Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၉.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. လူ့အခွင့်အရေးအုပ်စုများက ကုလကိုယ်စားလှယ်၏  မြန်မာနိုင်ငံအပေါ် သတိပေးချက်များကိုထောက်ခံ

(18 February 2013 ရက်စွဲပါ VOA မှ Ron Corbon ရေးသားသော Rights Groups back UN envoy’s warning on Burma ကို ဘာသာပြန်ဆို ပါသည်)

  1. လာအို-မြန်မာ ချစ်ကြည်ရေးတံတား စတင်ဆောက်လုပ်

(18 February 2013 ရက်စွဲပါ Bangkok Post မှ Laos, Myanmar begin bridge ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့ ဓါတ်ငွေ့လျှော့ချ ပို့လွှတ်မှုက ထိုင်းနိုင်ငံကို စိုးရိမ်မှု ဖြစ်ပေါ်စေ

(15 February, 2013 ရက်စွဲပါ Bangkok Post မှ "Myanmar gas cutback a worry" သတင်းကို ဘာသာပြန်ဆိုပါသည်။)

  1. မြန်မာဆိုတဲ့ စီးပွားရေးနယ်မြေသစ်တစ်ခု

(ဟောင်ကောင်သတင်းစာ The Standard မှ 18 Feb 2013 ရက်စွဲပါ City Talk ကဏ္ဍမှ Burma, the new business frontier ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

လူ့အခွင့်အရေးအုပ်စုများက ကုလကိုယ်စားလှယ်၏  မြန်မာနိုင်ငံအပေါ် သတိပေးချက်များကိုထောက်ခံ

(18 February 2013 ရက်စွဲပါ VOA မှ Ron Corbon ရေးသားသော Rights Groups back UN envoy’s warning on Burma ကို ဘာသာပြန်ဆို ပါသည်)

photo credit - The Irrawaddy

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ကျူးလွန်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်၏ သတိပေးချက်များကို အာရုံပြုကြရန် လိုအပ်ကြောင်း လူ့အခွင့်အရေးအုပ်စုများနှင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်သူများက ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana သည် မြန်မာနိုင်ငံသို့ ငါးရက်ကြာ ခရီးစဉ်ပြီးဆုံးခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံသည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှေ့ဆက်သွားနေသော်လည်း၊ လက်ရှိ လူ့အခွင့်အရေးချိုးဖောက်နေမှုများအပေါ် အရေးတကြီးကိုင်တွယ် အရေးယူရန် လိုအပ်ကြောင်း ဆိုပါသည်။

Quintana သည် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အင်းစိန်ထောင်ရှိ လက်ရှိထောင်ထဲမှ ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့ အကြီးတန်းပုဂ္ဂိုလ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဖြင့်တွေ့ဆုံခဲ့ပါသည်။

၎င်းသည် ရခိုင်ပြည်နယ်သို့လည်း သွားရောက်ခဲ့ရာ ယမန်နှစ်က မူဆလင်နှင့် ဗုဒ္ဓဘာသာရခိုင်များကြား ဖြစ်ပွါးသောဖြစ်ရပ်ကြောင့် လူပေါင်း (၁၂၀၀၀၀) ခန့်မှာ အိုးမဲ့၊အိမ်မဲ့ ဖြစ်ဆဲဖြစ်ပါသည်။ မူဆလင်များ၏ စခန်းများတွင် အခြေအနေများတိုးတက်လာသော်လည်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ မလုံမလောက်ဖြစ်နေ ဆဲဟု ၎င်းကဆိုပါသည်။

Alternative ASEAN Network မှ ပြောခွင့်ရပုဂ္ဂိုလ် Debbie Strthard က ပြောကြားရာတွင် Quintana ၏ မူလအစီရင်ခံစာတွင် လူ့အခွင့်အရေးကိစ္စများ ကိုင်တွယ်ရာတွင် တိုးတက်မှုမရှိခြင်းနှင့် စစ်တပ်၏အရေးယူခြင်းမခံရသော ကျူးလွန်မှုများရှိနေဆဲဖြစ်နေမှုများအား ဖော်ပြထားသည် ဟုဆိုပါသည်။

“Mr.Quinatana ရဲ့ ခရီးစဉ်ကနေ သိလိုက်ရတာကတော့ မြန်မာနိုင်ငံမှာ အရေးပါတဲ့ လူ့အခွင့်အရေး ပြဿနာတွေ မကိုင်တွယ်နိုင်သေးဘူး ဆိုတာရယ်၊ အများကြီး လုပ်စရာတွေကျန်သေးတယ်ဆိုတာရယ်ပါပဲ” ဟု Stothard ကပြောပါသည်။ “မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေအပေါ် သိပ်အကောင်းမြင်လွန်းနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် သူ့ရဲ့ ခရီးစဉ်ဟာ အလေးအနက်ထားရမယ့် ကိစ္စတွေကို တပ်လှန့်လိုက်တာ ဖြစ်ပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ်။” ဟု ၎င်းကပြောပါသည်။

Quintana သည် မြန်မာစစ်တပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်သို့လည်း သွားရောက်ခဲ့ပါသည်။ ၎င်းက အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေမှုများ၏ တိုးတက်ဖြစ်ပေါ်နေမှုများကို အားတက်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ၎င်းက ကေအိုင်အေဟု စွပ်စွဲခံရသော ကချင်လူမျိုးများအပေါ် မြန်မာစစ်တပ်ကမတရားဖမ်းဆီးနှိပ်စက်နေမှုများ ဆက်လက်ရှိနေခြင်းအပေါ် စိုးရိမ်မှုပိုမိုလာကြောင်း ဖော်ပြခဲ့ပါသည်။

၎င်းကမြန်မာစစ်တပ်ရော အစိုးရတပ်မဟုတ်သော လက်နက်ကိုင်အုပ်စုများကိုပါ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန်တောင်းဆိုခဲ့ပါသည်။

International Commission of Jurists မှ အရှေ့တောင်အာရှ ကိုယ်စားလှယ်  Benjamin Zawacki ကပြောကြားရာတွင် Quintana အနေဖြင့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်ရသည်မှာ အပေါင်းလက္ခဏာဆောင်သည်ဟု ဆိုရမည်ဖြစ်သော်လည်း မြန်မာအစိုးရသည် ၎င်းဖော်ပြသော နယ်စပ်မှ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ဆိုပါသည်။

“ပြောရမယ်ဆိုရင် သူဟာ ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ သွားရောက်လေ့လာခွင့်ရခဲ့တာပေါ်မှာ သူရဲ့အရေးကြီးတယ်လို့ ထင်တဲ့ ထင်မြင်ယူဆချက်တွေကို ပြောခဲ့ပါတယ်။ တိုင်းပြည်ဟာ ပိုကောင်းတဲ့ဖက်ကိုပြောင်းနေတယ်ဆိုတဲ့ လက်ရှိပြောဆိုနေမှုတွေနဲ့တန်ပြန်ပြီး ပြောခဲ့ရာမှာ၊ တိုင်းရင်းသားဒေသနှစ်ခုမှာ ပြောင်းလဲနေတာတွေ၊ တကယ်တမ်း အခြေအနေပိုဆိုးသွားတာတွေကို ပြောင်းနေတာကို ထောက်ပြခဲ့တာပါ။”ဟု Zawacki က ပြောပါသည်။

Human Rights Watch မှ အာရှဒုတိယဒါရိုက်တာ Phil Robertson ကပြောကြားရာတွင် မြန်မာနိုင်ငံမှာ တိုးတက်လာတယ်လို့ ဆိုရမယ့် တစ်ခုတည်းသော ကိစ္စကတော့ အကျဉ်းထောင်တွေကို ICRC ကသွားရောက် ခွင့်ရခြင်းဖြစ်သည်ဟု ပြောပါသည်။

Robertson က ပြောကြားရာတွင် မြန်မာအာဏာပိုင်များသည် ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်များကို မှေးမှိန်အားနည်းအောင် တွန်းအားပေးနေကြသည်ဟု ဆိုပါသည်။ သို့သော် ၎င်းတို့သည် အခြားအဓိကကုလသမဂ္ဂအဖွဲ့ဝင်များကို Quintana အပေါ် မယုံကြည်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။

“ရှင်းရှင်းလင်းလင်းသိလာရတဲ့အချက်ကတော့ သူတို့ဟာ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အီးယူ သို့မဟုတ် မြောက်အမေရိကနိုင်ငံတွေ သို့မဟုတ် ဂျပန်ကို ဖိအားလျှော့ပေးရေး စဉ်းစားလာအောင် မလုပ်နိုင်သေးပါဘူး” ဟု Robertson ကပြောပါသည်။

Quintana သည် လာမည့်လတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သော အစီရင်ခံစာအပြည့်အစုံကို ကုလသမဂ္ဂသို့ တင်သွင်းလိမ့်မည်ဟု မျှော်လင့်ရပါသည်။

----------------------------------------------------------------------------------------------------------

လာအို-မြန်မာ ချစ်ကြည်ရေးတံတား စတင်ဆောက်လုပ်

(18 February 2013 ရက်စွဲပါ Bangkok Post မှ Laos, Myanmar begin bridge ကိုဘာသာပြန်ဆိုသည်)

လာအိုနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံပထမဆုံး ဆက်သွယ်သော ပထမဆုံးတံတားကိုစတင် ဆောက်လုပ်နေပြီး ၂၀၁၅ တွင် ပြီးစီးမည်ဟု ခန့်မှန်းပါသည်။

လာအို-မြန်မာ ချစ်ကြည်ရေး တံတားသည် မဲခေါင်မြစ်ပေါ်တွင်ရှိပြီး လာအို၏ Luang Namtha ပြည်နယ်နှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တို့ကို ဆက်သွယ်ထားပြီး ပန္နက်တင်အခမ်းအနားကို စနေနေ့က ပြုလုပ်ခဲ့သည်ဟု Vientiane Times မှ တနလာင်္နေ့က ဖော်ပြခဲ့ပါသည်။

ဆောက်လုပ်မည့် ကုန်ကျငွေသည် အမေရိကန်ဒေါ်လာ (၁၈) သန်းရှိမည် ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို တိုးတက်စေမည်ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ Luang Namtha အုပ်ချုပ်ရေးမှူး Phimmasone Leuangkhamma လာအိုပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီး  Sommad Pholpena နှင့်  မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်တို့ တက်ရောက်ခဲ့ပါသည်။

တံတားသည် မီတာ (၆၉၀) ရှည်လျားပြီး (၁၀) မီတာ အကျယ်ရှိကာ ယာဉ်နှစ်စီးသွားလာနိုင်ပြီး၊ လူသွားလမ်းနှစ်ဖက်ပါရှိပါသည်။ တံတားဆောက်လုပ်ချိန်မှာ လ (၃၀) ဖြစ်ပါသည်။

လာအို-မြန်မာ ချစ်ကြည်ရေးတံတား စီမံကိန်းဒါရိုက်တာ Xaysongkham Manotham က တံတားသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံရေးနှင့် ပေါင်းစည်းမှု သင်္ကေတ ဖြစ်သည်ဟုဆိုပါသည်။

----------------------------------------------------------------------------------------------------------

မြန်မာ့ ဓါတ်ငွေ့လျှော့ချ ပို့လွှတ်မှုက ထိုင်းနိုင်ငံကို စိုးရိမ်မှု ဖြစ်ပေါ်စေ

(15 February, 2013 ရက်စွဲပါ Bangkok Post မှ "Myanmar gas cutback a worry" သတင်းကို ဘာသာပြန်ဆိုပါသည်။)

photo credit - Reuters

မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့ ပို့လွှတ်မှုသည်  ပူပြင်းသောရာသီ ဓါတ်ငွေ့လိုအပ်မှု အရှိန်အမြင့်ဆုံးကာလ ဖြစ်သည့် ဧပြီ ၄ ရက်မှ ၁၂ ရက်တွင် ထပ်မံပြတ်တောက်လိမ့်မည်ဟု ခန့်မှန်းကြောင်း ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးမှ ပြောကြားသည်။

Pongsak Raktapongpaisalက က စွမ်းအင်နှင့်ပတ်သက်သော မူဝါဒ ချမှတ်သူများသည် လာမည့်နှစ်ပတ်အတွင်း အဆိုပါ အခက်အခဲဖြစ်မည့်ကိစ္စအား ဆွေးနွေးမည်ဖြစ်သည်ဟု ဆိုပါသည်။

ထိုင်းနိုင်ငံသည် ၎င်း၏ တစ်နေ့ သဘာဝဓါတ်ငွေ့သုံးစွဲမှု ပမာဏ၏ ၂၅ရာခိုင်နှုန်း ဖြစ်သည့် ကုဗပေ ၁.၁ ဘီလီယံ ကို မြန်မာနိုင်ငံမှ ရရှိခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ၏ တစ်နေ့လျှင် သုံးစွဲသောသဘာဝဓါတ်ငွေ့ စုစုပေါင်း ပမာဏမှာ ကုဗပေ ၄.၄ ဘီလီယံ ဖြစ်သည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့သော သဘာဝဓါတ်ငွေ့ အများစုမှာ မြန်မာ့အန်ဒမင်ပင်လယ်ပြင်ရှိ ရတနာ နှင့် ရဲတံခွန် လုပ်ကွက်များမှ ထုတ်လုပ်ခြင်း ဖြစ်သည်။

စွမ်းအင်ချွေတာရေး အစီအစဉ်များ မြှင့်တင်နေစဉ်တွင်  သဘာဝဓါတ်ငွေ့မှ ဓါတ်အားပေးစက်ရုံများတွင် အသုံးပြုနိုင်မည့် လောင်စာဆီနှင့် ဒီဇယ်ဆီသို့ ပြောင်းလဲထုတ်လုပ်ရန်လည်းကြိုးစားသွားမည်ဟု ဝန်ကြီးက ပြောပါသည်။

မလေးရှားနှင့်ထိုင်း ဖက်စပ်ဖြစ်သည့် သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေးဧရိယာမှ ဓါတ်ငွေ့ထုတ်လုပ်မှုမှာ ပြီးခဲ့သည့်လက ပင်လယ်ပြင် မတော်တဆဖြစ်မှုကြောင့် ပြတ်တောက်သွားခဲ့ရသော်လည်း ယခုလ အစောပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ထုတ်လုပ်နိုင်ခဲ့သည်။

"ဧပြီလလို ပူပြင်းတဲ့ရာသီဖြစ်ပြီး လျှပ်စစ်ဓါတ်အားလိုအပ်ချက် အလွန်မြင့်မားနေတဲ့ အချိန်မှာဒီလို အခြေအနေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းနိုင်မလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ" ဟု မစ္စတာပွန်ဆက်က ပြောပါသည်။

"ပြီးတော့ ကျွန်တော်တို့ဟာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရာမှာ သဘာဝဓါတ်ငွေ့ကို ၇၀ ရာခိုင်နှုန်းလောက်အထိ မှီခိုနေရာကနေ တခြားလောင်စာတွေကိုသုံးပြီး ထုတ်လုပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ အဖြေရှာဖို့လိုပါတယ်" ဟု ယင်းက ဆက်လက်၍ဆိုသည်။

စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သော PTT Plc မှ အမှုဆောင်အရာရှိချုပ် "ပိုင်လင်းချွတ်ထဝန်" (Pailin Chuchottaworn) က ရတနာနှင့် ရဲတံခွန်လုပ်ကွက်များမှ မလေးရှား ကုမ္ပဏီ "Petronas" နှင့် ပြင်သစ်ကုမ္ပဏီ "Total" တို့ (မှ)၏ ဓါတ်ငွေ့ထုတ်လုပ်မှု တာဝန်ခံများကို ဧပြီလလလယ်တွင် လျှပ်စစ်ဓါတ်အား လိုအပ်ချက် လျော့ကျသည့်အချိန်အထိ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို          ရွှေ့ဆိုင်းထားရန် ပြောကြားခဲ့သည်။

ယင်းက PTT အနေနှင့် ၎င်း၏အဓိက အသုံးပြုသူများဖြစ်သော ထိုင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုအာဏာပိုင်အဖွဲ့ (Egat) နှင့် ရတ်ချာဘူရီ လျှပ်စစ်ထုတ်လုပ်မှုကုမ္ပဏီ (Ratchaburi Electricity Generation Holding Plc) တို့ကို အရန်လောင်စာများ တိုးမြှင့်ထားရန်   ပြောထားခဲ့ကြောင်း ပြောပါသည်။

ထိုင်းနိုင်ငံအနေနှင့် ၂၀၀၉ခုနှစ်က မြန်မာနိုင်ငံမှ ကြိုတင်အသိပေးခြင်းမရှိသော သဘာဝဓါတ်ငွေ့ ဖြတ်တောက်မှုကြောင့် ကြီးစွာသော ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

ဤအတွေ့အကြုံကြောင့် ထိုင်းလျှပ်စစ်ဓါတ်အားထုတ်လုပ်မှု အာဏာပိုင်အဖွဲ့ (Egat) အနေနှင့် ရေအားလျှပ်စစ် ထုတ်လုပ်မှုကို အမြင့်ဆုံး စွမ်းဆောင်ရည်သို့ရောက်အောင် ချဲ့ထွင်ကြိုးပမ်းလျှက်ရှိနေသည်။

----------------------------------------------------------------------------------------------------------

မြန်မာဆိုတဲ့ စီးပွားရေးနယ်မြေသစ်တစ်ခု

(ဟောင်ကောင်သတင်းစာ The Standard မှ 18 Feb 2013 ရက်စွဲပါ City Talk ကဏ္ဍမှ Burma, the new business frontier ကိုဘာသာပြန်ဆိုသည်)

photo credit - Bangkok Post Learning

Cathy Pacific လေကြောင်းလိုင်းက ပြုလုပ်တဲ့ ကောက်တေးပါတီ(Cocktail Party) ပွဲတစ်ခုကို ကျွန်တော် မနေ့က တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ဟောင်ကောင်အခြေစိုက်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Dragonair က အမှုဆောင်အရာရှိချုပ် ပက်ထရစ်ယန်ဝေနဲ့တွေ့လို့ စကားပြောဖြစ်ခဲ့ ပါသေးတယ်။

ယမန်နှစ်က လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် လေကြောင်းလိုင်းလုပ်ငန်းအပေါ် ဖိအားပေးမှုတွေရှိခဲ့တယ်ဆိုပေမယ့်လည်း Dragonair အနေနဲ့ ကောင်းမွန်စွာပဲလည်ပတ်လုပ်ကိုင်နိုင်ခဲ့တယ်လို့ ပက်ထရစ်က ကျွန်တော့်ကိုပြောပါတယ်။ သူ့ရဲ့လေကြောင်းလိုင်းဟာ စီးပွားရေးအင်အား ကြံ့ခိုင်မှုရှိတဲ့ အာရှပစိဖိတ်ဒေသအပေါ် အလေးပေးထားတယ်လို့လည်း ဆိုသွားပါသေးတယ်။

Dragonair ရဲ့ လေကြောင်း စီးပွားရေးလုပ်ငန်းဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အပါအဝင် တခြားနေရာသစ်တွေဆီ ပျံသန်းပေးရင်းနဲ့ လုပ်ငန်းကြီးပွား အောင်မြင်လျက်ရှိပါတယ်။ Dragonair လေကြောင်း မြန်မာနိုင်ငံကို စတင်ပျံသန်းပေးတဲ့အချိန်မှာပဲ ပက်ထရစ်အနေနဲ့ ရန်ကုန်မြို့ကို အလည်အပတ် ရောက်ဖြစ်ခဲ့ပါတယ်။ သူ့လေကြောင်းလိုင်းကို စီးနင်းတဲ့ ခရီးသည်အတော်များများဟာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံကို သွားကြတယ်ဆိုတာလည်း ပက်ထရစ်တစ်ယောက် လေ့လာတွေ့ရှိခဲ့ပါတယ်။

ဟောင်ကောင်မှ မတူညီတဲ့ ကဏ္ဍတွေက စီးပွားရေးလုပ်ငန်းရှင်တွေလည်း စီးပွားရေးအခွင့်အလမ်းသစ်တွေရှာဖွေနိုင်ရေးအတွက် မြန်မာနိုင်ငံကို မကြာခဏ သွားရောက်လည်ပတ်ကြတယ်လို့ ပက်ထရစ်က ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်အစိုးရက သဘောထားပျော့ပျောင်းတဲ့ မူဝါဒပြောင်းလဲကျင့်သုံးလာပြီဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်ဟာ စိတ်ဝင်စားစရာ နေရာသစ်တစ်ခုဖြစ်လာပါတယ်။

ထို့ပြင် မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စု၊ ဂျပန် နဲ့ အခြားအနောက်မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာပြီ ဖြစ်တဲ့အတွက်ကြောင့် အဆိုပါနိုင်ငံတွေအနေနဲ့စီးပွားရေးလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နိုင်ပြီဖြစ်တယ်လို့ ပက်ထရစ်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနိုင်သလို လွပ်လပ်စွာ တရားဟော၊ မိန့်ခွန်းပြောနေတာကိုတွေ့ရတာဟာ တိုင်းပြည်ဟာ နိုင်ငံရေးအရတည်ငြိမ်မှုရှိပြီး စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ စိတ်ချလက်ချလုပ်ကိုင်နိုင်ပြီဆိုတဲ့အချက်ကို ဖော်ပြနေတာပဲလို့ မိတ်ဆွေတစ်ယောက်ကပြောပါတယ်။

အဲဒီ ကောက်တေးပါတီပွဲမှာ ခရီးသွားရတဲ့အလုပ်ကို အင်မတန်ကျွမ်းကျင်ပြီး အချက်အပြုတ်ဝါသနာအိုးကြီးတစ်ယောက်ဖြစ်တဲ့ လီရှန်ယန်းဆိုတဲ့ တစ်ယောက်နဲ့တွေ့ဆုံဖြစ်ခဲ့ပါသေးတယ်။

လီဟာ လတ်တလောနှစ်တွေထဲမှာ နေရာအတော်များများကို ခရီးထွက်ဖြစ်ခဲ့ပေမယ့်လည်း ယခုတရုတ်နှစ်သစ်ကူးအခါသမယမှာတော့ ခရီးမထွက်ဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဆိုရင် TVB အတွက် ခရီးသွားအစီအစဉ်တစ်ရပ်ကို လီက ကမကထပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီ ခရီးသွား အစီအစဉ်ဟာ အင်မတန်စိတ်ဝင်စားစရာလည်းကောင်းပါတယ်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment