနှင့်အခြားမြေယာ သိမ်းဆည်းခံရမှုများအတွက် တောင်သူများနှင့်ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရန်ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့်ရှိ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်၏ ပန်ကြားချက်၊ ထုတ်ပြန်ချက်များအား သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ အစည်းများမှ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာ့လယ်ယာသိမ်းဆည်းမှုများတွင်ပါဝင်သော နိုင်ငံတော်၏အစိုးရတပ်မတော်ကုမ္ပဏီများမှာလည်း ပြည်သူ့လွှတ်တော်မှဖွဲ့စည်းထားသည့်ကော်မရှင်၏ အကြောင်းကြားချက်၊ ပန်ကြားချက်များကို လေးစားလိုက်နာမှုမရှိကြောင်း သိရသည်။ ထို့ကြောင့် ပွင့်လင်းမြင်သာမှုမရှိသော လယ်ယာသိမ်းဆည်းမှုများအားဖြေရှင်းနိုင်ရန် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရပိုင်ကုမ္ပဏီများ လိုက်နာရမည့်ဥပဒေတစ်ရပ် လိုအပ်လာပြီဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း အများဆုံးတိုင်ကြားခံရဆုံးမှာ လယ်ယာမြေနှင့်အခြားမြေသိမ်းဆည်းခံရမှုများဖြစ်သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ထွန်းလာနိုင်ရန် ပြည်ထောင်စုအဆင့်ရှိ  လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင် အကြံပြုချက်၊ ဆုံးဖြတ်မှုများအတိုင်း နိုင်ငံတော်အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်မှ စီမံကိန်းများလုပ်ဆောင်ရန်ပာုအကြောင်းပြကာ ၁၉၉၀ ပြည့်နှစ်မှစတင်၍ လယ်ယာမြေနှင့်အခြားမြေများကို တပ်မတော်နှင့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များမှသိမ်းယူခဲ့သော်လည်း အချို့နေရာများတွင် စီမံကိန်းအမှန်တကယ်လုပ်ဆောင်ခြင်းမရှိဘဲ လယ်ယာမြေများ သိမ်းဆည်းထားကြောင်း သိရသည်။    

YC

  ------------------------------------------------------------------------------------------------------

မြန်မာ-အီးယူ ကုန်သည်၊ စက်မှုလုပ်ငန်းရှင်အသင်းဖွဲ့စည်းရန် ဆွေးနွေး

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုပြုလုပ်ထားသည့် ဥရောပသမဂ္ဂ(EU)နိုင်ငံမှ မြန်မာနိုင်ငံရှိကုန်သည်များနှင့် ပူးပေါင်း၍ မြန်မာ-အီးယူ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဖွဲ့စည်း တည်ထောင်နိုင်ရန် အီးယူနိုင်ငံရှိ တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီဌာနသို့ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-အီးယူ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတည်ထောင်နိုင်ရန် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် လုပ်ထုံးလုပ်နည်းများကို မေးမြန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့မှုအား EU နိုင်ငံများက အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၀၄၊ ၂၀၀၅ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့သည့် စီးပွားရေးပိတ်ဆို့မှုများကို ဆိုင်းငံ့ပေးခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်း၊ ဗီဇာပိတ်ပင်ထားသည့် မြန်မာအစိုးရအရာရှိအချို့ကိုလည်း ဗီဇာပြန်ဖွင့်ပေးခြင်းတို့အပြင် အီးယူနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပို့ကုန်များအပေါ်ပေးသည့် အကောက်ခွန်ကင်းလွတ်ခွင့်(GSP)ကိုလည်း မြန်မာနိုင်ငံအား ပြန်လည်ပေးအပ်တော့မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် ယူရိုသန်း ၁၅၀ ကို ၂၀၁၂၊ ၂၀၁၃ ခုနှစ်အတွက် EU နိုင်ငံက ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YC

                         --------------------------------------------------------------------------------------------------

ထိုင်း - မြန်မာနယ်စပ်ဒုက္ခသည်များအား အမိနိုင်ငံသို့ ပွင့်လင်းမြင်သာမှုရှိစွာ ပြန်လည်ပို့ဆောင်ရန်လို

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကိုးခုတွင် နေထိုင်လျက်ရှိသော မြန်မာဒုက္ခသည်တစ်သိန်း ခြောက်သောင်းခန့်ကို အမိမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာနိုင်ငံအစိုးရ၊ ထိုင်းအစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) တို့မှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါဒုက္ခသည်များအား ပြန်လည်ပို့ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည့်အပြင် ၎င်းတို့၏ သဘောထားကိုလည်း ရယူရန်လိုအပ်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ခေါင်းဆောင် မခင်ဥမ္မာက ပြောကြားသည်။

ထိုင်းအစိုးရမှ ဒုက္ခသည်စခန်းများရှိ မြန်မာပြည်သူများအား ဆက်၍နေထိုင်ရန်၊ အမိနိုင်ငံသို့ပြန်သွားရန်နှင့် တတိယနိုင်ငံသို့သွား၍ အခြေချ နေထိုင်ရန် စစ်တမ်းကောက်ယူလျက်ရှိသည့်အတွက် အဆိုပါဒုက္ခသည်များမှာ စိတ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြန်မာဒုက္ခသည်များအား နေရပ်သို့ပြန်လည်ပို့ဆောင်ရေးတွင် အဓိကအခက်အခဲတစ်ခုမှာ အဆိုပါဒေသများတွင် မြန်မာအစိုးရ၏ တပ်မတော်ဆက်လက်တည်ရှိနေသည့်အတွက် ၎င်းတို့၏အကြမ်းဖက်မှုကို ခံစားခဲ့ရသောဒုက္ခသည်များမှာ နေရပ်သို့ပြန်လာမည်မပာုတ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဖီးလ်ရော်ဘတ်ဆင်က ပြောကြားသည်။

ထို့ပြင် ဒုက္ခသည်များ နေရာပြန်လည်ပို့ဆောင်ပေးနိုင်ရန် UNHCR နှင့် လူထုအခြေပြုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် လပိုင်းအတွင်းက မြန်မာနယ်ခြားစောင့်တပ်နှင့် DKBA တို့၏ ဆက်ဆံရေးအခြေအနေ တင်းမာမှုမျာအပေါ်တွင် ဒုက္ခသည်များမှာ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

YC

----------------------------------------------------------------------------------------------------------

အီလက်ထရွန်းနစ်ဥပဒေနှင့်ပတ်သက်၍ ကျွမ်းကျင်သူအသိုင်းအဝိုင်းက ဝန်ကြီးအဖြေအပေါ် လက်မခံ

သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်၏ အီလက်ထရွန်းနစ်ဥပဒေကိုဖျက်သိမ်းပေးရန်အဆိုအား သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဋ္ဌာန ဒုဝန်ကြီးဦးသောင်းတင်၏ ဥပဒေသစ်အတည်ပြုပြဋ္ဌာန်းပြီးမှသာ လက်ရှိအီလက်ထရွန်းနစ်ဥပဒေအား ရုတ်သိမ်းမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်ကို ကျွမ်းကျင်သူအသိုင်းအဝိုင်းက လက်မခံနိုင်ကြောင်း သိရသည်။

လွှတ်တော်အတွင်း၌ ဤဥပဒေနှင့်ပတ်သက်၍ ထပ်မံဆွေးနွေးသင့်ပြီး အသစ်ထွက်ပေါ်မည့် ဆက်သွယ်ရေး ဥပဒေကို လည်း အမြန်အကောင်အထည်ဖော်သင့်ကြောင်းနှင့် ဥပဒေဟောင်းမှာ ယေဘုယျသတ်မှတ်ထားခြင်းဖြစ်သည့် အတွက် ယင်းဥပဒေ၏ သတ်မှတ်ချက်များမှာ ယခုခေတ်အင်တာနက်သုံးသူများနှင့် တစ်ယောက်မှ မလွတ်ကင်းတော့ ကြောင်း ကွန်ပြူတာလုပ်ငန်းကျွမ်းကျင် ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

 ထို့ကြောင့် အစိုးရက အရေးယူချင်လျှင် တရားဝင် အရေးယူနိုင်ခွင့်ရှိနေသောကြောင့် အီလက်ထရွန်းနစ်ဥပဒေ အား အသစ်မပြဋ္ဌာန်းခင်တွင်ပင် ရုတ်သိမ်းသင့်ကြောင်း ယင်းမှ ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အီလက်ထရွန်းနစ်ဥပဒေက အခြေခံဥပဒေနှင့် မကိုက်ညီသောအချက်များ ပြဋ္ဌာန်းထားသည်ကိုတွေ့ရပြီး ထိုဥပဒေပြဋ္ဌာန်းချက်အား လိုသလိုချဲ့ထွင် အသုံးပြုနိုင်သည့်အချက်များ ရှိနေကြောင်း၊ အထူးသဖြင့် နိုင်ငံရေးရည်မှန်းချက်နှင့် သုံးနိုင်သည့်အချက်များတွင် ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဒုဝန်ကြီးက အီလက်ထရွန်းနစ်ဥပဒေအား ဖျက်သိမ်းလိုက်ပါက ယင်းဥပဒေနှင့် အလုပ်လုပ်နေကြသောလုပ်ငန်းများတွင် အဟန့်အတား ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

                  *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment